ဘာသာပြန်စာပေဌာနခွဲ

စာပေဗိမာန်ကို Semi-Government အဖွဲ့အစည်းအဖြစ် ကိုယ်ပိုင်ဥပဒေနှင့် ရပ်တည်နိုင်ရေးအတွက် ဥပဒေ ရေးဆွဲရေးအဖွဲ့ဝင်များက ဥပဒေ ရေးဆွဲလျက် ရှိပါသည်။ ယခုအခါ စာပေဗိမာန်အဖွဲ့ ဒုတိယ အဆိုပြု သုည(မူကြမ်း)ကို ၂ဝ၁၃ ခုနှစ် ဇူလိုင်လ ၃၁ ရက်နေ့က ရန်ကုန်မြို့ ကုန်သည်လမ်း စာပေဗိမာန်ရုံးတွင် ကျင်းပသည့် စာပေဗိမာန် ဥပဒေ ရေးဆွဲရေးအဖွဲ့ အစည်းအဝေးတွင် ရေးဆွဲ အတည်ပြုပြီးဖြစ်ကြောင်း သိရသည်။

အစည်းအဝေးသို့ ပုံနှိပ်ရေးနှင့် စာအုပ်ထုတ်​ေရေးလုပ်ငန်း အထွေထွေမန်နေဂျာ ဦးမျိုးမြင့်မောင်နှင့် စာပေဗိမာန်ရုံးမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဥပဒေ ရေးဆွဲရေးအဖွဲ့ဝင်များဖြစ်ကြသည့် ဦးစံလွင် (တောင်ခိုး)၊ ဦးမောင်မောင် (မြန်မာနိုင်ငံ စာကြည့်တိုက် ဖောင်ဒေးရှင်း)၊ ဦးခင်မောင်စိုး (မောင်ပေါ်ထွန်း)၊ ဦးမျိုးအောင် (ပြည့်စုံစာပေတိုက်)၊ ဦးမောင်လှိုင် (စာတည်းမှူးချုပ်-ငြိမ်း၊ စာပေဗိမာန်) နှင့် ဦးတင်ကြည် (ဒုတိယညွှန်ကြားရေးမှူး-ငြိမ်း၊ မူပိုင်ခွင့်နှင့် မှတ်ပုံတင်ဌာနခွဲ) တို့ တက်ရောက်ခဲ့ကြသည်။

အစည်းအဝေးတွင် စာပေဗိမာန်အဖွဲ့ ဥပဒေ မူကြမ်းကို ပုံနှိပ်ရေးနှင့် စာအုပ်ထုတ်​ေရေးလုပ်ငန်း အထွေထွေမန်နေဂျာ ဦးမျိုးမြင့်မောင်က ပါဝါပွိုင့်ဖြင့် ရှင်းလင်းတင်ပြပြီး စာပေဗိမာန်၏ ဘာသာပြန်လုပ်ငန်း၊ စာပေပြုစုရေးလုပ်ငန်း၊ စာပေတိုးတက် ပြန့်ပွားရေးလုပ်ငန်း၊ စာအုပ်ဖြန့်ချိရေးလုပ်ငန်း စသည့် ရည်ရွယ်ချက်များ အပါအဝင် ဖွဲ့စည်းခြင်း၊ လုပ်ငန်းတာဝန်များ စသည်တို့ကို တက်ရောက်လာကြသည့် ပညာရှင်များက အသေးစိတ် ညိနှိုင်းဆွေးနွေး အကြံပြုခဲ့ကြကြောင်း သတင်းရရှိသည်။

မကြာမီကာလတွင် မြန်မာနိုင်ငံ ဘာသာပြန်စာပေအသင်း (စာပေဗိမာန်) ကို ပြည်သူလူထုအား အသိဉာဏ် မြှင့်တင်ပေးနိုင်မည့် စာပေဖွံ့ဖြိုးရေးဆိုင်ရာ လုပ်ငန်းများ ပိုမို သွက်လက်စွာနှင့် ပိုမိုလွတ်လပ်စွာ ဆောင်ရွက်နိုင်​ရေးအတွက် အသွင်ပြောင်းလဲရန် လျာထားဆောင်ရွက်လျက်ရှိပါသည်။

စာ ​ပေဗိမာန်ကို အသွင်ပြောင်းလဲ ဖွဲ့စည်းရာတွင် ပထမဦးဆုံးအဆင့်အနေဖြင့် စာပေပညာရှင်များ၊ ဥပဒေပညာရှင်များ ပါဝင်သည့် မြန်မာနိုင်ငံ ဘာသာပြန်စာပေအသင်း (စာပေဗိမာန်) ၏ ကိုယ်ပိုင်ဥပဒေ ရေးဆွဲရေးအဖွဲ့ အစည်းအဝေးကို ၇-၇-၂၀၁၃ နေ့တွင် ကုန်သည်လမ်း စာပေဗိမာန်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပါသည်။

