စိုက်ပျိုးစွမ်းအား ဆည်တမံများဖြင့် ပြည်ထွန်းကားစေ ဥဿမြေ
မြင့်မြတ်သစ္စာ
ပဲခူးတိုင်းဒေသကြီး၏ မြို့တော်ဖြစ်သည့် ပဲခူးမြို့သည် ရန်ကုန်မြို့မှ ၈၀ ကီလိုမီတာအကွာတွင်တည်ရှိပြီး စိုက်ပျိုးရေးနှင့်မွေးမြူရေးကဏ္ဍတွင် အောင်မြင်ဖြစ်ထွန်းလျက်ရှိသည်။ ထိုသို့ အောင်မြင်ဖြစ်ထွန်းလာခြင်းက ဆည်တမံများ၏ အကျိုးကျေးဇူးကြောင့်ဟု ဆိုရမည်ဖြစ်သည်။
ပဲခူးတိုင်းဒေသကြီးသည် စိုက်ပျိုးရေးကဏ္ဍတွင်နှစ်သီးစားမှ သုံးသီးစားအဖြစ် မြှင့်တင်ဆောင်ရွက်နေသော တိုင်းဒေသကြီးတစ်ခုဖြစ်ပြီး စိုက်ပျိုးရေး ကဏ္ဍအောင်မြင်ဖြစ်ထွန်းရန် ပံ့ပိုးကူညီဆောင်ရွက် ပေးနေသောဆည်တမံများ၏ အခန်းကဏ္ဍသည် အထူးအရေးပါလျက်ရှိသည်။ စိုက်ပျိုးရေးကိုအခြေခံသည် မြန်မာနိုင်ငံတွင် မိုးစပါးကို အများဆုံး စိုက်ပျိုး ကြသည့်နည်းတူ တောင်သူများအထူးအားထားရာ နွေစပါးကိုလည်း နှစ်စဉ်မပြတ် စိုက်ပျိုးလျက်ရှိသည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာနအနေဖြင့် တောင်သူတို့၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုကို အစဉ်အလေးထားဆောင်ရွက်နေသည့် နည်းတူ ပြည်တွင်းစားသုံးမှုနှင့် ပြည်ပပို့ကုန်အတွက် စိုက်ပျိုးထုတ်လုပ်လျက်ရှိသည့် ဆန်စပါးစိုက်ပျိုးမှု ကဏ္ဍတွင်လည်း တောင်သူများလိုအပ်သည့် ဆည် ရေကို အစဉ်မပြတ် ပို့လွှတ်ပေးမှုဖြင့် စိုက်ပျိုးရေး ကဏ္ဍတွင် ဆည်တမံများ၏အခန်းကဏ္ဍသည် အသက်သွေးကြောသဖွယ် အရေးပါလာခြင်း ဖြစ် သည်။
ဆောင်း၏အအေးဓာတ်သည် ရန်ကုန်မြို့ နံနက် ခင်းကို အပြည့်အဝ လွှမ်းခြုံမှုမပေးနိုင်သော်လည်း ဆောင်းရာသီဟူသော ဂုဏ်ကိုထိန်း၍ ဟိုတစ်စ၊ သည်တစ်စဖြင့် သစ်ပင်စုစု နေရာအနီးတစ်ဝိုက်၌ အအေးလှိုင်းနုနုတို့ ရစ်သိုင်းလျက်ရှိသည်။ ရန်ကုန်မြို့သည် မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော်ဖြစ်သည်နှင့်အညီ နံနက်မိုးသောက် အလင်းရောက်သည်နှင့် စက်မှုလုပ်ငန်း၊ စီးပွားရေးလုပ်ငန်း၊ ပို့ဆောင်ရေးလုပ်ငန်း၊ အစိုးရဌာနဆိုင်ရာများနှင့် ပညာရေးကဏ္ဍတို့မှယာဉ်ကြီး၊ ယာဉ်ငယ်များဖြင့်မြို့တွင်း၊ မြို့ပြင်လမ်းမကြီးပေါ်တွင် သွားလာစည်ကားလျက်ရှိသည်။
ရန်ကုန်မြို့မှ ပဲခူးမြို့သို့ထွက်ခွာလာသော စာရေးသူတို့ယာဉ်ငယ်သည် မြို့တွင်းမှ ထောက်ကြံ့လမ်းဆုံကိုဖြတ်သန်းခဲ့ပြီး အမှတ် (၃) လမ်းဆုံသို့ ရောက်ရှိချိန်တွင် အမြန်လမ်းမကြီးနှင့် ရန်ကုန်-ပဲခူးလမ်းသို့ ဖြတ်သန်းသွားလာကြသည့် ယာဉ်များကိုတွေ့ရပြီး ဒီဇင်ဘာလခရီးသွားရာသီတွင် ဘုရားဖူးယာဉ်များနှင့် အပန်းဖြေခရီးသွားယာဉ်များ၊ ကုန်စည် ပို့ဆောင်သောယာဉ်များ၊ အဝေးပြေးယာဉ်များနှင့် ကိုယ်ပိုင်ယာဉ်များ ဥဒဟို သွားလာလျက်ရှိသည်။
