Skip to main content

တို့ကျန်းမာရေး၊ တို့အခွင့်အရေးနဲ့ တို့လိုက်နာရမည့် နေထိုင်မှုပုံစံ

အောင်မင်း(ကျန်းမာရေးပညာ) ပြည်သူ့ကျန်းမာရေးဦးစီးဌာန

ကျန်းမာခြင်းဆိုသည်မှာ ရောဂါဘယ ကင်းရှင်း၍ ခန္ဓာကိုယ်ချို့ယွင်းမှု မရှိရုံ မျှသာမကကာယသုခ၊ စိတ္တသုခ၊ မိတ္တသုခတို့ဖြင့် ပြည့်စုံနေသောအခြေအနေဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက (၁၉၄၈)ခုနှစ်တွင် အဓိပ္ပာယ်ဖွင့်ဆိုခဲ့ပါသည်။ ယနေ့အချိန်အခါတွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ အဓိပ္ပာယ်ဖွင့်ဆိုချက်နှင့်အညီ ကျန်းမာသည်ဟု ဆိုနိုင်ရန်မှာ အခက်အခဲများ ကြုံတွေ့နေရပါသည်။ ရာသီဥတုနှင့် ဂေဟစနစ်ပြောင်းလဲလာမှု၊ လူမှုဘဝနေထိုင်မှုပုံစံများ ပြောင်းလဲလာမှုနှင့်အတူ ကူးစက်ရောဂါအသစ်များ အသစ်တစ်ဖန် ပြန်လည်ဖြစ်ပွားလာသောရောဂါများနှင့် အခြားမကူးစက်နိုင်သောရောဂါများသည် ကမ္ဘာ့လူသားများ၏ ကျန်းမာရေးတို့ကို ခြိမ်းခြောက်လာ လျက်ရှိပါသည်။ ကမ္ဘာအနှံ့လူသန်းပေါင်းများစွာ၏ ကျန်းမာရေးကိုထိခိုက်နေမှုများ နေ့စဉ်နှင့်အမျှ များပြားလာလျက်ရှိနေပါသည်။

အာဟာရပြည့်ဝသော အစားအစာရရှိနိုင်ရေး

မည်သူဖြစ်စေ ကျန်းမာရေးစောင့်ရှောက်မှုများရရှိရေး၊ ပညာသင်ကြားခွင့်နှင့် မှန်ကန်သော သတင်းအချက်အလက်များ ရရှိစေရေးတို့အပြင် သန့်စင်သောလေ၊ လုံခြုံစိတ်ချရသော သောက်သုံးရေနှင့် အာဟာရပြည့်ဝသော အစားအစာတို့ ရရှိနိုင်ရေးအတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက (၂၀၂၄)ခုနှစ်၊ ကမ္ဘာ့ကျန်းမာရေးနေ့၏ ရည်မှန်းချက်အဖြစ် My Health, My Right ဟု သတ်မှတ်ပေးခဲ့ပြီး ကျန်းမာရေးဝန်ကြီးဌာနမှ “လူတိုင်းလူတိုင်းကျန်းမာဖို့၊ ကိုယ်စီပါဝင်ဆောင်ရွက်စို့” ဟု ဘာသာပြန်ဆိုထားပါသည်။

မြန်မာနိုင်ငံ၏လူဦးရေ (၇၀) ရာခိုင်နှုန်းကျော်သည် ကျေးလက်ဒေသတွင် နေထိုင်သူများဖြစ်ကြပြီး ကျေးလက်ဒေသနှင့် ဝေးလံခက်ခဲဒေသများတွင် နေထိုင်ကြသူများအပါအဝင် ပြည်သူတစ်ဦးတစ်ယောက်မှ မကျန်ရှိစေဘဲ ထိရောက်သည့် ကျန်းမာရေးစောင့်ရှောက်မှုများပေးနိုင်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ စီမံကိန်း၊ စီမံချက်များရေးဆွဲပြီး ဆောင်ရွက်လျက်ရှိပါသည်။ လူတိုင်းသက်တမ်းစေ့ အသက်ရှည်စွာ နေနိုင်ရေးနှင့် လူတိုင်းရောဂါဘယ ကင်းရှင်းရေးဆိုသည့် ရည်မှန်းချက်(၂)ရပ်ကို ချမှတ်၍ ကျေးလက်ဒေသ အောက်ခြေအထိ ကျန်းမာရေးအသိပညာပေးခြင်း၊ ရောဂါကာကွယ်တားဆီးခြင်းနှင့် ရောဂါဖြစ်ပွားလာလျှင် ထိရောက်စွာကုသမှုပေးခြင်းဟူသည့် နည်းလမ်း(၃)ရပ်ဖြင့် စနစ်တကျ ကြိုးပမ်းအကောင်အထည်ဖော်လျက်ရှိပါသည်။ ထိုသို့အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ကျေးလက်ဒေသအောက်ခြေအထိ ပြည်သူလူထုအား ကျယ်ပြန့်ထိရောက်စွာ ကျန်းမာရေးအသိပညာမြှင့်တင်ခြင်းသည် အလွန်အရေးကြီးပါသည်။