ယင်းအစည်းအဝေးတွင် ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့် စာအုပ်ထုတ်ဝေရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးအောင်မျိုးမြင့်က မြန်မာစာပေ ဖွံ့ဖြိုးရေး လုပ်ငန်းများကို ဆောင်ရွက်ခဲ့ပြီး တစ်ချိန်က လျှမ်းလျှမ်းတောက် ကျော်ကြားခဲ့သည့် စာပေဗိမာန်သည် ခေတ်ကာလများ ရွေ့လျောလာပြီး လုပ်ငန်းစဉ်များလည်း ကျဆင်းခဲ့ကြောင်း၊ ယခု ဒီမိုကရေစီ အစိုးရသစ်ခေတ်တွင် ယင်းအစဉ်အလာကောင်းများကို ပြန်လည်မြှင့်တင် ဆောင်ရွက်ရန် ရှိပါကြောင်း၊ ယင်းလုပ်ငန်းစဉ် အစီအမံများကို ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးကတစ်ဆင့် နိုင်ငံတော်သမ္မတကြီးထံ တင်ပြထားပြီးဖြစ်ပါကြောင်း၊ စာပေဗိမာန်သမိုင်းကို ပြန်လေ့လာသောအခါ ယခင်က မိမိကိုယ်ပိုင် ရပ်တည်ဆောင်ရွက်ခဲ့သည့် အဖွဲ့အစည်း (Autonomous Body) ဖြစ်သဖြင့် ယခု အသွင်ပြောင်းလဲမှုတွင် Semi-Government အဖွဲ့အစည်းအဖြစ် အစိုးရနှင့် ပုဂ္ဂလိကများက ပါဝင်ကူညီလျက် ဆောင်ရွက်မည် ဖြစ်ပါကြောင်း၊ ပညာရှင်များက ဥပဒေ ရေးဆွဲရာတွင် ဌာနဖွဲ့စည်းပုံ၊ ဝန်ထမ်းရေးရာကိစ္စများသာမက စာပေဗိမာန်၏ အနာဂတ် လုပ်ငန်းစဉ်တွင် ဒီဂျစ်တယ်ခေတ်အရ ပြောင်းလဲ ဖွံ့ဖြိုးလာမည့် e-Media ကဏ္ဍ ပါဝင်နိုင်ရန်၊ နိုင်ငံတော်၏ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးလုပ်ငန်းစဉ်တွင် စာပေအသိပညာကဏ္ဍဖြင့် ပါဝင်မြှင့်တင် ဆောင်ရွက်နိုင်ရန်တို့ကိုလည်း ထည့်သွင်း စဉ်းစားပေးပါရန် ပြည်ထောင်စုဝန်ကြီးက အမှာအကြား ရှိပါကြောင်း စာပေဗိမာန် ရှင်သန်နိုးထရေးလုပ်ငန်းတွင် ပါဝင်ကူညီ အားဖြည့်ကြမည့် စာပေပညာရှင်ကြီးများ၊ ဥပဒေပညာရှင်ကြီးများကို အထူးပင် ကျေးဇူးတင်ရှိပါကြောင်း စသည်ဖြင့် အမှာစကား ပြောကြားခဲ့ပါသည်။

ယင်းအစည်းအဝေးသို့ ဒေါက်တာဦးသော်ကောင်း၊ ဦးစံလွင် (တောင်ခိုး)၊ ဦးအေးချို (မဟာဝိဇ္ဇာ)၊ ဒေါက်တာဦးခင်အေး (မောင်ခင်မင်-ဓနုဖြူ)၊ ဦးဟန်ညွန့် (ဦးဟန်ညွန့်-ဥပဒေ)၊ ဦးဝင်းမောင် (မင်းယုဝေ)၊ ဦးမောင်မောင် (ကြည်ရွှန်း)၊ ဦးမျိုးအောင် (ပြည့်စုံစာပေ)၊ ဦးမောင်လှိုင် (မောင်ဆွေငယ်) စသည့် စာပေပညာရှင်၊ ဥပဒေပညာရှင်ကြီးများ တက်ရောက်ကြပြီး စာပေဗိမာန်အဖွဲ့ ကိုယ်ပိုင်ရပ်တည်ရေး ဥပဒေတွင် ပါဝင်သင့်သည့် ဥပဒေပြုရေး ဆောင်ရွက်ရမည့် လုပ်ငန်းစဉ် အစီအမံများကို စိတ်ဝင်တစား အကြံပြုခဲ့ကြကြောင်း သိရှိရသည်။

