ပုံနှိပ်ရေးနှင့် စာအုပ်ထုတ်ဝေရေးလုပ်ငန်း

ပုံနှိပ်ရေးနှင့် စာအုပ်ထုတ်ဝေရေးလုပ်ငန်း

နိဒါန်း

ပြန်ကြားရေးဝန်ကြီးဌာန၏ လက်အောက်တွင် ဦးစီးဌာနနှစ်ခုနှင့် လုပ်ငန်းသုံးခု ရှိသည့်အနက် ပုံနှိပ်ရေးနှင့် စာအုပ်ထုတ်ဝေရေးလုပ်ငန်းလည်း အပါအဝင် ဖြစ်သည်။ ပုံနှိပ်ရေးနှင့် စာအုပ်ထုတ်ဝေရေးလုပ်ငန်း၏ သမိုင်းအစမှာ လွန်ခဲ့သောနှစ်ပေါင်း ၁၃ဝ ကျော်၊ ၁၈၈ဝ ပြည့်နှစ်က ရန်ကုန်ဗဟိုအကျဉ်းထောင်တွင် မစ္စတာကောလ်ဘတ် ဆိုသူနှင့် စတင်တည်ထောင်ခဲ့သည့် အစိုးရပုံနှိပ်တိုက်ပင် ဖြစ်ပါသည်။ ယခုအချိန်တွင် ပုံနှိပ်ရေးနှင့်စာအုပ်ထုတ်ဝေရေးလုပ်ငန်းသည် အဓိကအားဖြင့် အခြေခံပညာ မူလတန်း၊ အလယ်တန်း၊ အထက်တန်းအဆင့် ကျောင်းသုံး ဖတ်စာအုပ်များကို ပညာရေးဝန်ကြီးဌာန၏ မှာကြားချက်အတိုင်း နှစ်စဉ်ပုံနှိပ်ပေးလျက်ရှိပါသည်။ ထို့ပြင် နိုင်ငံတော်အစိုးရနှင့် ဝန်ကြီးဌာနများမှအပ်နှံသော ပုံနှိပ်လုပ်ငန်းများ၊ နိုင်ငံတော်အတွက် အရေးကြီးသော မှတ်တမ်းစာအုပ်များ၊ စာပေဖွံ့ဖြိုးရေးအတွက် စာအုပ်စာစောင်များ ပုံနှိပ်ထုတ်ဝေခြင်း၊ ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့တွင် စာပေဗိမာန် ပြည်သူ့စာကြည့်တိုက်များနှင့် စာအုပ်အရောင်းဆိုင်များ ဖွင့်လှစ်၍ စာပေဖွံ့ဖြိုးမှု ဆောင်ရွက်ခြင်း၊ နှစ်စဉ် စာပေဆုများ ရွေးချယ်ချီးမြှင့်ပေးခြင်းတို့ဖြင့် ပြည်သူများ အသိပညာ ဗဟုသုတပြည့်ဝရေး လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဖြည့်ဆည်းဆောင်ရွက်ပေးလျက် ရှိပါသည်။

သမိုင်း

၁၈၈ဝ ပြည့်နှစ်က စတင်တည်ထောင်ခဲ့သည့် အစိုးရပုံနှိပ်တိုက်သည် ထိုစဉ်က မြန်မာနိုင်ငံအစိုးရ အတွင်းဝန်များရုံး၏ ပုံနှိပ်လုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ရသည်။ နောက်ပိုင်းတွင် အခြားဌာနများ၏ ပုံနှိပ်လုပ်ငန်းများကိုပါ တစ်စတစ်စ တိုးချဲ့ဆောင်ရွက်လာခဲ့ရာ လုပ်ငန်းကျယ်ပြန့်လာခဲ့သဖြင့် ၁၈၉ဝ ပြည့်နှစ်၊ သြဂုတ်လ ၂ဝ ရက်နေ့တွင် ဗဟိုပုံနှိပ်တိုက်၊ ထောင်ပုံနှိပ်တိုက်ဌာနစုနှင့် မေမြို့ပုံနှိပ်တိုက်ဌာနစုတို့ဖြင့် တိုးချဲ့ဖွဲ့စည်းပြီး အစိုးရ၏ ပုံနှိပ်လုပ်ငန်းများ စီမံအုပ်ချုပ်ရန် ပုံနှိပ်ဝန်တစ်ဦး ခန့်ထားခဲ့ပါသည်။