စနစ်တကျကုသမှု လူတိုင်းလက်တွေ့လိုက်နာကျင့်သုံး

ကျန်းမာရေးအသိပညာမြှင့်တင်ခြင်းဆိုသည်မှာ လူတိုင်းကျန်းမာရေးဆိုင်ရာ သတင်းအချက်အလက်များကို လက်လှမ်းမီမီရရှိနိုင်ပြီး ရရှိလာသောသတင်းအချက် အလက်များကို အသုံးပြု၍ မှန်ကန်သည့် ကျန်းမာရေးဆိုင်ရာ ဆုံးဖြတ်ချက်များ ချမှတ်နိုင်ခြင်းနှင့် မိမိနှင့်မိမိမိသားစု ကျန်းမာရေးအား တိုးတက်ကောင်းမွန်အောင် ထိန်းသိမ်းထားနိုင်သည့် လူတစ်ဦးချင်းစီ၏ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးခြင်းဖြစ်သည်။ ကျန်းမာရေး ကိုမြှင့်တင်နိုင်သော၊ ရောဂါဘယများကို ကာကွယ်နိုင်သော၊ ရောဂါဖြစ်ပွားလာလျှင် စနစ်တကျကုသမှုခံယူသောအပြုအမူများကို လူတိုင်းလက်တွေ့လိုက်နာကျင့်သုံးနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ကြရပါသည်။

လူတစ်ဦးတစ်ယောက် တစ်စုံတစ်ရာကို ပြောင်းလဲကျင့်သုံးလာရေးအတွက် ပြောင်းလဲလိုစိတ် ခိုင်မာစွာချမှတ်ထားခြင်း၊ ရရှိလာမည့် အကျိုးကျေးဇူးများမှာ မိမိပေးဆပ်ရသည်ထက် ပိုမိုသာလွန်ကြောင်းယုံကြည်ခြင်း၊ ပတ်ဝန်းကျင်မှ တွန်းအားပေးခြင်းများရှိခြင်း စသည်ဖြင့် အပြုအမူကို လွှမ်းမိုးနေသောအကြောင်းအရာများ အမြောက်အမြားရှိပြီး မှန်ကန်တိကျသော ကျန်းမာရေးအသိပညာများ လက်လှမ်းမီမီရရှိရေးသည် အလွန်အရေးကြီးသော အကြောင်းအရာဖြစ်ပါသည်။ ကျန်းမာရေးနှင့်ညီညွတ်သည့် လူနေမှုဘဝပုံစံများ လိုက်နာကျင့်သုံးရေးသည် ပြည်သူအားလုံးက ကိုယ်တိုင်လုပ်ဆောင်ကြရမည့်ကိစ္စ ဖြစ်ပါသည်။

ကျန်းမာသော နေထိုင်မှုပုံစံ (Healthy Life Style) ဖြစ်စေရန်အတွက် ပြည်သူလူထုအားလုံး အောက်ပါအချက်များကို လိုက်နာကျင့်သုံးရန် လိုအပ်လှပါသည်။

(က) အာဟာရမျှတစွာစားသုံးခြင်း

(၁)     နေ့စဉ်စားသုံးသည့် အကြိမ်တိုင်းတွင် အစာအုပ်စု(၃)စုလုံး ပါဝင်အောင်စားပါ။

(၂)      အသား၊ ငါး၊ ဥ အမျိုးမျိုးတို့နှင့် နို့ထွက်ပစ္စည်းများကို နေ့စဉ်စားသုံးပါ။

(၃)     ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများကို များများစားသုံးပါ။

(၄)     အိုင်အိုဒင်းဆားကိုသုံးစွဲပါ။

(၅)     ရေကိုလုံလောက်အောင်သောက်ပါ။

(၆)     အသင့်စားအစာများထက် သန့်ရှင်းလတ်ဆတ်၍ ဘေးဥပါဒ်အန္တရာယ်ကင်းသော သဘာဝအစာများကို ရွေးချယ်စားသုံးပါ။