သို့ဖြစ်၍ စာပေဗိမာန် ကိုယ်ပိုင်ရပ်တည်နိုင်ရေးအတွက် ဆောင်ရွက်သင့်သည့် အစီအမံများအပေါ် Web Site တွင်ဖြစ်စေ၊ စာရေးသား၍ဖြစ်စေ၊ တယ်လီဖုန်းဖြင့်ဖြစ်စေ အကြံပြုနိုင်ကြပါရန် မေတ္တာရပ်ခံထားကြောင်းနှင့် ဆက်သွယ်ရန် လိပ်စာများမှာ အောက်ပါအတိုင်းဖြစ်ကြောင်း အသိပေးအပ်ပါသည်-

(က) www.moi.gov.mm/ppe

(ခ) www.moiforum.gov.mm

(ဂ)  အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ စာပေဗိမာန်ရုံး။

(ဃ) စာတည်းမှူး (ဖုန်း ၀၁-၃၇၄၅၃၂)၊ ဘာသာပြန်ဌာန (ဖုန်း ၀၁-၃၈၇၇၂၄)၊ စီမံရေးရာဌာန (ဖုန်း ၀၁-၃၈၁၄၄၉)

ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့် စာအုပ်ထုတ်ဝေရေးလုပ်ငန်း စာပေဗိမာန်အဖွဲ့အား ကိုယ်ပိုင်ဥပဒေနှင့်အညီ ရပ်တည်နိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်လျက်ရှိပါသည်။ ယင်းသို့ ဖွဲ့စည်းရပ်တည်ရေးအတွက် စာပေပညာရှင်ကြီးများနှင့် ဥပဒေပညာရှင်ကြီးများ ပါဝင်သော မြန်မာနိုင်ငံ ဘာသာပြန်အသင်း (စာပေဗိမာန်) အား ကိုယ်ပိုင်ဥပဒေနှင့်အညီ ရပ်တည်နိုင်ရေး ဥပဒေရေးဆွဲရေးအဖွဲ့အား အောက်ပါပုဂ္ဂိလ်များ ပါဝင်လျက် ဖွဲ့စည်းဆောင်ရွက်နေပြီဖြစ်သည်။

(က) စည်သူဦးသော်ကောင်း                                           ဥက္ကဋ္ဌ

(ခ) ဦးစံလွင် (တောင်ခိုး)                                               အဖွဲ့ဝင်

(ဂ) ဒေါက်တာ ဦးတင်အောင်အေး (ဥပဒေပညာရှင်)           အဖွဲ့ဝင်

(ဃ) ဦးမောင်မောင် (စာကြည့်တိုက်ဖောင်ဒေးရှင်း)            အဖွဲ့ဝင်

(င) ဦးခင်အေး (မောင်ခင်မင် - ဓနုဖြူ)                             အဖွဲ့ဝင်

(စ) ဦးဟန်ညွန့် (ဦးဟန်ညွန့် - ဥပဒေ)                              အဖွဲ့ဝင်

(ဆ) ဦးအေးချို (မဟာဝိဇ္ဇာ) (ဥပဒေပညာရှင်)                    အဖွဲ့ဝင်

(ဇ) ဦးမောင်မောင် (ကြည်ရွှန်း၊ ဥပဒေ)                             အဖွဲ့ဝင်

(ဈ) ဦးခင်မောင်စိုး (မောင်ပေါ်ထွန်း)                               အဖွဲ့ဝင်

(ည) ဦးသန့်မြင့်ဦး (သန့်မြင့်ဦး)                                      အဖွဲ့ဝင်

(ဋ) ဦးမျိုးအောင် (မျိုးအောင် - ရုက္ခဗေဒ)                         အဖွဲ့ဝင်

(ဌ) ဦးတင်ကြည် (ဥပဒေ)                                              အဖွဲ့ဝင်

(ဍ) ဦးမောင်လှိုင် (မောင်ဆွေငယ်)                            အတွင်းရေးမှူး

(ဎ) စာတည်းမှူးချုပ်၊ စာပေဗိမာန်                       တွဲဖက်အတွင်းရေးမှူး

အဆိုပါ ဥပဒေ ရေးဆွဲရေးအဖွဲ့အနေဖြင့် လိုအပ်သည့် စည်းမျဉ်းစည်းကမ်းများ ရေးဆွဲခြင်းလုပ်ငန်းကို ယခုအခါ ညှိနှိုင်းဆွေးနွေး ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

အကြံပြုစာ/တိုင်ကြားစာ