၁၉ဝ၆ ခုနှစ်တွင် ယခုလက်ရှိ ဗိုလ်တထောင်မြို့နယ်၊ သိမ်ဖြူလမ်း၊ အမှတ် ၂၂၈ ရှိ ဗဟိုပုံနှိပ်စက်ရုံ အဆောက်အအုံကို အုတ်မြစ်ချပြီး ၁၉၁၁ ခုနှစ်တွင် အဆိုပါ အဆောက်အအုံအသစ်သို့ ဗဟိုပုံနှိပ်စက်ရုံကို ပြောင်းရွှေ့ဖွင့်လှစ်ခဲ့သည်။ ၁-၄-၁၉၂၃ ရက်နေ့တွင် စာရေးကိရိယာဌာနစုကို တိုးချဲ့ဖွဲ့စည်းခဲ့သည်။ ၁၉၃၇ ခုနှစ်တွင် ထောင်ပုံနှိပ်တိုက်ဌာနစုကို ရန်ကုန် ဗဟိုအကျဉ်းထောင်မှ အင်းစိန်အကျဉ်းထောင်သို့ ပြောင်းရွှေ့ခဲ့သည်။

 ဗဟိုပုံနှိပ်စက်ရုံ၏ အကြီးအကဲကို ထိုစဉ်က ပုံနှိပ်ဝန်ဟုခေါ်ဆိုပြီး ပုံနှိပ်ဝန်များအဖြစ် ဦးဝကြီး၊ ဦးဘကျော်၊ ဦးလှ၊ ဦးစောအောင်တို့က ဆောင်ရွက်ခဲ့ကြသည်။

လွတ်လပ်ရေးရပြီးနောက် ၁၉၆၃ ခုနှစ်တွင် ဗဟန်းမြို့နယ်၊ ဓမ္မစေတီလမ်း၊ အမှတ် ၂၅၃ ရှိ ဗမာ့ခေတ်သတင်းစာတိုက် ​မြေအဆောက်အအုံနှင့် ပုံနှိပ်စက်များကို ဝယ်ယူပြီး ဗဟိုပုံနှိပ်စက်ရုံ၏ စက်ရုံခွဲအဖြစ် ပုံနှိပ်လုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။

၁၉၆၄ ခုနှစ်တွင် ပုံစံပုံနှိပ်တိုက်ကို အောင်ဆန်းမြို့တွင် တိုးချဲ့ဖွင့်လှစ်ပြီး ၁၉၆၈ တွင် စာရေးကိရိယာဌာနခွဲ (အောင်ဆန်းမြို့) ကိုပါ တိုးချဲ့ဖွင့်လှစ်ခဲ့သည်။ ၁၉၆၉ ခုနှစ်၊ မတ်လ ၁၆ ရက်နှင့် မေလ ၁၅ ရက်တို့တွင် ပုဂ္ဂလိကပိုင် ပုံနှိပ်တိုက် ၁၇ ခုကို ပြည်သူပိုင်ပြုလုပ်ခဲ့ပြီး ပြည်သူပိုင် ပုံနှိပ်တိုက်များ ကြီးကြပ်ကွပ်ကဲရေးအဖွဲ့ကို ဖွဲ့စည်းဆောင်ရွက်ခဲ့သည်။

မူလသီးခြားရပ်တည်ခဲ့သော မြန်မာနိုင်ငံဘာသာပြန်စာပေအသင်းကို ၂၂-၈-၁၉၆၃ ရက်နေ့တွင် ပြန်ကြားရေးဝန်ကြီးဌာနအောက်သို့ လွှဲပြောင်းပြီး စာပေဗိမာန်အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့သည်။

မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ် အုပ်ချုပ်ရေးစနစ်သစ်ကို စတင်အကောင်အထည်ဖော်ရာ၌  အထက်ပါဗဟိုပုံနှိပ်တိုက်နှင့် တိုက်ခွဲများ၊ စာပေဗိမာန်အဖွဲ့နှင့် ပြည်သူပိုင်ပုံနှိပ်တိုက်များကို စုပေါင်းဖွဲ့စည်းကာ “ပုံနှိပ်ရေးနှင့် စာအုပ်ထုတ်​ဝေရေးကော်ပိုရေးရှင်း” ဟူ၍ ပေါ်ပေါက်လာခဲ့သည်။ ၁၉၇၂ ခုနှစ်ထဲတွင် ပြည်နယ် ဦးစီးဌာနများမှ ကချင်၊ ကရင်၊ ချင်းနှင့် ရှမ်းပြည်နယ် ပုံနှိပ်တိုက်ခွဲများကို လွှဲပြောင်းရရှိခဲ့သည်။ ရခိုင်ပြည်နယ်ရှိ ယခင် သဇင်ပန်းခိုင် ပုံနှိပ်တိုက်ခွဲကိုမူ ၁၉၈၁ ခုနှစ် အောက်တိုဘာလမှစ၍ လွှဲပြောင်းလက်ခံ ရရှိခဲ့ပါသည်။ ထို့အပြင် မန္တလေးတွင် နေ့စဉ် ထုတ်ဝေခဲ့သော ဟံသာဝတီသတင်းစာကို ရပ်ဆဲလိုက်သည်။ ၁၉၇၈ ခုနှစ်၊ သြဂုတ်လ ၁ ရက်နေ့မှ စ၍ လွှဲပြောင်း လက်ခံရယူပြီး မန္တလေးပုံနှိပ်တိုက်ခွဲအဖြစ် ဆက်လက်တည်ရှိခဲ့ပါသည်။ အဆိုပါ ပြည်နယ်နှင့် တိုင်းရှိ ပုံနှိပ်တိုက်ခွဲများတွင် သက်ဆိုင်ရာ ဒေသအဖွဲ့အစည်းများနှင့် ပုဂ္ဂလိကတို့မှ အပ်နှံသော ပုံနှိပ်လုပ်ငန်းများကို ဆောင်ရွက် ပေးခဲ့ပါသည်။

တပ်မတော်အစိုးရလက်ထက် ၁၉၈၉ ခုနှစ်တွင် “ပုံနှိပ်ရေးနှင့်စာအုပ်ထုတ်ဝေရေးကော်ပိုရေးရှင်း” ကို “ပုံနှိပ်ရေးနှင့်စာအုပ်ထုတ်ဝေရေးလုပ်ငန်း” အဖြစ် ပြောင်းလဲဖွဲ့စည်းပြီး ဌာနအကြီးအကဲများအဖြစ် ဦးဆောင်ညွှန်ကြားရေးမှူးက တာဝန်ယူ ဆောင်ရွက်ခဲ့သည်။ ၁၉၈၈ ခုနှစ် မတိုင်မီက ဗဟိုပုံနှိပ်စက်ရုံ၊ စာပေဗိမာန် ပုံနှိပ်စက်ရုံ၊ အောင်ဆန်းပုံနှိပ်စက်ရုံ၊ ဖိုတိုလစ်သိုပုံနှိပ်စက်ရုံ ဟူ၍ ပုံနှိပ်စက်ရုံကြီး ၄ ခုသာ ရှိခဲ့ရာမှ ၃၁-၇-၁၉၉၃ ရက်နေ့တွင် ဂျီတီစီပုံနှိပ်စက်ရုံ ကိုလည်းကောင်း၊ ၁၆-၁ဝ-၂ဝဝ၄ ရက်နေ့တွင် အထက်မြန်မာပြည် အစိုးရပုံနှိပ်စက်ရုံကိုလည်းကောင်း၊  ၁၅-၈-၂ဝဝ၆ ရက်နေ့တွင် နေပြည်တော်ပုံနှိပ်စက်ရုံကိုလည်းကောင်း အသစ်ထပ်မံ တိုးချဲ့ဖွင့်လှစ်ခဲ့သဖြင့် ယခုအခါ ပုံနှိပ်စက်ရုံကြီး ၇  ရုံဖြင့် လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါသည်။