(၇)     အဆီ၊ အချို၊ အငန်နှင့်ဆိုင်သော အစာများကို ဆင်ခြင်၍စားသုံး ပါ။

(၈)     အချိုရည်များကို ဆင်ခြင်သောက်သုံးပါ။

(၉)     ကိုယ်ဝန်ဆောင်များနှင့် နို့တိုက်မိခင်များ အာဟာရပြည့်ဝသော အစားအစာများကိုစားပါ။ အစားမရှောင်ပါနှင့်။ မွေးစမှ အသက်(၆)လအထိ မိခင်နို့တစ်မျိုးတည်းသာ တိုက်ကျွေးပါ။

(၁၀)   အသက်(၆)လမှစတင်၍ အာဟာရပြည့်ဝသော ဖြည့်စွက်စာအမျိုးမျိုးကို အသက်အရွယ်အလိုက် စုံလင်အောင်ကျွေးမွေးပါ၊ မိခင်နို့ကို အသက်(၂)နှစ်အထိ ဆက်လက်တိုက်ကျွေးပါ။

(၁၁)   ကလေးများနှင့် အပျိုဘော်ဝင်အရွယ်များ အစွမ်းကုန်ကြီးထွားဖွံ့ဖြိုးနိုင်စေရန် ခန္ဓာကိုယ် ကြီးထွားဖွံ့ဖြိုးသော အစားအစာများကို ပိုကျွေးပါ။

(၁၂)    သက်ကြီးဘိုးဘွားဘဝတွင် အာဟာရဓာတ်များ ကြွယ်ဝသည့် အစားအစာများကိုသာ ရွေးချယ်စားသုံးပါ။

(ခ) သင့်လျော်မှန်ကန်သော လေ့ကျင့်ခန်းများ မှန်မှန်ပြုလုပ်ခြင်း

- ကာယလှုပ်ရှားမှုနှင့် အားကစားတွင် ပုံမှန်ပါဝင်ဆောင်ရွက်ခြင်းသည် ဆိုးရွားသော ကျန်းမာရေးရလဒ်များ၏ အန္တရာယ်မှ လျှော့ချပေးနိုင်သည်။

- ကာယလှုပ်ရှားမှု အနည်းငယ်ပြုလုပ်ခြင်းသည်ပင်လျှင် လုံးဝမပြုလုပ်ခြင်းထက် များစွာအကျိုးရှိစေပါသည်။

- ကာယလှုပ်ရှားမှုများသည် အသက်အရွယ်နှင့် ပင်ကိုကျန်းမာရေးအခြေခံပေါ် မူတည်၍ ပို၍ထိထိရောက်ရောက်၊ ပို၍အကြိမ်ရေများများ၊ ပို၍ အချိန်ကြာကြာ ဆောင်ရွက်နိုင်သည်နှင့်အမျှ ကျန်းမာရေးရလဒ်ကောင်းကျိုးများကို ပိုမိုရရှိစေပါသည်။

- သွက်သွက်လက်လက် လမ်းလျှောက်ခြင်းကဲ့သို့သော အတန်အသင့် ပြင်းထန်သည့်ကာယလှုပ်ရှားမှုမျိုးကို တစ်ပတ်လျှင် အနည်းဆုံး မိနစ်(၁၅၀)ခန့် လုပ်ဆောင်ခြင်းသည် ကျန်းမာခြင်းအကျိုးရလဒ်ကို ထိထိရောက်ရောက် ရရှိစေပါသည်။ ထို့ထက်ပို၍ လုပ်ဆောင်နိုင်လေပို၍ အကျိုးရှိလေဖြစ်သည်။

- သက်လုံနှင့် ကြွက်သားကြံ့ခိုင်သန်စွမ်းမှုဆိုင်ရာ ကာယလှုပ်ရှားမှု နှစ်မျိုးစလုံးက ကျန်းမာရေးအတွက်အကျိုးရှိစေသည်။

- ကာယလှုပ်ရှားမှုအား တီးလုံး(Music)နှင့် တွဲဖက်၍ နေ့စဉ်ပုံမှန်လုပ်ဆောင်မှုသည် လူမျိုးတိုင်း၊ ဒေသတိုင်းတွင်ရှိသည့် ကလေးသူငယ်များ၊ ဆယ်ကျော်သက်အရွယ်များ၊ လူငယ်များ၊ လူလတ်ပိုင်းများ၊ သက်ကြီးပိုင်းများအားလုံးအတွက် သက်ရောက်မှုရှိသည်။