ရန်ကုန်တိုးဂိတ် (လှည်းကူး)တွင် ယာဉ်များ ဝင်ရောက်ဖြတ်သန်းလျက်ရှိပြီး နံနက်ခင်း၏ နေရောင်ခြည်အောက်တွင် ရန်ကုန်-ပဲခူးလမ်းမကြီး သည် တောက်ပလျက်ရှိသည်။ တိုးဂိတ်ကိုဖြတ်သန်း ပြီး လှည်းကူးမြို့သို့ ဝင်ရောက်လာချိန်တွင် ဖရဲသီးရောင်းသော ဆိုင်လေးများကိုတွေ့ရပြီး ဤမြို့လေး သည်လည်း စိုက်ပျိုးရေးမပြတ် လုပ်ဆောင်သော မြို့အဖြစ်သတိပြုမိကြသည်။
လှည်းကူး-ဆူးလေပြေးဆွဲသည့် မှန်လုံယာဉ် ဂိတ်ကိုတွေ့ရပြီး ရန်ကုန်မြို့တွင်းနှင့် မြို့ပြင်ခရီးသွားပြည်သူများ အဆင်ပြေချောမွေ့စွာ သွားလာနိုင်ရန် လမ်းပန်းဆက်သွယ်ရေးကဏ္ဍကို မြှင့်တင်ဆောင် ရွက်နိုင်မှုသည် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှု၏ အထောက်အပံ့ကောင်းများအဖြစ် တွေ့မြင်ရလျက်ရှိသည်။ ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ်ရှိ လှည်းကူးမြို့၏ တစ်ဖက်သုံးလမ်းသွား လမ်းမကြီးပေါ်တွင် ယာဉ်များသွားလာလျက်ရှိသည်။
ဖောင်ကြီး-အမှတ်(၂)လမ်းဆုံမှ ရန်ကုန်-ပဲခူး လမ်းပေါ်ရှိ တိုးဂိတ်တစ်ခုကိုဖြတ်သန်းခဲ့ရာ ကားလမ်းဝဲဘက်၌ ရိတ်သိမ်းထားသော မိုးစပါးခင်းများနှင့် ကားလမ်းယာဘက်၌ နှင်းရည်ဆွတ် ဖျန်းထားသည့် ဆောင်းသီးနှံစိုက်ခင်းများမှာ စိမ်းစို လန်းဆန်းလျက်ရှိသည်။ ဇရပ်ကွင်းနှင့်အင်းတကော် မြို့တို့ကို ဖြတ်သန်းခဲ့စဉ် မွေးမြူရေးခြံများနှင့် စက်ရုံ များကိုတွေ့ရပြီး ပဲခူးတိုင်းဒေသကြီးသည် စီးပွားရေး အချက်အချာကျရာ ရန်ကုန်မြို့ကြီးနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်စက်မှုကဏ္ဍတို့တွင် ဟန်ချက်ညီညီလိုက်ပါဆောင်ရွက်နိုင်သော မြို့တစ်မြို့အဖြစ် သတိပြုမိသည်။
မြို့တွင်းလမ်းနှင့် မြို့ရှောင်လမ်းစုံဖြစ်သော ပဲခူးတက္ကသိုလ်လမ်းဆုံတွင် တတိယမြန်မာနိုင်ငံတော်ကို တည်ထောင်ခဲ့သည့်အလောင်းမင်းတရားကြီး ဦးအောင်ဇေယျရုပ်တုကို ခံ့ထည်ဝင့်ကြွားစွာတွေ့မြင်ရပြီး ပြည်တွင်း၊ ပြည်ပခရီးသွားများ သတိပြုနှစ်ခြိုက်စေမည့် မြို့ပြသင်္ကေတအဖြစ် ဂုဏ်ယူဖွယ်တွေ့မြင်ရသည်။