ပြည်နယ်နှင့်တိုင်းများရှိ ပုံနှိပ်တိုက်ခွဲအချို့ကို တပ်မတော်အစိုးရလက်ထက်တွင် သက်ဆိုင်ရာဒေသ၌ ရန်ကုန်မြို့မှ ထုတ်ဝေသည့် သတင်းစာများကို နေ့ချင်း ပုံနှိပ်ဖြန့်ဝေနိုင်ရန်အတွက် ကိုယ်ပွားသတင်းစာတိုက်များအဖြစ် ပြောင်းလဲဖွဲ့စည်းပြီး ယခင်က ခဲစာလုံးပုံနှိပ်စက်များနေရာတွင် 2 Unit Sheet-fed Offset ပုံနှိပ်စက်များဖြင့် အစားထိုး၍ တိုးမြှင့်ဆောင်ရွက်ခဲ့ပါသည်။ နောက်ပိုင်းတွင် ကိုယ်ပွားသတင်းစာတိုက်နှင့် ၎င်းရှိ ပုံနှိပ်စက်များကို လုပ်ငန်းနှင့် သက်ဆိုင်သော သတင်းနှင့် စာနယ်ဇင်းလုပ်ငန်း သို့ ၂ဝဝ၄ ခုနှစ်တွင် လွှဲပြောင်းပေးခဲ့ပါသည်။

အလားတူပင် မိမိ ပုံနှိပ်ရေးနှင့်စာအုပ်ထုတ်ဝေရေးလုပ်ငန်း အနေဖြင့်လည်း ယခင်က ခေတ်မမီတော့သော ခဲစာလုံးပုံနှိပ်စက်များကို ခေတ်မီ Offset ပုံနှိပ်စက်များဖြင့် ဝယ်ယူ အစားထိုးတပ်ဆင်ကာ ပုံနှိပ်ရေးလုပ်ငန်းများကို အရည်အသွေး ပိုမို ကောင်းမွန် အောင် ဆောင်ရွက်လာခဲ့ပါသည်။

လုပ်ငန်း၏ ရည်ရွယ်ချက်

ယနေ့ ပုံနှိပ်ရေးနှင့်စာအုပ်ထုတ်ဝေရေးလုပ်ငန်း၏ ရည်မှန်းချက် နှစ်ရပ်မှာ အောက်ပါအတိုင်း ဖြစ်ပါသည် -

  (၁)  တိုင်းရင်းသားပြည်သူများ စာပေဗဟုသုတတိုးပွားစေရန် လူထုဆက်သွယ်ရေး နည်းလမ်းဖြင့် စာပေဖွံ့ဖြိုးရေးလုပ်ငန်းများကို စာပေနှင့် စာနယ်ဇင်းဆိုင်ရာမူဝါဒနှင့် အညီ အကောင်အထည်ဖော် ဆောင်ရွက်ခြင်း၊

  (၂)  နိုင်ငံတော်အဖွဲ့အစည်းများ၏ ပုံနှိပ်ခြင်းဆိုင်ရာများကို စီမံကိန်းလျာထားချက်များ ချမှတ် အကောင်အထည်ဖော် ဆောင်ရွက်ခြင်း၊

 

ပုံနှိပ်ရေးနှင့်စာအုပ်ထုတ်ဝေရေးလုပ်ငန်း၏ ၂၀၁၃ - ၂၀၁၄ ခုနှစ်အတွက် ရည်မှန်းချက်တာဝန် () ချက်

၁။  ပြည်သူလူထုအား အသိပညာပြန့်ပွားစေရန်နှင့် စာပေဖွံ့ဖြိုးရေးလုပ်ငန်းများ တိုးတက်ကျယ်ပြန့်လာစေရေး ကြိုးပမ်းဆောင်ရွက်ရန်။

၂။ နိုင်ငံတော်သမ္မတ၏ ပြည်သူဗဟိုပြုမူဝါဒအရ ပြည်သူဝန်ဆောင်မှုမီဒီယာအဖြစ် ပြုပြင်ပြောင်းလဲရေး စီမံချက်တွင် စာပေဗိမာန်ဌာနခွဲသည် ယနေ့နိုင်ငံတကာတွင် တိုးတက်ဖြစ်ပေါ်နေသည့် နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီမံခန့်ခွဲရေး နည်းပညာဆိုင်ရာ သင်ခန်းစာ၊ ဗဟုသုတများကို ပြည်သူများသို့ အချိန်နှင့်တစ်ပြေးညီ အသိပေးနိုင်ရန် နိုင်ငံတကာမှ ထုတ်ဝေသော စာအုပ်၊ စာစောင်များကို မြန်မာဘာသာသို့ ပြန်ဆို၍ နိုင်ငံအတွင်း ထုတ်ဝေဖြန့်ချိရန်နှင် မြန်မာဘာသာဖြင့် ထုတ်​ေသော စာအုပ်များကို အင်္ဂလိပ်ဘာသာဖြင့် ပြည်ပသို့ ဖြန့်ချိရန်။

