Skip to main content

အာရှကို မဏ္ဍိုင်ပြု ဖွံ့ဖြိုးမည့်ဤ ကမ္ဘာမှာ

ထက်မြတ်

ဒီတစ်ခေါက် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သွားရောက်ခဲ့တဲ့ တရုတ်နိုင်ငံခရီးစဉ်က တော်တော်လေးကို ထူးခြားမှုတွေရှိနေတာ တွေ့ရပါတယ်။ အရင်ဆုံးမြန်မာ့အမြင်နဲ့ ကြည့်မယ်ဆိုရင် နိုင်ငံတော်ဝန်ကြီးချုပ်ရဲ့ ခရီးစဉ်က မြန်မာနိုင်ငံအတွက် ကောင်းကျိုးများစွာကို ဆောင်ကြဉ်းပေးနိုင်ခဲ့သလို ကျွန်တော်တို့ မြန်မာနိုင်ငံကြီးဒီထက်ပိုပြီး ဖွံ့ဖြိုးတိုးတက်မယ့်အခွင့်အလမ်းအမြောက်အမြားကိုလည်း သယ်ဆောင်လာပေးနိုင်ခဲ့တာ တွေ့ရပါတယ်။ ဒီနေရာမှာ နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်အစိုးရရဲ့တာဝန်က ဘယ်လောက်အထိကြီးမားတယ်။ ပါဝင်ဆောင်ရွက်ရတဲ့ အခန်းကဏ္ဍကဘယ်လောက်အထိ အရေးပါတယ်။ အစိုးရအဖွဲ့ရဲ့ ဦးဆောင်သူ ခေါင်းဆောင်ကောင်းတစ်ယောက်ဟာ အခွင့်အရေးသာရမယ်ဆိုရင်၊ အခွင့်အရေးရအောင်သာ ကြိုးပမ်းမယ်ဆိုရင် ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုးနဲ့ နိုင်ငံတော်ရဲ့အမျိုးသား အကျိုးစီးပွားအတွက်ကို ဘယ်လောက်အတိုင်းအတာအထိ လုပ်ဆောင်ပေးနိုင်တယ်ဆိုတာ နောင်လာနောက်သားတွေအနေနဲ့ မျက်မြင်ထင်ရှားကြုံတွေ့ သင်ယူခွင့်ရရှိလိုက်ပါတယ်။ ဒါကြောင့် နိုင်ငံတော်ရဲ့ မျိုးဆက်သစ်တစ်ယောက်ဖြစ်တဲ့ မိမိအနေနဲ့ အခုလိုမျိုး နိုင်ငံတော်အစိုးရတစ်ရပ်ရဲ့ အဓိကအားဖြင့် နိုင်ငံတော်အကြီးအကဲ တစ်ယောက်ရဲ့ တာဝန်ဘယ်လောက်အထိကြီးမားတယ်ဆိုတာကို သင်ယူခွင့်ရတဲ့အတွက် ကျေးဇူးတင်ရှိကြောင်း ဦးစွာပထမပြောလိုပါတယ်။

ဒေသတွင်းဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးကြီးတဲ့အစည်းအဝေးတွေ

နိုင်ငံတော်အကြီးအကဲက နိုဝင်ဘာ လ ၅ ရက်မှ ၁၀ ရက်အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံရဲ့ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံကို သွားရောက်ခဲ့တာပါ။ အဲဒီခရီးစဉ်မှာ အဋ္ဌမအကြိမ်မြောက် မဟာမဲခေါင်ဒေသခွဲ ထိပ်သီးအစည်းအဝေး၊ (၁၀) ကြိမ်မြောက် ဧရာဝတီ-ကျောက်ဖရား - မဲခေါင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာ ထိပ်သီးအစည်းအဝေးနဲ့ (၁၁) ကြိမ်မြောက် ကမ္ဘောဒီးယား-လာအို - မြန်မာ- ဗီယက်နမ် ပူးပေါင်းဆောင်ရွက်မှု ထိပ်သီးအစည်းအဝေးတို့ကို တက်ရောက်ခဲ့တာဖြစ်ပါတယ်။ ဒီအစည်းအဝေးသုံးခုဟာ မြန်မာနိုင်ငံအတွက်သာမက ဒေသတွင်းဖွံ့ဖြိုးတိုးတက်မှုအတွက်ပါ သိပ်ကိုအရေးကြီးတဲ့ အစည်းအဝေးတွေဖြစ်တယ်ဆိုတာ အသေအချာပါပဲ။ ဒါ့အပြင် နိုင်ငံတော်အကြီးအကဲက နောက်ထပ်အရေးကြီးတဲ့ အစည်းအဝေးတွေကိုလည်း တက်ရောက်ခဲ့ပါသေးတယ်။

