ငါးလုပ်ငန်းရာသီနှစ်အတွက် မော်လိုက်ခရိုင်အတွင်းရှိ ဂရန်အင်းများကို စျေးပြိုင်စနစ်ဖြင့် ပထမအကြိမ် အိတ်ဖွင့်လေလံတင်ရောင်းချမည်

ကလေး    မေ     ၂၉

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာန၏ ၂၀၁၉−၂၀၂၀ ပြည့်နှစ်၊ ငါးလုပ်ငန်းရာသီအတွက်  မော်လိုက်ခရိုင် မော်လိုက်မြို့နယ်နှင့် ဖောင်းပြင် မြို့နယ်အတွင်းရှိ ဂရန်အင်း ခြောက်နေရာကို သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်စုအတွင်းရှိ ရေလုပ်ငန်းလုပ်ကိုင်သူများအား စျေးပြိုင် စနစ်ဖြင့် ပထမအကြိမ် အိတ်ဖွင့်လေလံတင်ရောင်းချပေးခြင်းကို ဇွန်လ ၂ ရက်နေ့ နံနက် ၁၀ နာရီ တွင် အင်းလေလံ စည်းကမ်းချက်များနှင့်အညီ မော်လိုက်မြို့ ငါးလုပ်ငန်းဦးစီးဌာနရုံး၌ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

မော်လိုက်ခရိုင်၊ မော်လိုက်မြို့နယ်နှင့် ဖောင်းပြင်မြို့နယ်အတွင်းရှိ ဂရန်အင်းများမှာ မော်လိုက်မြို့နယ်တွင် အင်းမအင်း၊ ကက္ကူအင်း၊ ဖောင်းပြင်မြို့နယ်တွင် မင်းယားမြောက်အင်း၊ ဟဲလှော်အင်း၊ သာစည်အင်း၊ ဆွတ်နန်းအင်း စုစုပေါင်း အင်း ​ခြောက်နေရာ တို့ဖြစ်ကြပြီး အဆိုပါအင်းများအတွက် တင်ပြရမည့် စပေါ် ငွေမှာ အင်းတစ်နေရာလျှင် ၁၀၀ ရာခိုင်နှုန်းစီဖြစ်ကြောင်း မော်လိုက်မြို့ ငါးလုပ်ငန်းဦးစီးဌာန၏ အိတ်ဖွင့် လေလံတင်ရောင်းချခြင်းကြော်ငြာအရ သိရသည်။

ငါးလုပ်ငန်းရာသီအတွက် ဂရန်အင်းများမှ ငါးအထွက်နှုန်းတိုးတက်စေရန်၊ အင်းနယ်နိမိတ်အား ကာကွယ် စောင့်ရှောက်ရန်နှင့် အင်းရာသီအတွင်း ငါးကုန်/ ရေခမ်းဖမ်းဆီးခြင်းအပြုလုပ်ဘဲ အင်းရေချန်/ ငါးရေချန် စနစ် လုပ်ကိုင်​စေရန်တို့ကို ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ဂရန်အင်းများသည် နိုင်ငံတော်ပိုင် သယံဇာတများဖြစ်ကြောင်း၊ အင်းလုပ်ငန်းသည် သဘာဝကထွက်ရှိသော ငါးများကို ဖမ်းဆီးရသည့် လုပ်ငန်း ဖြစ်တာနှင့်အညီ ရေရှည်စဉ်ဆက်မပြတ် ငါးဖမ်းဆီးထုတ်လုပ်နိုင်ရန်အတွက် အဆိုပါဂရန်အင်းရဲ့ ငါးမျိုးစိတ် များမပြုန်းတီးစေရန်ဖြစ်ကြောင်း၊ ငါးမျိုးများပြုန်းတီးနိုင်တဲ့ တရားမဝင် ငါးဖမ်းကိရိယာများဖြင့် အသုံး ပြုခြင်းမှ ကာကွယ်ကြီးကြပ်ရန်ဖြစ်ကြောင်း၊  ငါးရစ်ငါးသန်ရာသီချိန် တားမြစ်ကာလတွင် ငါးဖမ်းဆီးမှု မရှိစေရန်အတွက် အင်းလေလံဆွဲဝယ်ယူရရှိသူတွေက တာဝန်သိမှု တာဝန်ရှိမှုများဖြင့် အလေးထားကြရန် အတွက် ယခုလိုဆောင်ရွက်ခြင်းဖြစ်ကြောင်း မော်လိုက်မြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးတင်ထွန်းက ပြောသည်။

မော်လိုက်ခရိုင်အတွင်းရှိ မော်လိုက်မြိုနယ်တွင် အင်း နှစ်ခု၊ ဖောင်းပြင်မြို့နယ်တွင် အင်း လေးခု စုစုပေါင်း အင်းခြောက်ခု ရှိကာ ငါးမွေးမြူရေးကန်များအနေဖြင့် မော်လိုက်မြို့နယ်တွင် ၂၇ ကန်၊ ဖောင်းပြင် မြို့နယ် တွင် ၄ ကန် ရှိပြီး၊ ရောင်းချမည့် တင်ဒါ (ငါးဖမ်းကွက်)များအနေဖြင့် မော်လိုက်မြို့နယ်တွင် ငါးဖမ်းကွက် ခြောက်ခု၊ ဖောင်းပြင်မြို့နယ်တွင် ငါးဖမ်းကွက် ကိုးခု တို့ရှိကြောင်းသိရပြီး၊ ​လေလံတင်ရောင်းချမည့် အင်းများ အနေဖြင့် ဇွန်လ ၂ ရက်နေ့တွင်လည်းကောင်း၊ တင်ဒါ(ငါးဖမ်းကွက်)များ အနေဖြင့် ဇွန်လ ၁၉ ရက်နေ့တွင်လည်းကောင်း ရောင်းချပေးသွားမည်ဖြစ်ကြောင်း  ခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးစိုးမြင့်သိန်း ထံမှ သိရသည်။

သန်းထိုက်အောင်(ပြန်/ဆက်)