၃။  နိုင်ငံတော်အစိုးရ၏ ပုံနှိပ်လုပ်ငန်းများကို အရည်အသွေးပြည့်မီစွာဖြင့် အချိန်နှင့် တစ်ပြေးညီ တာဝန်ယူပုံနှိပ်ပေးရန်။

၄။  ရန်ကုန်နှင့် မန္တလေးရှိစာကြည့်တိုက်ကို e-Library အဖြစ် ပီပီပြင်ပြင် တည်ဆောက်ခြင်းနှင့် LAN- Network လုပ်ငန်းကို ဆောင်ရွက်သွားရန်၊ Internet မှ ဖတ်ရှုနိုင်ရေး ဆောင်ရွက်သွားရန်။

၅။  စာပေဗိမာန်အရောင်းဆိုင် (ရန်ကုန်) တွင် ပြည်တွင်း/ပြည်ပမှထွက်ရှိသော စာအုပ်များကို One Stop Service ဖြင့် ဆောင်ရွက်သွားရန်။

၆။  ပုံနှိပ်ရေးနှင့် စာအုပ်ထုတ်ဝေရေးလုပ်ငန်းသည် နို်ငံတော်နှင့် အစိုးရဌာန အသီးသီးတို့၏ ပုံနှိပ်လုပ်ငန်းများကို တာဝန်ယူ ဆောင်ရွက်လျက်ရှိရာ သက်တမ်းလွန် Offset များ၊ ခေတ်မမီတော့သည့် လက်တာပရက်(စ်)စက်များနှင့် အထောက်အကူပြု စက်များကို ခေတ်မီစက်အသစ်ကြီးများနှင့် အစားထိုးဝယ်ယူတပ်ဆင်၍ လုပ်ငန်းဆောင်ရွက်သွားခြင်းဖြင့် လက်ရှိဆောင်ရွက်လျက်ရှိသော နိုင်ငံတော်အစိုးရ ဝန်ကြီးဌာနများမှအပ်နှံသော ပုံနှိပ်လုပ်ငန်းများ၊ ကျောင်းသုံးစာအုပ်၊ ပညာပေးစာအုပ်များကို အရည်အသွေးမီမီ လိုအပ်​သော ပမာဏကို ပုံနှိပ်ဆောင်ရွက်သွားရန်။

 

ပုံနှိပ်ရေးနှင့်စာအုပ်ထုတ်ဝေရေးလုပ်ငန်းတွင် လက်ရှိတာဝန် ထမ်းဆောင်နေသော ဦးဆောင်ညွှန်ကြားရေးမှူး၊ အထွေထွေမန်နေဂျာ၊ ဌာနအကြီးအကဲများ အမည်စာရင်းမှာ အောက်ပါအတိုင်း ဖြစ်ပါသည် -

 စဉ်

 အမည်

 ရာထူး / ဌာန

 ဆက်သွယ်ရန် ဖုန်းနံပါတ်

 ၁

 ၂

 ၃

 ၄

 ၅

 ၆

 ၇

 ဦးအောင်မျိုးမြင့်

 ဦးကိုကိုနိုင်

 ဦးမောင်ဝင်း

 ဦးဉာဏ်ထွဋ်

 ဦးဇော်ဇော်ထွန်း

 ဒေါ်ယဉ်ယဉ်ရွှေ

 ဦးအောင်သန်း

 ဦးဆောင်ညွှန်ကြားရေးမှူး

 အထွေထွေမန်နေဂျာ

 ဒုတိယအထွေထွေမန်နေဂျာ (စီမံ)

 ဒုတိယအထွေထွေမန်နေဂျာ(ထုတ်လုပ်)

 ဒုတိယအထွေထွေမန်နေဂျာ (ပုံနှိပ်)

 ဒုတိယအထွေထွေမန်နေဂျာ (စာရင်း)