ပဲခူးမြို့အနောက် မြို့ရှောင်လမ်းအတိုင်း ဆက်လက်ထွက်ခွာခဲ့ရာ ပဲခူးစက်မှုဇုန်ကို ဖြတ်သန်းခဲ့ပြီး ထိုကားလမ်းဝဲဘက်ခြမ်းတွင် မဇင်းရေလှောင် တမံဟူသော ဆိုင်းဘုတ်လမ်းညွှန်အတိုင်း ဝင်ရောက်ခဲ့ရာ ကြည်လင်သန့်ရှင်းနေသည့် ရေပြင်ကျယ်ကျယ်ဆည်တမံတစ်ခုကို တွေ့လိုက်ရသည်။ လေတဖြူးဖြူးတိုက်ခတ်နေသည့် မဇင်းရေလှောင် တမံသည် ပဲခူးတိုင်းဒေသကြီး အရှေ့ဘက်ခြမ်း၌ ရှိသော ဆည်တမံများတွင် အရေးပါသည့် ဆည်တမံတစ်ခုလည်းဖြစ်သည်။
နှစ်စဉ်နွေစပါး စိုက်ပျိုးရေးအတွက် အထောက် အပံ့ပြုနေသည့်အပြင် ပဲခူးမြို့သောက်သုံးရေအတွက် ပို့လွှတ်နိုင်ရန် ပြင်ဆင်ဆောင်ရွက်နေသော ဆည်တမံတစ်ခုလည်းဖြစ်သည်။ ဆည်တမံများတွင် စိုက်ပျိုးရေးအတွက် ရေပို့လွှတ်နိုင်ရန် အဓိကတည် ဆောက်ကြသော်လည်း မြို့ပြအတွက်လိုအပ်သည့် သောက်သုံးရေပို့လွှတ်နိုင်သော ဆည်တမံရှားပါးလေ့ရှိရာ ထိုသို့ရှားပါးသော ဆည်တမံတို့တွင် ပဲခူးခရိုင်မှ မဇင်းဆည်တမံလည်း ပါဝင်သည်။ မိတ္ထီလာမြို့အတွက် အရေးပါသောမိတ္ထီလာကန်ကဲ့သို့ ကြည်လင် သန့်ရှင်းနေသောမဇင်းဆည်တမံသည်လည်း ပဲခူးမြို့အတွက် သောက်သုံးရေပို့လွှတ်နိုင်သော ဆည်တမံတစ်ခုအဖြစ် ဂုဏ်တင့်လျက်ရှိသည်။
မဇင်းဆည်တမံသည် ရေဆင်းဧရိယာ ၁၁ စတုရန်းမိုင်ရှိပြီး မြေသားတမံဖြစ်၍ တမံသည် အလျားပေ ၄၁၀၀၊ အမြင့်ပေ ၆၀ ရှိသည်။ ရေပြည့် ရေလှောင်ပမာဏသည် ၂၆၁၈၆ ဧကပေရှိပြီး ကန်ရေသေပမာဏသည် ဧကပေ ၁၉၅၀ ရှိသည်။ ရေပိုလွှဲအကျယ်သည် ပေ ၃၀ ရှိပြီး ရေပိုလွှဲအလျား သည် ၂၈၅ ပေရှိကာ ရေထုတ်ပြွန်အရွယ်အစား အကျယ် လေးပေ၊ အမြင့်ခြောက်ပေဖြင့် ရေထုတ်ပြွန် အလျား ၁၇၀ မှ ရေပို့လွှတ်ပေးလျက်ရှိသည်။ ၁ ဒသမ ၅ မိုင် ရှည်သော တူးမြောင်းမကြီးမှတစ်ဆင့် ၈ ဒသမ ၅ မိုင်ရှိသည့် လက်တံမြောင်း ၁၆ ခုဖြင့် ဆည်ရေသောက်ဧရိယာ ဧက ၆၅၀ နှင့် သီးနှံဧရိယာ ဧက ၆၅၀ တို့ကို ရာသီအလိုက် ရေပို့လွှတ်ပေးလျက် ရှိရာ စိုက်ပျိုးရေပေးဝေမှုသာမက ပဲခူးမြို့ သောက်သုံး ရေအတွက် ပြင်ဆင်ဆောင်ရွက်လျက်ရှိသော နေ့စဉ် ရေဂါလန် ၁၁ သန်း ဖြန့်ဝေပို့လွှတ်နိုင်သည့် ဆည် တမံတစ်ခုလည်းဖြစ်သည်။
နိုင်ငံစီးပွား ဖွံ့ဖြိုးတိုးတက်ရေးအတွက် လင်းရောင်ခြည်များ ပဲခူးခရိုင်နှင့် ညောင်လေးပင် ခရိုင်တို့မှ ဆည်တမံ ၁၃ ခုကို တာဝန်ယူဆောင်ရွက်နေသည့် လက်ထောက်ညွှန်ကြားရေးမှူး ဦးသီဟအောင်က မိုးစပါးအောင်ရေ၊ နွေစပါးနှင့် ဆောင်းသီးနှံတို့အတွက် လိုအပ်သောဆည်ရေ ဖြန့်ဝေပေးနေမှုနှင့် မိုးရာသီရေကြီးရေလျှံဖြစ်ပွား မှုကို ကာကွယ်ပေးနေသည့် ဆည်တမံများနှင့် စပ်လျဉ်း၍ ယခုလိုပြောကြားပါသည်-