အဲဒီအစည်းအဝေးတွေကတော့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဝန်ကြီးချုပ် မစ္စတာလီကျန်းနဲ့တွေ့ဆုံမှု၊ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီအဖွဲ့ဝင်နှင့် ယူနန်ပြည်နယ်ပါတီအတွင်းရေးမှူး မစ္စတာဝမ်နင်းတို့နဲ့ တွေ့ဆုံမှုအပြင် တရုတ်နိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များ နဲ့တွေ့ဆုံမှုသည်လည်း မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်မှုအတွက် သိပ်ကိုအရေးပါတဲ့ တွေ့ဆုံဆွေးနွေးမှုတွေဖြစ်ခဲ့ပါတယ်။ ဒါတင်မကပါဘူး။ နိုင်ငံတော်ဝန်ကြီးချုပ်က အစည်းအဝေးကိုတက်ရောက်လာတဲ့ ကမ္ဘောဒီးယား၊ လာအို၊ ထိုင်း စတဲ့အိမ်နီးချင်းနဲ့ ဒေသတွင်းနိုင်ငံများမှ ခေါင်းဆောင်များနဲ့လည်း နှစ်နိုင်ငံချင်းစီ တွေ့ဆုံဆွေးနွေးမှုတွေ လုပ်ခဲ့ပါသေးတယ်။ ဒီလိုဆွေးနွေးမှုတွေကနေ အပြုသဘောဆောင်တဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ဆက်လက်လုပ်ဆောင်သွားဖို့အတွက် သဘောတူညီချက်တွေလည်း ရရှိခဲ့တာတွေ့ရပါတယ်။

မြန်မာနိုင်ငံနဲ့ပြည်သူများအတွက် အကျိုးရှိစေမယ့်ဆွေးနွေးမှုများ နိုင်ငံတော်ဝန်ကြီးချုပ်ရဲ့ တရုတ်ခရီးစဉ်အတွင်းမှာ ရရှိခဲ့တဲ့သဘောတူညီချက်တွေ၊ ကတိကဝတ်တွေကို ကြည့်လိုက်ရင် မြန်မာနိုင်ငံနဲ့ နိုင်ငံသားများအတွက် အကျိုးဖြစ်ထွန်းစေမယ့် ဆွေးနွေးမှုများသာဖြစ်ပါတယ်။

အရင်ဆုံး တရုတ်နိုင်ငံရဲ့ ကတိကဝတ်ပြုမှုများကို ဦးစွာပထမ တင်ပြလိုပါတယ်။ တရုတ်နိုင်ငံက မြန်မာနိုင်ငံရဲ့ ပြည်တွင်းတည်ငြိမ်အေးချမ်းရေးအတွက် အပြည့်အဝထောက်ခံအားပေး ကူညီသွားမည်ဖြစ်ပြီး အိမ်နီးချင်းကောင်းနိုင်ငံအဖြစ် ထာဝရရပ်တည်သွားမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ်(၅)ရပ်ကို ထောက်ခံပါကြောင်းနှင့် မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက်လည်း ဆန္ဒပြုကူညီမည့်အကြောင်း၊ မြန်မာနိုင်ငံမြောက်ပိုင်း တည်ငြိမ်အေးချမ်းရေးသည်အရေးကြီးပြီး တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာနှင့် နယ်မြေပိုင်ဆိုင်မှုတို့ကို ထပ်လောင်းအသိအမှတ်ပြုကြောင်းနှင့် တရုတ်နိုင်ငံအတွင်း အခြေပြု၍ မြန်မာနိုင်ငံ၏ အကျိုးပျက်စီး အောင်ဆောင်ရွက်နေမှုများကို လက်ခံမည်မဟုတ်ကြောင်း၊ နှစ်နိုင်ငံနယ်စပ်ဂိတ်များသည် အစိုးရ၏ စီမံခန့်ခွဲမှုအောက်တွင် ရှိရမည်ဖြစ်ပြီး အပြည့်အဝစီမံခန့်ခွဲနိုင်ရေးအတွက်လည်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ တရုတ်-မြန်မာစီးပွားရေးစင်္ကြံ တည်ဆောက်ရေးသည် ထိပ်တန်းစီမံကိန်းဖြစ်သဖြင့် အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအရေးသည် တရုတ်နိုင်ငံ၏ အိမ်နီးချင်းနိုင်ငံအရေးပင်ဖြစ်သဖြင့် နိုင်ငံတကာ စာမျက်နှာ၌လည်း တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံအပေါ် ရပ်တည်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းတို့ကို တရုတ်နိုင်ငံဝန်ကြီးချုပ်က ကတိပြုခဲ့တာပါ။

