Skip to main content
01

ကျွန်တော်ရခဲ့သော မွေးနေ့လက်ဆောင်

ဘာတွေကျန်ရစ်ခဲ့ပြီလဲ

“(၃၃) နှစ်ပြည့်တဲ့မွေးနေ့မှာ ဘာတွေကျန်ရစ်ခဲ့ပြီလဲလို့ ပြန်ကြည့် လိုက်ရင်တော့ (၃၃) နှစ်ဆိုတာကလွဲလို့” (ကဗျာဆရာဘိုင်ရွန်) သားမွေးနေ့က ဇူလိုင် ၈ ရက်၊ ကျွန်တော့်မွေးနေ့က ဇူလိုင် ၂၅ ရက်၊ ကွယ်လွန်သူဇနီးသည် မွေးနေ့က ဇူလိုင် ၂၆ ရက် အားလုံးက ဇူလိုင် မွေးနေ့ရှင်များ ဖြစ်နေသောကြောင့် ကိုဗစ်ကပ်ရောဂါကြီးမဖြစ်မီ ယခင့်ယခင်နှစ်တွေမှာ ဇူလိုင်မိသားစုမွေးနေ့ဆုမွန်လွှာဆိုပြီး သတင်းစာတွေ မှာထည့်ဖြစ်ခဲ့သည်။ သည်ဘက်နှစ် မွေးနေ့တွေမှာတော့ မထည့်ဖြစ်တာ ကြာပေပြီ။ သို့တစေ ကဗျာဆရာဘိုင်ရွန်၏ အထက်ပါစကားစုလေးက မွေးနေ့ရောက်တိုင်း ရောက်တိုင်း မိမိကိုယ်မိမိ ဆင်ခြင် သုံးသပ်နိုင်အောင် သတိပေးနေသလိုပင်။ တကယ်လည်း ဆင်ခြင်မိပါ၏။ ကျွန်တော့်ဘဝ တစ်လျှောက်လုံးမှာ ဘာတွေလုပ်ခဲ့ပြီးပြီလဲ၊ ဘယ်လောက် အောင်မြင်ခဲ့သလဲ၊ ဘာတွေမှားခဲ့သလဲ၊ ဘယ်အထိခရီးဆက် နိုင်ဦးမလဲ စသည်…စသည်။ အများကြီး မလုပ်နိုင်သည့်တိုင်အောင်၊ လုပ်ခွင့်မရသည့် တိုင်အောင် နတလတည်းဟူသော နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှာ ၂၃ နှစ်ကြာ တာဝန်ထမ်းဆောင် ခဲ့ဖူးသောကြောင့် ကျွန်တော်ချစ်သော တိုင်းရင်း သားများအတွက်၊ ကျွန်တော်သံယောဇဉ်ရှိသော နယ်စပ်ဒေသများအတွက် ထိုက်သင့်အားလျော်စွာ လုပ်နိုင်ခဲ့ပြီမို့ ကျေနပ်မိပါသည်၊ ဝမ်းသာပီတိဖြစ်ရပါသည်။ အငြိမ်းစားဝန်ထမ်းဘဝမှာတောင် နယ်စပ် ရေးရာဝန်ကြီးဌာနက ဝန်ထမ်းများနှင့်အတူ ကချင်ပြည်နယ် ပူတာအိုခရိုင် ခေါင်လန်ဖူးဒေသသို့ ရောက်လိုက်သေး၏။ သွားနိုင်တုန်းသွားရ တာပဲလေဟု သဘောပိုက်လျက် အရောက်သွားခဲ့ခြင်းပင်။ ၎င်းအပြင် မွေးရပ်မြေ ဧရာဝတီတိုင်းဒေသကြီးထဲက မြို့ရွာတော်တော်များများ ကိုလည်း ရောက်ခဲ့ပြန်သည်။ ထိုမြို့ထိုရွာများရှိ အထကကျောင်းများ၌ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် ကျောင်းသား ကျောင်းသူလေးများ နှင့် တွေ့ဆုံပြီး စာမေးပွဲအောင်ချက် မြင့်မားရေး၊ အောင်မြင်သူများ အနေဖြင့် နယ်စပ်ရေးရာ ဝန်ကြီးဌာနအောက်တွင် ဖွင့်လှစ်ထားသော ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်၊ ပြည်ထောင်စုတိုင်းရင်းသား လူငယ်များစွမ်းရည် ဖွံ့ဖြိုးရေးဒီဂရီ ကောလိပ် (ရန်ကုန်နှင့်စစ်ကိုင်း)တို့သို့ တက်ရောက်ခွင့်ရရှိရေး ရှင်းလင်းဆွေးနွေး ပေးခဲ့သည်။ ပြောခဲ့ပြီကောလေ၊ “ဝ” ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်းထဲက မက်မန်းမြို့လေးသို့ပင် ရောက်ခဲ့ ဟောခဲ့ ပြောခဲ့သည်ဟု။ ဟော…ထိုသို့နေလာရာက သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန၌ တာဝန်ထမ်းဆောင်ခွင့်ရလာပြန် သောအခါ ကျွန်တော်ကျေနပ်ဝမ်းသာမိပါသည်။ အကြောင်းကတော့ နတလမှာကဲ့သို့ပင် အများအကျိုးကို သယ်ပိုးခွင့်ရစေမည့် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဖြစ်နေသောကြောင့်ပင်။