“ပဲခူးတိုင်းဒေသကြီးမှာ ပဲခူးခရိုင်အနေနဲ့ ဆည် တမံရှစ်ခုနဲ့ ညောင်လေးပင်ခရိုင်က ဆည်တမံ သုံးခု ကို တာဝန်ယူရပါတယ်။ ပဲခူးခရိုင်မှာဆိုရင် အလိုင်နီ၊ ရွှေပြည်-၃၊ ဇလပ်ထော်၊ မဇင်း၊ ဝါးကတုတ်၊ စလူ၊ ရွှေလောင်း၊ ကိုတူကွဲရေလှောင်တမံနဲ့ ညောင်လေးပင် ခရိုင်မှာဆိုရင် ပျဉ်ပုံကြီး၊ ဘောနီနဲ့ ကောလိယ ရေလှောင်တမံ စတဲ့ရေလှောင်တမံ ၁၃ ခုကို တာဝန် ယူရပါတယ်။ ဆည်တမံ ၁၃ ခုထဲမှာ ကောလိယ ရေလှောင်တမံဟာ ဧက ၁၆၀၀၀၀ ကျော်နဲ့ ရေ သိုလှောင်မှု အများဆုံးဖြစ်ပြီး မိုးယွန်းကြီးကန်ဟာ အကျိုးပြုဧရိယာအများဆုံး ဖြစ်ပါတယ်။ ပဲခူးခရိုင်က မဇင်းဆည်တမံဟာ နွေစပါးစိုက်ခင်းတွေကို အကျိုးပြုနေပြီး အထူးသဖြင့် ပဲခူးမြို့သောက်သုံးရေအတွက် ပေးဝေနိုင်ဖို့ ဆောင်ရွက်နေတဲ့ အကျိုးပြုဆည်တစ်ခု လည်းဖြစ်ပါတယ်။
“ပဲခူးခရိုင်နဲ့ ညောင်လေးပင်ခရိုင်က ဆည်တမံ ၁၃ ခုဟာ ပဲခူးတိုင်းဒေသကြီး အရှေ့ခြမ်းက နွေစပါးနဲ့ ဆောင်းသီးနှံတွေကို အကျိုးပြုနေပါတယ်။ အထူး သဖြင့် ဆည်တမံ ၁၃ ခုမှာ ပဲခူးခရိုင်ဆိုရင် ဧက ၈၀၀၀၀ ကျော်နဲ့ ညောင်လေးပင်ခရိုင်ဆိုရင် ဧက ၆၀၀၀၀ ကျော်ကို အကျိုးပြုနေတာပါ။ ဆည်တမံတွေ မှာ မိုးရာသီမရောက်မီ ဆည်ရေတွေ ပို့လွှတ်ပြီး မိုး ရာသီမှာ ရေသိုလှောင်ပါတယ်။ ရေကြီးနစ်မြုပ်မှု မရှိ အောင် ဆည်တမံတွေမှာ ရေကိုထိန်းညှိပြီး စုဆောင်း ရလေ့ရှိပါတယ်။ ၂၀၂၃ ခုနှစ်ကလို ပဲခူးမှာရေကြီး နစ်မြုပ်မှုမဖြစ်အောင် ၂၀၂၄ ခုနှစ်မှာ ဆည်တမံတွေ မှာ ရေဘေးကာကွယ်ရေးလုပ်ငန်းတွေ မိုးရာသီ မစမီက လုပ်ဆောင်နိုင်ခဲ့တာကြောင့် ပဲခူးမြို့အရှေ့ဘက် ခြမ်း (ရှေးဟောင်းမြို့)ကို ဒီနှစ်မှာ ရေဘေးက ကယ်တင်နိုင်ခဲ့ပါတယ်။ အင်္ဂလိပ်လက်ထက်ကတည်းက တည်ရှိခဲ့တဲ့တာပေါင်တွေကို ၂၀၂၄ ခုနှစ်မှာ တာပေါင် မြှင့်တင်မှုဆောင်ရွက်ခဲ့ပြီး ဆည်တမံတွေမှာ ရေ ထိန်းညှိလုပ်ငန်း ဆောင်ရွက်နိုင်ခဲ့တာကြောင့် ပဲခူးမြို့အရှေ့ခြမ်း ရေကြီးရေလျှံမှုကို မိုးရာသီမှာကြိုတင်ကာကွယ်နိုင်ခဲ့ပါတယ်။
“တောင်သူတွေရဲ့ လူမှုစီးပွားဖွံ့ဖြိုးမှုမှာ စိုက်ပျိုးရေးကဏ္ဍဟာ အရေးပါပါတယ်။ ခရိုင်နှစ်ခုမှာ စိုက်ပျိုးရေးကဏ္ဍအတွက် အဓိကလိုအပ်တဲ့ရေကို ပို့လွှတ်ပေးခြင်းအားဖြင့် နှစ်သီးစားကနေ သုံးသီးစား စိုက်ပျိုးလာတဲ့တောင်သူတွေရဲ့ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်မှုဟာ စိုက်ပျိုးမွေးမြူရေးကို အခြေခံတဲ့နိုင်ငံအနေနဲ့ နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်မှု အတွက် လင်းရောင်ခြည်များဖြစ်တာကြောင့် တောင်သူတွေလိုအပ်တဲ့ဆည်ရေကို အခက်အခဲမရှိအောင် တတ်စွမ်းသမျှ တန်ဖိုးထားဖြည့်ဆည်းပေး နိုင်မှုအပေါ် ဝမ်းသာပီတိဖြစ်ရပါတယ်” ဟု ပြောကြားပါသည်။