ဒါ့အပြင် ကျွန်တော်တို့မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံတို့ကြား နားလည်မှုစာချွန် လွှာနဲ့သဘောတူစာချုပ်ခုနစ်ခုကိုလည်း လက်မှတ်ရေးထိုးနိုင်ခဲ့ပါသေးတယ်။ အဲဒီလို သဘောတူညီချက်တွေထဲကမှ သင်တန်းကျောင်းများ အဆင့်မြှင့်တင်ခြင်း စီမံကိန်းများ၊ စိုက်ပျိုးရေးထွက်ကုန်များအတွက် ဓာတုဆိုင်ရာလိုအပ်ချက်များနှင့် အပင်ပိုးမွှားရောဂါကင်းရှင်းရေးဆိုင်ရာ သဘောတူညီချက်၊ တိကျစွာတိုင်းတာခြင်းနည်းပညာ ပူးပေါင်းဆောင်ရွက်မှုနဲ့ အားကစားမြှင့်တင်ရေးနားလည်မှု သဘောတူညီချက်များဟာ မြန်မာနိုင်ငံအတွက် အင်မတန်မှအကျိုးကျေးဇူးများတဲ့ သဘောတူညီချက်တွေဖြစ်တာအမှန်ပါပဲ။

ဒါ့အပြင် ကျွန်တော်တို့ရဲ့နိုင်ငံတော်အကြီးအကဲက အစည်းအဝေးကိုတက်ရောက်လာတဲ့ ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ်၊ လာအိုနိုင်ငံဝန်ကြီးချုပ်တို့နဲ့ နှစ်နိုင်ငံကြား ဆက်ဆံရေးခိုင်မြဲစေဖို့နဲ့ ပူးပေါင်းဆောင်ရွက်မှုတွေအတွက် အောက်ပါအကြောင်းအရာများနဲ့ ပတ်သက်ပြီး ဆွေးနွေးမှုတွေလုပ်ခဲ့ပါသေးတယ်-

(၁) နိုင်ငံများကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်တည်ဆောက်သွားမည့် အခြေအနေများ။

(၂) မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ် ပြောင်းလဲမှုအခြေအနေများနှင့် လက်ရှိ ပကတိအခြေအနေများ။

(၃) လွတ်လပ်၍ တရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတစ်ရပ် ကျင်းပနိုင်ရေးဆောင်ရွက်လျက်ရှိသည့် အခြေအနေများ။

(၄) အာဆီယံအဖွဲ့အတွင်း မြန်မာနိုင်ငံအနေဖြင့် အကောင်းဆုံးပူးပေါင်းဆောင်ရွက်လျက်ရှိမှု အခြေအနေများ။

(၅) အာဆီယံ အစည်းအဝေးများတွင် မြန်မာနိုင်ငံမှ ပါဝင်နိုင်မှုအခြေအနေများ။

(၆) မြန်မာနိုင်ငံ၌ ဖြစ်ပေါ်နေသည့် အခြေအနေများကို ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ရန် လိုအပ်သည့် အခြေအနေများနှင့် ကမ္ဘောဒီးယားနိုင်ငံနှင့် လာအိုနိုင်ငံတို့မှလည်း အတတ်နိုင်ဆုံးကူညီဆောင်ရွက်ပေးသွားမည့် အခြေအနေများ။

(၇) မြန်မာ-ကမ္ဘောဒီးယား - လာအိုနိုင်ငံတို့အကြား ချစ်ကြည်ရင်းနှီးမှုနှင့် သံတမန်ဆက်ဆံရေးဆိုင်ရာ ကိစ္စရပ်များ။