 စာတည်းမှူးချုပ်

 ဝ၆၇ - ၄၁၂၂ဝ၆

 ၀၁-၂၅၁၅၇၅

 ဝ၆၇ - ၄၁၂၂ဝ၅

 ဝ၆၇ - ၄၁၂၃၇၄

 ဝ၁ - ၂၅၁၈၆၁

 ဝ၁ - ၂၅၁၉ဝ၉

 ဝ၁ - ၃၇၆၅၆၉

အကောင်အထည်ဖော် ဆောင်ရွက်နေသည့် လုပ်ငန်းများ

ကျောင်းသုံးစာအုပ်များ ပုံနှိပ်ထုတ်လုပ်ခြင်း

ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဥက္ကဋ္ဌအဖြစ် ပါဝင်သော ကျောင်းသုံး စာအုပ်များ ရိုက်နှိပ်ဖြန့်ချိရေးကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် ပုံနှိပ်ရေးနှင့်စာအုပ်ထုတ်ဝေရေးလုပ်ငန်း၊ ဦးဆောင်ညွှန်ကြားရေးမှူးက အတွင်းရေးမှူးအဖြစ် ဆောင်ရွက်လျက် ၁၉၉၂ ခုနှစ်မှစ၍ အခြေခံပညာ ကျောင်းသုံးစာအုပ်များအား ပညာရေးဝန်ကြီးဌာန၏ လိုအပ်ချက်နှင့်များအညီ အရည်အသွေးပြည့် အချိန်မီ ပုံနှိပ်ထောက်ပံ့လျက်ရှိပါသည်။ ယခုအခါ အခြေခံပညာအဆင့် ကျောင်းသုံးဖတ်စာအုပ်များကို နှစ်စဉ် အုပ်ရေ သန်း ၄ဝ ခန့် ပုံနှိပ် ထောက်ပံ့ပေးလျက်ရှိပါသည်။ လုပ်ငန်းလက်အောက်ရှိ ပုံနှိပ်စက်ရုံအားလုံးသည် နှစ်စဉ် ပညာရေးလိုအပ်ချက် ကျောင်းသုံးဖတ်စာအုပ်များကို စက်ရုံအလိုက် လုပ်ငန်းစီမံချက်ရေးဆွဲပြီး စာသင်နှစ်သစ် ကျောင်းဖွင့်မည့်ရက် ဇွန်လ မတိုင်မီ ကျောင်းသား၊ ကျောင်းသူများ လက်ဝယ်အရောက် ဖြန့်ဖြူးပေးနိုင်ရေး မတ်လ ၁၅  ရက် အပြီး ပုံနှိပ်ထောက်ပံ့ပေးလျက်ရှိပါသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ပညာရေးဝန်ကြီးဌာနက မြန်မာနိုင်ငံအနှံ့သို့ ဖြန့်ဝေနိုင်ရေးအတွက် နှစ်စဉ် လိုအပ်ချက်၏ ၄ဝ ရာခိုင်နှုန်းကို ဒီဇင်ဘာလအတွင်း အပြီးပုံနှိပ်၍လည်းကောင်း၊ ကျန် ၆ဝ ရာခိုင်နှုန်းကို မတ်လ ၁၅ ရက်အပြီး ပုံနှိပ်၍လည်းကောင်း ထောက်ပံ့ပေးလျက်ရှိသဖြင့် နှစ်စဉ် ကျောင်းဖွင့်သည်နှင့် ကျောင်းသုံးဖတ်စာအုပ်များကို ကျောင်းသား၊ ကျောင်းသူများထံ အရောက် ဖြန့်ဖြူးပေးနိုင်လျက်ရှိပါသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ပြန်တမ်း ပုံနှိပ်ဖြန့်ချိခြင်း