ပဲခူးမြို့သည် ဧရိယာအားဖြင့် ၇၁၇၈၆၁ ဧက၊ စတုရန်းမိုင်အားဖြင့် ၁၁၂၁ ဒသမ ၆၆ ကျယ်ဝန်းပြီး အရှေ့ဘက်တွင် ဝေါမြို့နယ်၊ သနပ်ပင်မြို့နယ်၊ အနောက်ဘက်တွင် ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်၊ တိုက်ကြီးမြို့နယ်၊ သာယာဝတီ မြို့နယ်၊ တောင်ဘက်တွင် ကဝမြို့နယ်၊ မြောက်ဘက် တွင် ဒိုက်ဦးမြို့နယ်နှင့် လက်ပံတန်းမြို့နယ်တို့ တည်ရှိသည်။ ပဲခူးမြို့သည် ပဲခူးမြစ်ကို အခြေပြု တည်ရှိပြီး ပဲခူးမြစ်သည် ရိုးမပေါ်ရှိ ဆင်နှာမောင်း တောင်တွင် ဖြစ်ဖျားခံကာ တောင်ဘက်တွင်ရှိသော ရန်ကုန်မြစ်အတွင်းသို့ စီးဆင်းသွားသည်။ ရိုးမ မြောက်ဘက်တွင် မြစ်ဖျားခံသော ကိုလူကွဲချောင်း၊ လက်ပံချောင်း၊ အောင်မြချောင်း၊ ရွှေလောင်းချောင်း နှင့် စလူချောင်းတို့သည်လည်း ပဲခူးမြစ်အတွင်းသို့ ပေါင်းစုံစီးဆင်းပြီး မဇင်းချောင်း၊ ဇလက်ထော် ချောင်းနှင့် ဝင်းဘောဒတ်ချောင်းတို့သည်လည်း ပဲခူးမြစ်အတွင်းသို့ စီးဝင်ကြသည်။
ပဲခူးမြို့သည် မြေနိမ့်ပိုင်းဒေသတွင် တည်ရှိသည့်အတွက် မြစ်ရေကြီးမှုကို ကြုံတွေ့ရလေ့ရှိပြီး မြို့၏ စိုးရိမ်ရေအမှတ်သည် ၈၀၀ စင်တီမီတာဖြစ်၍ မိုးရာသီတွင် ပဲခူးမြစ်ရေတိုးသည့်အတွက် ရေဘေးအန္တရာယ်ကိုလည်း ရင်ဆိုင်ရလေ့ရှိရာ ဆည်တမံများ သည် ရေကြီးရေလျှံဖြစ်ပေါ်မှုနှင့် စိုက်ပျိုးမွေးမြူရေး နှင့် စက်မှုလုပ်ငန်းများမှ ကုန်ထုတ်လုပ်မှုကို နှစ်စဉ် ကာကွယ်ပေးလျက်ရှိသည်။
ပဲခူးခရိုင်အတွင်းရှိ စိုက်ခင်းများ ဆည်ရေမပြတ် ရရှိစေရန်နှင့် သန့်ရှင်းသော သောက်သုံးရေအသုံးပြု နိုင်ရန် ဆောင်ရွက်ပေးနေသည့် မဇင်းဆည်တမံနှင့် စပ်လျဉ်း၍ ပဲခူးမြို့နယ် ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဇော်မျိုးနိုင်က ယခုလိုပြောကြားပါသည် -
“ပဲခူးမြို့နယ်မှာ ကိုယ်ထူကွဲ၊ စလူ၊ ရွှေလောင်း၊ မဇင်း၊ အလိုင်နီ၊ ရွှေပြည်သုံး၊ ဝါးကတုတ်နဲ့ ဇလပ်ထော် ရေလှောင်တမံဆိုပြီး ရေလှောင်တမံရှစ်ခု ရှိပါတယ်။ အဲဒီထဲကမှ ဝါးကတုတ်၊ မဇင်း၊ ဇလပ် ထော်၊ အလိုင်နီနဲ့ ရွှေပြည်သုံး ရေလှောင်တမံငါးခု ကို တာဝန်ယူဆောင်ရွက်ရပါတယ်။ မဇင်းရေလှောင် တမံဟာ ကန်ရေပြည့်သိုလှောင်မယ်ဆိုရင် ၂၆၁၈၆ ဧကပေ ဝင်ဆံ့ပါတယ်။ လက်ရှိမှာ ရာနှုန်းပြည့် သိုလှောင်ထားပြီး အကျိုးပြုဧက ၆၅၀ ကို ရေပို့လွှတ် နိုင်ပါတယ်။ မဇင်းရေလှောင်တမံရဲ့ အဓိကရည်ရွယ် ချက်က မိုးတွင်းကာလမှာ ရေကြီးရေလျှံထိန်းသိမ်းမှု နဲ့ နွေစပါးစိုက်ခင်းရေပေးဝေဖို့ဖြစ်ပြီး