(၈) ချစ်ကြည်ရေး ခရီးစဉ်များ အပြန်အလှန်လည်ပတ်ရေးဆိုင်ရာ ကိစ္စရပ်များ။

(၉) နှစ်နိုင်ငံကြား ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍ၊ ခရီးသွားကဏ္ဍ၊ လူမှုရေးကဏ္ဍနှင့် ယဉ်ကျေးမှုကဏ္ဍများ မြှင့်တင်ရေးဆိုင်ရာကိစ္စရပ်များပဲ ဖြစ်ပါတယ်။

ဒီခရီးစဉ်ရဲ့အရေးပါမှု အထက်မှာဖော်ပြခဲ့တဲ့ ထိပ်သီးအစည်းအဝေးတွေထဲမှာ တရုတ်နိုင်ငံအနေနဲ့ တိုက်ရိုက်ပါဝင်ပတ်သက်မှုရှိတာက မဟာမဲခေါင်ဒေသခွဲ ထိပ်သီးအစည်းအဝေးတစ်ခုတည်းမှာပါ။ ဒါပေမယ့် ထိပ်သီးအစည်းအဝေးသုံးခုစလုံးကိုသာမက တခြားသော ဆက်စပ်အစည်းအဝေးတွေကိုလည်း တရုတ်အစိုးရက လက်ခံကျင်းပခဲ့ပါတယ်။ ဒီအခြေအနေက နည်းနည်းလေးတော့ ထူးခြားနေတာအမှန်ပါပဲ။ ကျွန်တော့်အနေနဲ့ နိုင်ငံတော်အကြီးအကဲက တရုတ်နိုင်ငံကိုသွားပြီး အစည်းအဝေးတွေတက်မယ် ဆိုတဲ့သတင်းကြားတုန်းက အတွေးတစ်ခုဝင်ခဲ့ဖူးပါတယ်။ ဘာလဲဆိုတော့ ဒီအစည်းအဝေးတွေမှာ တရုတ်နိုင်ငံရဲ့ တိုက်ရိုက်ပါဝင်ပတ်သက်မှုက နည်းပါးနေတာတောင်မှ ဘာကြောင့်များ ဒီလိုမျိုးအစည်းအဝေးတွေကို လက်ခံကျင်းပရတာလဲဆိုပြီးတော့ပါ။ ဒါပေမယ့် ကိုယ်ကပဲ သိနိုင်တဲ့ဉာဏ်နည်းလို့လားတော့မသိပါဘူး။ အဖြေကိုမသိခဲ့တာ အမှန်ပါပဲ။

အခု နိုင်ငံတော်အကြီးအကဲအနေနဲ့ ဒီခရီးစဉ်ကိုသွားရောက်ပြီး ပြန်လာတဲ့အခါကျမှသာ ဒီခရီးစဉ်ရဲ့အရေးပါမှုနဲ့ တရုတ်နိုင်ငံရဲ့ အမြော်အမြင်ကြီးမားမှုကို မျက်ဝါးထင်ထင်မြင်တွေ့လိုက်ရသလို တရုတ်အစိုးရအနေနဲ့ ဘာကြောင့်များ အခုလိုမျိုး အစည်းအဝေးတွေကို လက်ခံကျင်းပရတယ်ဆိုတဲ့ အကြောင်းရင်းကို သိရှိလိုက်ရပါတယ်။ ဒီအချိန်မှာနိုင်ငံတော်အကြီးအကဲရဲ့ခရီးစဉ်ကို မြန်မာကြည့်မဟုတ်ဘဲ ကမ္ဘာကြည့်အနေနဲ့ ဆက်ပြီးရှုမြင်မိပါတော့တယ်။ အရင်ဆုံးကျွန်တော်တို့အနေနဲ့ ဒီအစည်းအဝေးတွေကိုလက်ခံကျင်းပတဲ့ တရုတ်နိုင်ငံရဲ့ ရည်ရွယ်ချက်ကို ကြည့်လိုက်ရအောင်ပါ။

တရုတ်နိုင်ငံဟာ ကမ္ဘာပေါ်မှာထွန်းသစ်စထိပ်တန်းနိုင်ငံကြီး တစ်နိုင်ငံဖြစ်သလို ဒုတိယမြောက် စီးပွားရေးအင်အားကြီးနိုင်ငံလည်းဖြစ်ပါတယ်။