- ၎င်းအပြင် ကိုယ်ဝန်ဆောင်၊ မသန်စွမ်းသောသူများနှင့် နာတာရှည်ရောဂါဝေဒနာ ခံစားနေရသူများပင်လျှင် ကာယ လှုပ်ရှားမှုကြောင့် ကျန်းမာရေး အကျိုးရလဒ်များ ခံစားရရှိစေနိုင် ပါသည်။

(ဂ) သင့်တင့်လျောက်ပတ်စွာ အနားယူ ခြင်း

စောစောအိပ်ထ ပြုကျင့်က ကင်းပဘေးရောဂါ ဆိုသည့်အတိုင်း အိပ်ရေးဝဝအိပ်ပါ၊ အလုပ်ကို အချိန်ကြာမြင့်စွာ လုပ်ကိုင်ခြင်း၊ အလွန်ပင်ပန်းစွာ အလုပ် လုပ်ခြင်းကို ရှောင်ကြဉ်ပြီး လုံလောက်စွာ အနားယူပါ။ အတိုင်းအထက်အလွန် ဂိမ်းကစားခြင်းများကဲ့သို့သော အိပ်ရေး အလွန်ပျက်ခံခြင်းများကို ရှောင်ကြဉ်ပါ။

(ဃ) အစာသန့်၊ ရေသန့်၊ အိမ်သာသန့်၊ တစ်ကိုယ်ရေသန့်နှင့်နေထိုင်ခြင်း

(၁)     တစ်ကိုယ်ရေ သန့်ရှင်းရေးဂရု စိုက်ပါ၊ အထူးသဖြင့် လက်ကို စနစ်တကျ ဆေးကြောပါ။

(၂)      ရေကောင်းရေသန့်သုံးစွဲပါ။

(၃)     သန့်ရှင်းသော အစားအစာကို ရွေးချယ်စားသုံးပါ။

(၄)     ယင်လုံအိမ်သာ ဆောက်လုပ် သုံးစွဲထိန်းသိမ်းပါ။

(င) ရှောင်ကြဉ် သင့်သည်များကို ရှောင်ကြဉ်ခြင်း

(၁)     အရက်၊ ဆေးလိပ်၊ ကွမ်း၊ မူးယစ်ဆေးဝါး သုံးစွဲခြင်းကို ရှောင်ကြဉ်ပါ။

(၂)      လိင်အပျော်အပါး လိုက်စားခြင်းကို ရှောင်ကြဉ်ပါစသည်တို့ကို ပြည်သူအားလုံးက လိုက်နာ လုပ်ဆောင်ကြရပါမည်။

ကျန်းမာသော မျှော်မှန်းသက်တမ်းမြင့်မားရေး

ကျန်းမာရေးဝန်ကြီးဌာနမှ အရည်အသွေးပြည့်ဝသော ကျန်းမာရေးစောင့်ရှောက်မှုများကို ပြည်သူအားလုံး လက်လှမ်းမီအောင်ပေးနေသကဲ့သို့ ပြည်သူတိုင်းကလည်း ကျန်းမာရေး စောင့်ရှောက်မှုများကို လိုလိုလားလားခံယူသုံးစွဲရန် အရေးကြီးပါသည်။ မိမိကိုယ်တိုင် လိုက်နာကျင့်သုံးရမည့် ကျန်းမာရေးအမူအကျင့်ကောင်းများကို လိုက်နာကျင့်သုံးခြင်း၊ ကျန်းမာရေး ဝန်ကြီးဌာန၏ လုပ်ငန်းများတွင် မိမိတို့ ကျရာအခန်းကဏ္ဍမှ ပြည်သူအားလုံး ပါဝင်ဆောင်ရွက်ခြင်း၊ မိမိတို့ ကျန်းမာ ရေးအတွက် မိမိတို့သည်သာ တာဝန် အရှိဆုံးဆိုသည်ကို အပြည့်အဝခံယူ၍ မိမိတို့၏ ကျန်းမာသော မျှော်မှန်း သက်တမ်းမြင့်မားရေးအတွက် ယခုနှစ် ကမ္ဘာ့ကျန်းမာရေးနေ့ ဆောင်ပုဒ်ဖြစ်သော “လူတိုင်း လူတိုင်း ကျန်းမာဖို့၊ ကိုယ်တိုင်ပါဝင်ဆောင်ရွက်စို့” နှင့်အညီ ပြည်သူအားလုံး ဝိုင်းဝန်းလက်တွဲ ဆောင်ရွက်ကြပါစို့ဟု တိုက်တွန်း ရေးသားလိုက်ရပါသည်။ ။