နွေစပါးဧက ၆၅၀ ကို ရေပေးဝေဖို့ဖြစ်ပါတယ်။ ပဲခူးမြို့နယ်အတွင်း ၂၀၂၃-၂၀၂၄ ခုနှစ် နွေစပါးရာသီမှာ စိုက်ဧက ၁၉၈၆၀ စိုက်ပျိုးခဲ့ပြီး နိုင်ငံတော်အကြီးအကဲရဲ့ လမ်းညွှန်မှုနဲ့ ၂၀၂၄-၂၀၂၅ ခုနှစ်မှာ နွေစပါး ၂၆၃၂၅ ဧက လျာထား ခဲ့တာကြောင့် မနှစ်ကထက် နွေစပါး ၆၄၆၅ ဧက ပိုမိုတိုးတက် စိုက်ပျိုးနိုင်တဲ့သဘောပါ။
“ပဲခူးတိုင်းအရှေ့ခြမ်း၊ အနောက်ခြမ်းမှာ ဖြစ်နိုင် ရင် ဆည်ရေသောက်ဧက အားလုံးမှာ သုံးသီးစား စိုက်ပျိုးဖို့ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်က မှာကြား ထားတဲ့အတွက် ၂၀၂၃ ခုနှစ်ကစပြီး အကောင်အထည် ဖော်ခဲ့တာ ဒီနှစ်ဆိုရင် နှစ်နှစ်မြောက်ရှိပါပြီ။ ဒီရာသီ က ပထမသီးနှံဖြစ်တဲ့ မိုးစပါးရိတ်သိမ်းခဲ့ပြီး ဒုတိယ သီးနှံဖြစ်တဲ့ ပဲတီစိမ်း၊ မတ်ပဲ၊ မြေပဲတို့ကို ဆောင်း သီးနှံအဖြစ် စိုက်ပျိုးကြပါတယ်။ တတိယသီးနှံဖြစ် တဲ့နွေစပါးကိုတော့ ဖေဖော်ဝါရီ ၁ရက်ကစပြီး စိုက်ပျိုးသွားကြမှာပါ။ အချိန်မီအောင် သက်တမ်းတို ရက် ၉၀ စပါးစိုက်ကြပါတယ်။ တည်ဆောက်ထားတဲ့ ဆည်တမံတွေက တောင်သူနဲ့ပြည်သူတွေအတွက် အကျိုးကျေးဇူးများစွာ ရရှိနေပါတယ်။ မိုးတွင်း ကာလမှာဆိုရင် ဆည်တမံတွေဟာ မိုးရေကို ထိန်းသိမ်းထားတဲ့အတွက် ရေကြီးရေလျှံမှုတွေကို ကာကွယ်ပေးပြီး နွေရာသီဆိုရင် နွေစပါးစိုက်ခင်းအတွက် ရေပေးဝေတာကြောင့် နိုင်ငံအတွက်လည်း အကျိုးကျေးဇူးရရှိစေပါတယ်။ ဆည်တမံတွေမရှိဘူး ဆိုရင် နွေစပါးအတွက် အခက်အခဲရှိပြီး ရေလှောင်တမံတွေက ရေပေးဝေနိုင်မှသာ စိုက်ပျိုးမှုအဆင်ပြေ စေပါတယ်။ နွေစပါးရာသီမှာ ရာသီဥတုဖျက်ဆီးမှု နည်းပါးတဲ့အတွက် တစ်ဧကကို အနည်းဆုံးတင်း ၁၀၀ ထွက်ရှိကြပါတယ်။ ဒီဒေသဟာ ရာသီဥတု အနှောင့်အယှက်မရှိတဲ့အတွက် နွေစပါး အထွက် နှုန်းကောင်းပြီး တောင်သူတွေ အားထားစိုက်ပျိုးတဲ့ နွေစပါးကို ဆည်ရေရရှိမှုနဲ့ တစ်နှစ်ထက်တစ်နှစ် တိုးချဲ့စိုက်ပျိုးလာတာဟာ တိုင်းဒေသကြီးအတွက် အားရစရာပါ။ စိုက်ပျိုးရေးကဏ္ဍမှာ နိုင်ငံတော် အကြီးအကဲနဲ့ တိုင်းဒေသကြီးအစိုးရရဲ့ လမ်းညွှန်မှု၊ မြို့နယ် စိုက်/ကြပ်အဖွဲ့ရဲ့ တိုက်တွန်းနှိုးဆော်မှုတွေကြောင့် စိုက်ဧကတွေ တစ်နှစ်ထက်တစ်နှစ် တိုးချဲ့ စိုက်ပျိုးလာတာဟာ အားရစရာပါပဲ။