ဒါ့အပြင် သူ့ရဲ့ မဟာဗျူဟာကို မျှော်ကြည့်ပြန်ရင်လည်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်အေးချမ်းရေးကို ဗဟိုပြုတဲ့ နိုင်ငံအားလုံးပါဝင်သော ဖွံ့ဖြိုးတိုးတက်မှုဆီလျှောက်လှမ်းနေတာကို မြင်တွေ့ရမှာပါ။

ဒီလိုမျိုးလျှောက်လှမ်းရာမှာ ဒေသတွင်းနိုင်ငံများနဲ့ ပူးပေါင်းဆောင်ရွက်မှုက သိပ်ကိုအရေးကြီးပါတယ်။ အိမ်နီးချင်းမှာ၊ ဒေသတွင်းမှာ တိုးတက်ပါမှ ကမ္ဘာတစ်ဝန်းတိုးတက်မှုဆီ ဆက်လက်လျှောက်လှမ်းနိုင်မှာ မဟုတ်ပါလား။ ဒါကြောင့် တရုတ်အစိုးရက မဟာမဲခေါင် ဒေသခွဲအစည်းအဝေးကို ကျင်းပမှုနဲ့အတူ ဆက်စပ်အစည်းအဝေးတွေကိုလည်း အစည်းအဝေးတက်ရောက်လာကြတဲ့နိုင်ငံတွေနဲ့ တရုတ်နိုင်ငံတို့ကြား အပြန်အလှန်အကျိုးစီးပွားတွေ တိုးတက်ပွားများစေဖို့အတွက် ရည်မှန်းကာ ဆွေးနွေးမှုတွေ လုပ်မယ်ဆိုတဲ့ဆန္ဒနဲ့ လက်ခံကျင်းပပေးခဲ့တာ တွေ့ရပါတယ်။

နိုင်ငံတကာ သတင်းထုတ်ပြန်ချက်တွေကို ကြည့်မယ်ဆိုရင် သူတို့ရဲ့ရည်ရွယ်ချက်နဲ့ ဆန္ဒပြည့်ဝတယ်လို့ ပြောနိုင်ပါတယ်။ ဥပမာအားဖြင့် မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံတို့ကြားရရှိတဲ့ သဘောတူညီချက်တွေကို ကြည့်မယ်ဆိုရင်ပဲ မြန်မာနိုင်ငံမှာ တရုတ်နိုင်ငံက လာရောက်ရင်းနှီး မြှုပ်နှံမှုတွေလုပ်မယ်ဆိုတာ တွေ့ရပါတယ်။ ဒီလိုရင်းနှီးမြှုပ်နှံမှုလုပ်တယ်ဆိုတာ သူ့ဘက်ကိုယ့်ဘက် နှစ်ဦးစလုံးအတွက် ဘယ်သူ့ဘယ်သူမှ ဆုံးရှုံးနစ်နာခြင်းမရှိပါဘဲ စီးပွားဖြစ်ထွန်းတဲ့ဆောင် ရွက်မှုတစ်ခုဖြစ်တာ အားလုံးအသိပါ။ တရုတ်နိုင်ငံက မြန်မာနိုင်ငံနဲ့သာမက တခြားသောနိုင်ငံတွေနဲ့လည်း အလားတူသဘောတူညီချက်တွေ ရရှိခဲ့ပါသေးတယ်။

တရုတ်နိုင်ငံဦးဆောင်တဲ့ တောင်ကမ္ဘာခြမ်း တိုက်တိုက်ဆိုင်ဆိုင်ဆိုသလိုပဲ နိုင်ငံ

တော်အကြီးအကဲဦးဆောင်တဲ့အဆင့် မြင့်ကိုယ်စားလှယ်အဖွဲ့ တရုတ်နိုင်ငံကနေ ပြန်လာခါနီးအချိန်မှာပဲ တရုတ်နိုင်ငံကို အင်ဒိုနီးရှားသမ္မတလာရောက်ကာ တရုတ်နိုင်ငံနဲ့ အင်ဒိုနီးရှားနိုင်ငံတို့ကြား အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံတန်ဖိုးရှိတဲ့ သဘောတူညီချက်တွေကို လက်မှတ်ထိုးလိုက်နိုင်တာ တွေ့ရပါ တယ်။ တစ်ချိန်တည်းမှာပဲ စင်ကာပူ နိုင်ငံကို သွားရောက်တဲ့ တရုတ်ဒုတိယ ဝန်ကြီးချုပ်ကလည်း တရုတ်နိုင်ငံနဲ့ စင်ကာပူနိုင်ငံတို့ကြား ပူးပေါင်းဆောင် ရွက်မှု သဘောတူညီချက် ၂၅ ရပ်ကို လက်မှတ်ရေးထိုးလိုက်နိုင်ပါသေးတယ်။ ဒီအခြေအနေတွေကနေ ဖော်ပြနေတဲ့ အရာကတော့ ကျွန်တော်တို့မြန်မာနိုင်ငံ ပါဝင်သော အရှေ့တောင်အာရှဒေသကို လွှမ်းခြုံထားတဲ့ အာရှဒေသတစ်ခုလုံး ဟာ ကမ္ဘာ့စီးပွားရေးအတွက် မဏ္ဍိုင် တစ်ခုဖြစ်လာပြီဆိုတဲ့ အချက်ပါပဲ။

