အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၏ ၂၀၂၃ ခုနှစ်အတွင်း လုပ်ငန်းဆောင်ရွက်မှု
မောင်တည်ကြည်
(ယမန်နေ့မှအဆက်)
ပြည်တွင်းပြည်ပအစည်းအဝေးများ တက်ရောက်ခြင်း
၂၀၂၃ ခုနှစ်အတွင်း ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရှေ့နေချုပ်ရုံးနှင့်လည်းကောင်း၊ အာဆီယံအဂတိလိုက်စားမှု တိုက်ဖျက်ရေးအဖွဲ့ဝင်နိုင်ငံများအနက် အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်သည့် လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ အစိုးရစုံစမ်းစစ်ဆေးရေးနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး အာဏာပိုင်အဖွဲ့ (SIAA) နှင့်လည်းကောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ MoU လက်မှတ် ရေးထိုးနိုင်ခြင်းတို့အပြင် နိုင်ငံတကာ၌ကျင်းပသည့် အစည်းအဝေးများ၊ ညီလာခံများ၊ အလုပ်ရုံဆွေးနွေးပွဲများသို့ In Person ဖြင့် ခြောက်ကြိမ်ပါဝင်တက်ရောက်နိုင်ခြင်း၊ Virtual Format ဖြင့် ကိုးကြိမ်တက်ရောက်နိုင်ခဲ့ပါသဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ ကောင်းမွန်သည့်အလေ့အထများ၊ အတွေ့အကြုံများ ဖလှယ်နိုင်ခဲ့ကြောင်း လေ့လာတွေ့ရှိရပါသည်။
ပြည်ပသင်တန်းများ တက်ရောက်ခြင်း
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သည် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှု အနေဖြင့်လည်းကောင်း၊ ဝန်ထမ်းများ၏ စွမ်းဆောင်ရည်မြင့်မားတိုးတက်စေရန်အတွက် ရည်ရွယ်၍လည်းကောင်း၊ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများ၊ ဒေသတွင်း မိတ်ဖက်နိုင်ငံအဖွဲ့အစည်းများမှ ဖိတ်ကြားလာသည့် သင်တန်းများသို့ ကော်မရှင်ရုံးရှိ ဝန်ထမ်းများအား စေလွှတ်တက်ရောက်စေခဲ့ရာ ၂၀၂၃ ခုနှစ် အတွင်း In Person ဖြင့် ဖွင့်လှစ်ခဲ့သည့် သင်တန်းနှစ်ကြိမ်၌ သင်တန်းသားသုံးဦးအား ပြည်ပနိုင်ငံများသို့ စေလွှတ်နိုင်ခဲ့ပြီး Online စနစ်ဖြင့် ဖွင့်လှစ်ခဲ့သည့် ပြည်ပသင်တန်း ၁၀ ကြိမ်၌ သင်တန်းသား ၁၉ ဦး တက်ရောက်ခဲ့ပါသည်။
ပြည်တွင်းသင်တန်းများ တက်ရောက်ခြင်း
ကော်မရှင်ရုံးဝန်ထမ်းများ၏ စွမ်းဆောင်ရည် မြင့်မားလာစေရန်နှင့် စိတ်ဓာတ်၊ စည်းကမ်း၊ ခံယူချက် ပြည့်ဝစေရန်အတွက် ဝန်ကြီးဌာန/ အဖွဲ့အစည်းများမှ ဖွင့်လှစ်သော သင်တန်း ၅၀ သို့ သင်တန်းသား ၁၀၀ အား စေလွှတ်တက်ရောက်ခဲ့ပါသည်။ ထို့ပြင် ကော်မရှင်ရုံး၌ ဖွင့်လှစ်သည့် ဝန်ထမ်းများအား စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း လေးခု၌ သင်တန်းသား ၁၃၈ ဦးအား သင်ကြားပို့ချခဲ့ပါသည်။
ဌာနတွင်း အလုပ်ရုံဆွေးနွေးပွဲ ကျင်းပခြင်း