“ ဒီနှစ်မှာ ဌာနက မုန်တိုင်းနဲ့ပတ်သက်ပြီး သတိထားရမယ့်အချက်တွေကို ကြိုတင်ထုတ်ပြန် ညွှန်ကြားတဲ့အတွက် မုန်တိုင်းမတိုင်မီ ကာလ ကတည်းက ရေထုတ်ပြွန်ကနေ သင့်တော်တဲ့ ဆည်ရေပမာဏကို ရေထုတ်လျှော့ချထားနိုင်ခဲ့ပြီး မုန်တိုင်းဖြစ်နေတဲ့ကာလမှာလည်း ရေလှောင်တမံ တွေကို ပိတ်ထားနိုင်ခဲ့ပါတယ်။ မိုးရွာတဲ့အခါမှာ ဆည်တမံထဲ သိုလှောင်ထားနိုင်ခဲ့တဲ့အတွက် မိုး ရာသီမှာ ပဲခူးအရှေ့ဘက်ခြမ်းကျေးရွာတွေကို ရေဝင် ရောက်မှုမရှိဘဲ မုန်တိုင်းရဲ့ အကျိုးသက်ရောက်မှုကို ကြီးကြီးမားမား မကြုံတွေ့ခဲ့ရပါဘူး။ မဇင်းဆည် တမံဟာ မြို့သောက်သုံးရေအတွက် တစ်ရက် ရေဂါလန်သန်းပေါင်း ၁၁ သန်းပေးနိုင်ဖို့ ဆောင်ရွက် နေတဲ့ ဆည်တစ်ခုလည်းဖြစ်ပါတယ်။ ဆည်မြောင်း နှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ဝန်ထမ်းတွေ အနေနဲ့ မြို့ပြပြည်သူနဲ့ စိုက်ပျိုးတောင်သူတွေအတွက် ဆည်တမံတွေကနေ အကျိုးရှိရှိ အကျိုးပြုနိုင်မှု အပေါ် ဝမ်းမြောက်ဝမ်းသာ ဖြစ်ရပါတယ်။
“ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ကလည်း ရေ ပို့လွှတ်နိုင်တဲ့ စိုက်ပျိုးမြေမှန်သမျှ ချန်လှပ်မထားဘဲ စိုက်ပျိုးဖို့လမ်းညွှန်ထားတဲ့အတွက် စိုက်/ကြပ်အဖွဲ့က ကွင်းဆင်းပြီး တောင်သူတွေကို ဧကပြည့် စိုက်ပျိုး ဖို့ တိုက်တွန်းအားပေးထားတာကြောင့် ယခုနှစ် နွေစပါးကို ဧကပြည့် စိုက်ပျိုးဖို့လျာထားတာကို တွေ့ရမှာပါ။ နွေစပါးကို ဖေဖော်ဝါရီ ၁ ရက်မှာ စစိုက် ပြီး ဧပြီလအထိ သုံးလသက်တမ်း ရက် ၉၀ စပါးကို အဓိကစိုက်ကြပါတယ်။ ရိတ်သိမ်းကာလက ဧပြီလကုန် အထိပါ။ နွေစပါးအတွက် ဆည်ရေကို ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်က စလွှတ်ပြီး ဧပြီလကုန်အထိ ပေးဝေသွားမှာပါ။ နွေစပါးအောင်ရေကို ဒီဒေသမှာ ဆည်ရေသောက်စနစ်နဲ့ ရေလုံလောက်စွာပေးဝေနိုင် ဖို့ ရေမြောင်းပြုပြင်မှုလုပ်ငန်းမှာ စိုက်ပျိုးတောင်သူ တွေ၊ WUG ရေအသုံးချမှုအဖွဲ့နဲ့ ကျွန်တော်တို့ဌာန ပူးပေါင်းပြီး တက်တက်ကြွကြွ ဆောင်ရွက်လေ့ရှိပါ တယ်။ ဆည်ရေလုံလောက်စွာနဲ့ စိုက်ပျိုးနိုင်ကြတဲ့ အတွက် ဌာနကို နွေစပါးစိုက်တောင်သူများက အထူး ကျေးဇူးတင်ကြပါတယ်။
“မဇင်းရေလှောင်တမံ တူးမြောင်းမကြီးကနေ နွေစပါးအတွက်ရေပေးဝေပြီး မိုးတွင်းကာလမှာ သတ်မှတ်တဲ့ရေပမာဏ ပြည့်သွားရင် ရေပိုလွှဲက တစ်ဆင့် ပိုလျှံရေတွေကို မူလမဇင်းချောင်းထဲ ပို့လွှတ်ပါတယ်။ မဇင်းချောင်းကိုအမှီပြုပြီး ဟင်းသီး ဟင်းရွက်စိုက်ပျိုးတဲ့ သီးနှံစိုက်တောင်သူတွေ အတွက်လည်း အဆင်ပြေစေပါတယ်။ ဆည်တမံက နေ ရေပေးမြောင်းမကြီးတစ်လျှောက် လက်တံ မြောင်းခွဲ(၁)၊ (၂)၊ (၃) အဲဒီကနေတစ်ဆင့် လယ်ကွက် တွေထဲ ရောက်ပါတယ်။ ပဲခူးမြို့နယ်ဘက်တွေလည်း ရောက်ပါတယ်။ အဓိက ရည်ရွယ်ချက်ကတော့ မိုးတွင်းကာလမှာ ရေကြီးရေလျှံမှုထိန်းသိမ်းစေဖို့နဲ့ နွေစပါးရာသီမှာ ရေပေးဝေဖို့ဖြစ်ပါတယ်။ မဇင်း ဆည်တမံကနေ မြို့တွင်းသောက်သုံးရေ ပေးဝေဖို့ ကတော့ သက်ဆိုင်ရာအဖွဲ့တွေ ကြိုးပမ်းဆောင်ရွက် နေကြဆဲ ဖြစ်ပါတယ်။ ပဲခူးမြို့ကို လောလောဆယ် ကန်တော်ကြီးက ရေပေးဝေနေပြီး မဇင်းဆည်ဟာ နွေစပါးအပြင် မြို့ပြသောက်သုံးရေပေးဝေဖို့ ရေ အလုံအလောက်ရှိတဲ့ ဆည်တစ်ခုလည်း ဖြစ်ပါတယ်။ ပဲခူးတိုင်းဒေသကြီးဟာ စိုက်ပျိုးရေးနဲ့မွေးမြူရေး ကဏ္ဍမှာ နိုင်ငံအတွက် ဧရာဝတီနဲ့ ရန်ကုန်တိုင်း ဒေသကြီးလို အောင်မြင်ဖြစ်ထွန်းတဲ့ ဒေသတစ်ခုဖြစ်လာတာကြောင့် ‘စိုက်ပျိုးစွမ်းအား ပြည်ထွန်းကား’ ဆိုတဲ့ ဆောင်ပုဒ်နဲ့အညီ တောင်သူတွေစိုက်ပျိုး ထုတ်လုပ်မှု လိုအပ်သမျှ ဆည်ရေကို အချိန်နဲ့အမျှ ပေးဝေနိုင်အောင် ဌာနအနေနဲ့အစွမ်းကုန် ဆက်လက် ဆောင်ရွက်သွားမှာပါ” ဟု ပြောကြားပါသည်။
ပဲခူးမြို့၏ အဓိကထွက်ကုန်ဖြစ်သော ဆန်စပါးကို ရန်ကုန်မြို့သို့ အများဆုံးတင်ပို့လျက်ရှိသည်။ ပဲခူးမြို့တွင် နွေစပါး၊ မိုးစပါးနှင့် ဆောင်းသီးနှံတို့အပြင် နှစ်ရှည်သီးနှံနှင့် ဈေးကွက်ဝင်သီးနှံတို့ကို စိုက်ပျိုး ထုတ်လုပ်လျက်ရှိပြီး ရာသီမပြတ် စိုက်ပျိုးထုတ်လုပ်ရန် ဖော်ဆောင်နိုင်မှုသည် တိုင်းဒေသကြီး၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်နိုင်ခဲ့ခြင်းပင် ဖြစ်သည်။
မွေးမြူရေးကဏ္ဍတွင်လည်း မွေးမြူရေးဇုန်များ မှ မွေးမြူထုတ်လုပ်လျက်ရှိသည့်အပြင် ငါး/ပုစွန် မွေးမြူမှုနှင့် ရေချို/ရေငန် ငါးဖမ်းလုပ်ငန်းတို့မှ အသားထုတ်လုပ်သည်အထိ အောင်မြင်လျက်ရှိပြီး စိုက်ပျိုးရေးနှင့်မွေးမြူရေးကဏ္ဍတို့ကို ဟန်ချက်ညီစွာ လုပ်ဆောင်နေသည်။
သဘာဝပတ်ဝန်းကျင်ကောင်းများ ဝန်းရံနေသော ပဲခူးတိုင်းဒေသကြီးတွင် နှစ်သီးစားမှ သုံးသီးစားအဖြစ် ရာသီမပြတ်စိုက်ပျိုးထုတ်လုပ်နိုင်မှုသည် ဆည်တမံများ၏ အကျိုးကျေးဇူးကြောင့်ဖြစ် ပြီး ‘စိုက်ပျိုးစွမ်းအား ပြည်ထွန်းကား’ ဟူသော အစိမ်းရောင်စီးပွားရေးဖွံ့ဖြိုးမှု၏ လင်းရောင်ခြည်များ ယှက်သန်းလာခြင်းပင်ဖြစ်သည်။ အထူးသဖြင့် နိုင်ငံ တော်အတွက်အရေးပါသည့် စိုက်ပျိုးရေးကဏ္ဍတွင် အောင်မြင်တိုးတက်လာခြင်းသည် တိုင်းပြည်ဖွံ့ဖြိုး တိုးတက်မှု၏ အသီးအပွင့်ရတနာများ ပွင့်လန်းလာ ခြင်းဖြစ်ပြီး ထိုသို့ အောင်မြင်မှုပန်းရနံ့များ သင်းပျံ့လာမှုသည် ဥဿမြေမှ ဆည်တမံများ၏ ဂုဏ်ယူဖွယ် စွမ်းဆောင်ရည်များပင် ဖြစ်ပါကြောင်း ရေးသား တင်ပြလိုက်ရပါသည်။ ။