အမြော်အမြင်ကြီးမားလှတဲ့ တရုတ်နိုင်ငံရဲ့ လုပ်ဆောင်မှုတစ်ခုကိုပြပါဆိုရင်

ခါးပတ်တစ်ကွင်း၊ လမ်းတစ်ကြောင်းလို့ခေါ်တဲ့ မဟာဗျူဟာမြောက် စီမံကိန်းကြီးကို လက်ညှိုးထိုးပြရပါလိမ့်မယ်။ ဒီစီမံကိန်းမှာ ကျွန်တော်တို့ မြန်မာနိုင်ငံကလည်း မဟာဗျူဟာမြောက်အချက်အချာနေရာကနေ ပါဝင်နေတာတွေ့ရပါတယ်။ ဒီစီမံကိန်းကြီးကနေ ဆောင်ကြဉ်းပေးလာနိုင်တဲ့ အရာကြီးတစ်ခုကတော့ ဒေသတွင်းမှာသာမက တစ်ကမ္ဘာလုံးရဲ့ဖွံ့ဖြိုးတိုးတက်မှုကြီးပဲ ဖြစ်ပါတယ်။ နောက်တစ်ချက်က လက်ရှိအချိန်မှာ တောင်ကမ္ဘာခြမ်းအဖွဲ့အစည်းဆိုတာက တစ်နေ့တခြားဖွံ့ဖြိုးတိုးတက်မှုတွေ မြင့်မားလာနေတဲ့ ဒေသကြီးဖြစ်ပြီး အဲဒီအဖွဲ့အစည်းထဲမှာ  ထွန်းသစ်စနိုင်ငံတွေ ပါဝင်နေပါတယ်။ အများအားဖြင့်က အာရှဒေသနိုင်ငံတွေပါ။ ဒီလိုမျိုးထွန်းသစ်စနိုင်ငံတွေကို ဦးဆောင်လာတဲ့ နိုင်ငံကိုပြပါဆိုရင်လည်း တရုတ်နိုင်ငံကိုသာ လက်ညှိုးထိုးပြရမှာဖြစ်ပါတယ်။ ဒါပေမယ့် တရုတ်နိုင်ငံက သူတစ်နိုင်ငံတည်း ဦးဆောင်ပြီး ဖွံ့ဖြိုးတိုးတက်ရေးကိုသွားနေတာ မဟုတ်ပါဘူး။

အကြောင်းရင်းက ဧကဝင်ရိုးကမ္ဘာကြီးကနေ ဗဟုဝင်ရိုးကမ္ဘာကြီးကို ဖော်ဆောင်မယ်ဆိုတဲ့ တရုတ်နိုင်ငံရဲ့ ကတိပြုမှုကြောင့်ပါ။ ဒါကြောင့်လည်း တရုတ်နိုင်ငံသမ္မတ မစ္စတာရှီကျင့်ဖျင်က အင်ဒိုနီးရှား သမ္မတမစ္စတာပရာဘိုဝိုဆူဘီယန်တိုနဲ့ တွေ့ဆုံစဉ် အင်ဒိုနီးရှားနိုင်ငံကိုလည်း တောင်ကမ္ဘာခြမ်းအဖွဲ့အစည်းကို ပူးတွဲဦးဆောင်သွားကြဖို့ ဖိတ်ခေါ်တိုက်တွန်းခဲ့တာ ဖြစ်ပါတယ်။ အင်ဒိုနီးရှားနိုင်ငံဆိုတာကလည်း ကမ္ဘာပေါ်မှာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အမြင့်ဆုံးနိုင်ငံတစ်နိုင်ငံပါ။ ဒါ့အပြင် စင်ကာပူနိုင်ငံဆိုသည်မှာလည်း ကမ္ဘာ့စီးပွားရေးဗဟိုချက်တစ်ခုလည်း ဖြစ်လာနေပါတယ်။ ထို့အတူ ဗီယက်နမ်နိုင်ငံတို့၊ ထိုင်းနိုင်ငံတို့ဆိုတာ ဒေသတွင်းမှာ ဖွံ့ဖြိုးတိုးတက်နေတဲ့ နိုင်ငံတွေသာမက ကမ္ဘာ့အဆင့်အထိတက်လှမ်းဖို့အတွက် ခြေလှမ်းပြင်နေကြတဲ့ နိုင်ငံတွေဖြစ်တယ်လို့ ပြောရင်လည်းမမှားနိုင်ပါဘူး။