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံးတွင် တာဝန်ထမ်းဆောင်နေသော အရာထမ်း၊ အမှုထမ်းများအား လုပ်ငန်းစွမ်းဆောင်ရည် (Capacity Building) မြှင့်တင်ရန်၊ ဝန်ထမ်းများ၏လေ့လာမှုနှင့် စာဖတ်စွမ်းရည်မြင့်မားလာစေရန်၊ အများရှေ့တွင်တင်ပြနိုင်မှုစွမ်းရည် (Presentation Skill) မြှင့်တင်ရန်၊ ဖြောင့်မတ်တည်ကြည်မှုနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာဗဟုသုတများ မျှဝေပေးနိုင်ရန်အတွက် “ဖြောင့်မတ်တည်ကြည်မှုနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး” ခေါင်းစဉ်ဖြင့် အလုပ်ရုံဆွေးနွေးပွဲကို ကျင်းပပြုလုပ်နိုင်ခဲ့ပါသည်။
ကုလသမဂ္ဂ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကွန်ဗင်းရှင်း (United Nations Convention Against Corruption- UNCAC) ပါ ပြဋ္ဌာန်းချက်များနှင့်စပ်လျဉ်း၍ သိရှိနားလည်စေရန်၊ UNCAC ပါ ပြဋ္ဌာန်းချက်များနှင့်အညီ ရေးဆွဲထားသော အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနှင့် ဆက်စပ်ဥပဒေများအား သိရှိနားလည်စေရန်နှင့် UNCAC အဖွဲ့ဝင်နိုင်ငံများအချင်းချင်း ပြန်လည်သုံးသပ်မှုလုပ်ငန်းစဉ်၏ မြန်မာနိုင်ငံအပေါ် အကြံပြုချက်များကို အကောင်အထည်ဖော် ဆောင်ရွက်မှုအခြေအနေများအား သိရှိနိုင်ရန် ရည်ရွယ်၍ ရှင်းလင်းတင်ပြပွဲ အခမ်းအနားကို ခြောက်ကြိမ်ကျင်းပပြုလုပ်ခဲ့ပါသည်။
၂၀၂၃ ခုနှစ်လုပ်ငန်းဆောင်ရွက်မှုများအပေါ် သုံးသပ်အကဲဖြတ်ခြင်းနှင့် ရှေ့လုပ်ငန်းစဉ်များ ချမှတ်ခြင်း
ကော်မရှင်သည် အဂတိလိုက်စားမှုတိုက်ဖျက်ရေး မဟာဗျူဟာစီမံချက်ကို လေးနှစ်တစ်ကြိမ် ရေးဆွဲဆောင်ရွက်လျက်ရှိရာ အဆိုပါ မဟာဗျူဟာစီမံချက်အပေါ်မူတည်၍ ၂၀၂၃ ခုနှစ်အတွင်း ကော်မရှင်ရုံးအဖွဲ့နှင့် ဦးစီးဌာနများမှ အကောင်အထည်ဖော်ဆောင်ရွက်ရန် အချက် ၅၂ ချက်ဖြင့် ရေးဆွဲခဲ့ရာ အကောင်အထည်ဖော်ဆောင်ရွက်မှုအနေဖြင့် ၄၇ ချက်၊ ၉၀ ရာခိုင်နှုန်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ပြီး ဆောင်ရွက်ရန်ကျန်အချက်များကို ဆက်လက်အကောင်အထည်ဖော်သွားမည်ဟု တင်ပြထားပါသည်။
အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးခြင်းကဏ္ဍအနေဖြင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးနှင့်သက်ဆိုင်သည့် အသိပညာဗဟုသုတများအား ကျောင်းသားလူငယ်များမှစတင်၍ ရရှိရန်အတွက် ဆရာကိုင်စာအုပ်များနှင့် ရည်ညွှန်းစာစောင်များအား အခြေခံပညာကျောင်းများနှင့် တက္ကသိုလ်၊ ကောလိပ်များသို့ ဖြန့်ဝေနိုင်ခဲ့သဖြင့် ကျောင်းသားလူငယ်များအတွက် ဖြောင့်မတ်တည်ကြည်မှုနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ ဗဟုသုတများရရှိစေရေး ဆောင်ရွက်နိုင်ခဲ့ပါသည်။
တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ ဖြောင့်မတ်တည်ကြည်မှု မြှင့်တင်ရေးဆောင်ရွက်နိုင်ရန်အတွက် ပညာရေးဝန်ကြီးဌာနနှင့် ပူးပေါင်း၍ နေပြည်တော်ကောင်စီနယ်မြေနှင့် ကော်မရှင်ရုံးခွဲများ တည်ရှိရာမြို့များရှိ အခြေခံပညာကျောင်းများ၌ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ လူငယ်စကားဝိုင်းများနှင့် ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေး Edutain-ment အစီအစဉ်များကို ဆောင်ရွက်နိုင်ခဲ့ပါသည်။
အုပ်ချုပ်ရေးနှင့် စီးပွားရေးဆိုင်ရာကဏ္ဍများတွင်လည်း ဖြောင့်မတ်တည်ကြည်မှုနှင့် တာဝန်ယူမှုမြင့်မားလာစေရေးအတွက် တိုင်းဒေသကြီး/ပြည်နယ်များတွင် အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပနိုင်ခဲ့ခြင်း ကြောင့် စီးပွားရေးကဏ္ဍ၊ ပုဂ္ဂလိကကဏ္ဍနှင့် အုပ်ချုပ်ရေးကဏ္ဍတို့တွင် ဖြောင့်မတ်တည်ကြည်မှု၊ ကိုယ်ကျင့်သိက္ခာနှင့်တာဝန်ယူမှု၊ တာဝန်ခံမှုဆိုင်ရာ ခံယူချက်များ၊ အသိအမြင်များ ပိုမိုခိုင်မာလာစေရန် ဆောင်ရွက်နိုင်ခဲ့ပါသည်။
ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရှေ့နေချုပ်ရုံးမှကြီးမှူး၍ “အဂတိလိုက်စားမှုတိုက်ဖျက်ဖို့ ပူးပေါင်းဆောင်ရွက်ကြပါစို့” ခေါင်းစဉ်ဖြင့်ကျင်းပသည့် လူမှုကြော်ငြာပြိုင်ပွဲတွင် အသိပညာပေးပိုစတာနှင့်ဗီဒီယိုပြိုင်ပွဲ၌ မြန်မာနိုင်ငံမှ နိုင်ငံကိုယ်စားပြုပါဝင်ယှဉ်ပြိုင်နိုင်ခဲ့သည့်အတွက် မြန်မာနိုင်ငံ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးနှင့် တိုက်ဖျက်ရေးတွင် မျိုးဆက်သစ်လူငယ်များ၏ စိတ်ပါဝင်စားမှုကို နိုင်ငံတကာမှသိရှိအောင် ဆောင်ရွက်နိုင်ခဲ့ပါသည်။
အဆိုပါပြိုင်ပွဲသို့ လူငယ်မျိုးဆက်သစ်များစွာ ပါဝင်ယှဉ်ပြိုင်ခဲ့သည့်အတွက် အဂတိလိုက်စားမှု တိုက်ဖျက်ရေးနှင့်စပ်လျဉ်း၍ လူငယ်များ၏ စိတ်ပါဝင်စားမှုကိုသိရှိခဲ့ရပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေးတွင် လူငယ်များ၏အခန်းကဏ္ဍကို မြှင့်တင်ပေးနိုင်သကဲ့သို့ ပြိုင်ပွဲတွင် ဆုရရှိသူများကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၉ ရက်နေ့တွင် ကျင်းပသည့် (၂၀)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနား၌ နိုင်ငံတော်အဆင့်အသိအမှတ်ပြု ဆုချီးမြှင့်နိုင်ခဲ့သည့်အတွက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးတွင် မျိုးဆက်သစ်လူငယ်များ ပါဝင်ဆောင်ရွက်နိုင်ခဲ့မှုအပေါ် အသိအမှတ်ပြု လေးစားတန်ဖိုးထားသည်ကို ထုတ်ဖော်ပြသနိုင်ခဲ့ပါသည်။
ကော်မရှင်အနေဖြင့် ဖွဲ့စည်းထားသည့် CPU များ၏ လုပ်ငန်းတာဝန် ၃ ရပ်နှင့် လုပ်ငန်းအစီအစဉ် ၆ ရပ်ကို အပြည့်အဝအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး လုပ်ငန်းအစီအစဉ် ၆ ရပ်တွင်ပါဝင်သည့် လုပ်ငန်းလမ်းညွှန်များနှင့် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ တည်မြဲလုပ်ထုံးလုပ်နည်းများရေးဆွဲရန် ကျန်ရှိသည့်ဌာနများအား ရေးဆွဲဆောင်ရွက်သွားနိုင်ရေး ညှိနှိုင်းမှုအရ ၂၀၂၃ ခုနှစ်အတွင်း CPU ဖွဲ့စည်းထားသည့် ဌာနများတွင် ရေးဆွဲဆောင်ရွက်နိုင်ခဲ့ပါသည်။