ဘက်စုံဖွံ့ဖြိုးတိုးတက်မှုဆီဦးတည်လာ

ကျွန်တော်တို့ မြန်မာနိုင်ငံဆိုသည်မှာလည်း ဖွံ့ဖြိုးတိုးတက်မှုတွေဆီ ဦးတည်နေတဲ့ နိုင်ငံဖြစ်လာပါပြီ။ ဒီလိုဖြစ်လာအောင်ပဲ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်တဲ့ အစိုးရအဖွဲ့က တရုတ်နိုင်ငံနဲ့သာမက ဒေသတွင်းနိုင်ငံတွေနဲ့ပါ အပြုသဘောဆောင်တဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ဆောင်လာနိုင်ခြင်းကြောင့် ဖြစ်ပါတယ်။ ဒီအချိန်မှာ ကမ္ဘာ့ပတ်ဝန်းကျင်အခြေအနေအရပ်ရပ်ကို ပြန်ကြည့်မယ်ဆိုရင်  မြောက်ကမ္ဘာခြမ်းမှာ ပြဿနာပေါင်းစုံဖြစ်ပေါ်နေချိန် တရုတ်နိုင်ငံအပါအဝင် ထွန်းသစ်စစီးပွားရေးအင်အားကြီးနိုင်ငံတွေ ပေါင်းစုဦးဆောင်တဲ့ တောင်ကမ္ဘာခြမ်းက ဘက်စုံဖွံ့ဖြိုးတိုးတက်မှုဆီ ဦးတည်လာနေပါပြီ။ ဒီလိုဖွံ့ဖြိုးတိုးတက်မှုတွေရဲ့ ဗဟိုချက်ဝင်ရိုးက ဘယ်မှာရှိမလဲဆိုရင် အာရှဒေသမှာရှိနေမှာပါ။ အာရှဒေသထဲမှာမှ ကျွန်တော်တို့လို ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ စီးပွားရေးအခွင့်အလမ်းကောင်းများစွာ ရှိနေမယ်ဆိုတာ အသေအချာပါပဲ။

ဒါကြောင့် တရုတ်အစိုးရရဲ့ ခေါင်းဆောင်မှု၊ အာရှဒေသရှိ ထွန်းသစ်စစီးပွားရေးအင်အားကြီးနိုင်ငံတွေရဲ့ ဦးဆောင်မှု၊ ဖွံ့ဖြိုးဆဲဒေသတွင်းနိုင်ငံငယ်တွေရဲ့ အတူတကွပူးပေါင်းဆောင်ရွက်မှုတွေနဲ့အတူ အာရှကိုမဏ္ဍိုင်ပြုလာတဲ့ ဤကမ္ဘာဖွံ့ဖြိုးမှုကြီးမှာ မြန်မာနိုင်ငံက တစ်ထောင့်တစ်နေရာကနေ ပါဝင်ခွင့်ရအောင်နဲ့ မြန်မာပြည်သူတွေရဲ့ လူမှုစီးပွားဘဝမြင့်မားတိုးတက်စေရေးအတွက် ကြိုးပမ်းဆောင်ရွက်ပေးကြတဲ့ နိုင်ငံတော်အကြီးအကဲနဲ့တကွ အဆင့်မြင့်ကိုယ်စားလှယ်တွေအားလုံးကို ကျေးဇူးအနန္တတင်ရှိကြောင်း ထပ်လောင်းပြောကြားလိုက်ရပါတယ်။ ။