၂၀၂၁ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ ပြည်ထောင်စုဝန်ကြီးဌာန/ အဖွဲ့အစည်းများ၏ အများပြည်သူထံမှ တုံ့ပြန်မှုရယူခြင်းအစီအစဉ် အကောင်အထည်ဖော်ဆောင်ရွက်မှုအခြေအနေ နှိုင်းယှဉ်ဖော်ပြထားရှိမှုမှာ-
အဂတိလိုက်စားနိုင်ခြေ အန္တရာယ်ရှိမှုဆန်းစစ်လေ့လာခြင်းအားဖြင့် အဂတိလိုက်စားမှုများကို လျော့နည်းကျဆင်းစေမည်ဖြစ်သောကြောင့် ဆောင်ရွက်နိုင်ခြင်းမရှိသေးသည့် အဖွဲ့အစည်းများအား အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် စည်းရုံးဆောင်ရွက်ခြင်း၊ လိုအပ်သည့်နည်းပညာအကူအညီများ ပံ့ပိုးကူညီဆောင်ရွက်ပေးခြင်း၊ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော အဖွဲ့အစည်းများကိုလည်း မှန်ကန်စွာသုံးသပ်နိုင်ရေးအတွက် လိုအပ်သည့်အကူအညီနှင့်လမ်းညွှန်မှုများ ပြုပေးသင့် ပါကြောင်း သုံးသပ်တင်ပြထားသည်ကို တွေ့ရှိရပါသည်။
အဂတိလိုက်စားမှုသည် ကိုယ်ကျင့်တရားဖောက်ဖျက်၍ ယုံကြည်စွာအပ်နှံထားသည့် လုပ်ပိုင်ခွင့်အာဏာကို အလွဲသုံးစားပြုခြင်း၊ မလျော်ဩဇာသုံးစွဲခြင်း၊ နိုင်ငံတော်၏ငွေကြေး၊ ပစ္စည်း၊ ပိုင်ဆိုင်မှုတို့ကို ထိခိုက်နစ်နာဆုံးရှုံးခြင်းအထိ ပါဝင်ပါတယ်။ ကော်မရှင်အနေဖြင့် စုံစမ်းစစ်ဆေးအရေးယူခြင်းများ ဆောင်ရွက်သည့်အပြင် ဆုံးရှုံးနစ်နာမှုများကို ပြန်လည်ရရှိအောင် တာဝန်ယူဆောင်ရွက်ပေးရသည့် အဖွဲ့အစည်းဖြစ်သည့်အတွက် နိုင်ငံတော်ဘဏ္ဍာထိခိုက်နစ်နာ ဆုံးရှုံးမှုမရှိစေရေး၊ ပြည်သူတစ်ဦးချင်း နစ်နာမှုမဖြစ်စေရေး အထူးဂရုပြုဆောင်ရွက်လျက်ရှိကြောင်း တွေ့ရှိရပါသည်။
နိုင်ငံတကာရေးရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ လုပ်ငန်းဆောင်ရွက်မှုများအပေါ် သုံးသပ်တင်ပြချက်များ
၂၀၂၃ ခုနှစ်အတွင်း ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ရှေ့နေချုပ်ရုံးနှင့်လည်းကောင်း၊ အာဆီယံအဂတိလိုက်စားမှုတိုက်ဖျက်ရေးအဖွဲ့ဝင်နိုင်ငံများအနက် အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်သည့် လာအိုပြည်သူ့ ဒီမိုကရက်တစ်သမ္မတနိုင်ငံ အစိုးရစုံစမ်းစစ်ဆေးရေးနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး အာဏာပိုင်အဖွဲ့ (State Inspection and Anti-Corruption Authority-SIAA) နှင့်လည်းကောင်း နားလည်မှုစာချွန်လွှာ MoU လက်မှတ်ရေးထိုးနိုင်ခဲ့ပြီး နိုင်ငံတကာ၌ ကျင်းပသည့် အစည်းအဝေးများ၊ ညီလာခံများ၊ အလုပ်ရုံ ဆွေးနွေးပွဲများသို့ In Person ဖြင့် ခြောက်ကြိမ် ပါဝင်တက်ရောက်နိုင်ခြင်း၊ Virtual Format ဖြင့် ကိုးကြိမ်တက်ရောက်နိုင်ခဲ့ပါသဖြင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆိုင်ရာကောင်းမွန်သည့် အလေ့အထများ၊ အတွေ့အကြုံများ ဖလှယ်နိုင်ခဲ့သောကြောင့် ကော်မရှင်မှဆောင်ရွက်လျက်ရှိသည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးလုပ်ငန်းများတွင် အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း တင်ပြထားသည်ကို တွေ့ရှိရပါသည်။
၂၀၂၄ ခုနှစ် ရှေ့လုပ်ငန်းအစီအစဉ်
ကော်မရှင်သည် ၂၀၂၄ ခုနှစ်တွင် အဂတိလိုက်စားမှုအသိပညာပေးရေး၊ တားဆီးကာကွယ်ရေး၊ စုံစမ်းစစ်ဆေးရေးလုပ်ငန်းများကို အောက်ဖော်ပြပါ လုပ်ငန်းအစီအစဉ်များ ချမှတ်၍ အကောင်အထည် ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တင်ပြထားပါသည်-
(က) ပေါ်လစီမူဘောင်နှင့် ဥပဒေမူဘောင် ဖွံ့ဖြိုးတိုးတက်ရေး
(ခ) တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေး
(ဂ) တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာနှင့် ဖြောင့်မတ်တည်ကြည်မှု မြှင့်တင်ရေး
(ဃ)စုံစမ်းစစ်ဆေးခြင်းနှင့် တရားစွဲဆိုခြင်းလုပ်ငန်းတို့ကို ထိရောက်ခိုင်မာစေမည့် အခြေခံကောင်း များ တည်ဆောက်ရေး
(င) ဌာနစွမ်းဆောင်ရည်မြှင့်တင်ရေး
(စ) ဝန်ထမ်းများ စွမ်းဆောင်ရည်မြှင့်တင်ရေး
(ဆ) နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေး
(ဇ) အမြဲမပြတ်စောင့်ကြည့်ရေးနှင့် သုံးသပ်အကဲဖြတ်ရေး
(ဈ) အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်၏ ၂၀၂၅ ခုနှစ် လုပ်ငန်းအစီအစဉ် ချမှတ်ရေး
(ည) ကော်မရှင်၏ တစ်နှစ်တာ ဆောင်ရွက်ချက်များကို ပြည်သူသို့ အစီရင်ခံတင်ပြရေး
ကော်မရှင်သည် အဂတိလိုက်စားမှုကို လုံးဝလက်မခံသော ယဉ်ကျေးမှုတစ်ရပ် ပေါ်ထွန်းလာစေ ရေးနှင့် အကျင့်ပျက်ခြစားမှုများ မရှိစေရေးအတွက် အခြေခံအကျဆုံးဖြစ်သည့် အသိပညာပေးရေးနှင့် တားဆီးကာကွယ်ရေးလုပ်ငန်းစဉ်များကိုပါ ဟန်ချက်ညီညီချဉ်းကပ်ပြီး အချိန်နှင့်တစ်ပြေးညီ အလေးထားဆောင်ရွက်သွားမည်ဖြစ်သည့်အပြင် နိုင်ငံတော်မူဝါဒများနှင့်ဆန့်ကျင်ပြီး ပုဂ္ဂိုလ်ရေးအကျိုးအမြတ် ရယူဆောင်ရွက်မှုများ၊ နိုင်ငံတော်ကချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ်များနှင့် ဦးတည်ချက်များကို သွေဖည်၍ အဂတိလိုက်စားမှု ကျူးလွန်သည့်မည်သူ့ကိုမဆို ဥပဒေနှင့်အညီထိရောက်စွာ အရေးယူဆောင်ရွက် သွားမည်ဖြစ်ပါသည်။
ထို့ကြောင့် အဂတိလိုက်စားမှုကို လုံးဝလက်မခံသော ယဉ်ကျေးမှုတစ်ရပ် ပေါ်ထွန်းလာစေရေးနှင့် အကျင့်ပျက်ခြစားမှုများ မရှိစေရေးအတွက် နိုင်ငံ့ဝန်ထမ်းများ၊ ပြည်သူ့ဝန်ထမ်းများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ သတင်းမီဒီယာများ၊ ပြည်သူလူထုအားလုံးနှင့်ပူးပေါင်း၍ အဂတိကင်းစင်သည့် အသိုက်အဝန်းတစ်ခု ဖြစ်ပေါ်လာစေရေး ရည်မှန်းကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း အစီရင်ခံတင်ပြအပ်ပါသည်။ ။