ပုံနှိပ်ရေးနှင့်စာအုပ်ထုတ်ဝေရေးလုပ်ငန်းသည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ပြန်တမ်းကို တာဝန်ယူ ပုံနှိပ်ဖြန့်ချိလျက်ရှိပါသည်။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ပြန်တမ်းကို အပတ်စဉ် သောကြာနေ့တိုင်း ထုတ်ဝေဖြန့်ချိလျက်ရှိပြီး နိုင်ငံတော်သမ္မတရုံး၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ ပြည်ထောင်စုဝန်ကြီးရုံးများ၊ စစ်ရာထူးခန့်ချုပ်ရုံးတို့မှ ထုတ်ပြန်သော အမိန့်ကြော်ငြာစာများ၊ ပြန်တမ်းဝင်အရာရှိများ၏ ခန့်ထားခြင်း၊ ရာထူးတိုးခြင်း၊ ပြောင်းရွှေ့ခြင်း ဆိုင်ရာ  အမိန့်ကြော်ငြာစာများ၊ နှစ်စဉ်နိုင်ငံတော်မှ ဘွဲ့တံဆိပ်နှင့် ဂုဏ်ထူးဆောင်ဘွဲ့များ အပ်နှင်းခြင်းခံရသည့် ရဟန်းသံဃာတော်၊ သီလရှင်နှင့် လူပုဂ္ဂိုလ်များ၏ စာရင်းများ၊ ကုမ္ပဏီ (မြန်မာ+နိုင်ငံခြား) ဖျက်သိမ်းခြင်း၊ ကြော်ငြာများကို ထည့်သွင်းပုံနှိပ် ဖော်ပြပါသည်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ပြန်တမ်းတွင် ယခင်က စာမျက်နှာ ၃၂ မျက်နှာ ပါရှိပြီး ပြန်တမ်းတစ်စောင်လျှင် ၁ဝဝ ကျပ်နှုန်းဖြင့် ဖြန့်ချိရောင်းချခဲ့ပါသည်။ ယခုအခါ အစိုးရသစ်လက်ထက်တွင် အမိန့်ကြော်ငြာစာများ ထုတ်ပြန်မှု ပိုမိုများပြားလာပြီး ပြန်တမ်းတစ်စောင်လျှင် စာမျက်နှာ ၅၇ မျက်နှာအထိ ရိုက်နှိပ်လာရသဖြင့် ပြန်တမ်းတစ်စောင်လျှင် ၁၇၅ ကျပ်နှုန်းဖြင့် ဖြန့်ချိရောင်းချပါသည်။ နိုင်ငံခြားသံရုံးများသို့ ပြန်တမ်း တစ်စောင်လျှင် ၂ US$ ဖြင့် ဖြန့်ချိရောင်းချပါသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ပြန်တမ်းတွင် အပိုင်း လေးပိုင်း ပါရှိ၍ အောက်ပါအတိုင်း ခွဲခြားဖော်ပြလျက်ရှိပါသည် -

                                      အပိုင်း ( )

        ၁။    နိုင်ငံတော်သမ္မတရုံးမှ ထုတ်ပြန်သည့် အမိန့်/ ဥပဒေ/ နည်းဥပဒေ/ အမိန့်ကြော်ငြာ စာများ

                                   ၂။    ပြည်ထောင်စုအစိုးအဖွဲ့ရုံးမှ ထုတ်ပြန်သည့် အမိန့်ကြော်ငြာစာများ

                                   ၃။    ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ထုတ်ပြန်သည့် ကြော်ငြာချက်များ

                                   ၄။    ဂုဏ်ထူးဆောင် ဘွဲ့တံဆိပ်ရရှိသူများစာရင်း ဖော်ပြပေးရခြင်း                                                                                            

                                   ၅။    ပြည်ထောင်စုဝန်ကြီး လက်မှတ်ရေးထိုး ထုတ်ပြန်သည့် အမိန့်ကြော်ငြာစာများ

                                                                 အပိုင်း ( )

       ၁။    ညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများ ခန့်ထားခြင်း၊ ပြောင်းရွှေ့ခြင်း အမိန့်စာများ

       ၂။    စစ်ရာထူးခန့်ချုပ်ရုံးမှ ထုတ်ပြန်သည့် ပြန်တမ်းဝင်အရာရှိများ ခန့်အပ်မှု့စာရင်း

       ၃။    ဝန်ကြီးဌာနများ၊ လုပ်ငန်း/ ဦးစီးဌာနများမှ ဦးစီးအရာရှိ၊ လ/ထ ညွှန်ကြားရေးမှူး၊  ဒု-ညွှန်ကြားရေးမှူးများ ရာထူးတိုးခြင်း၊ ခန့်ထားခြင်း၊ ပြောင်းရွှေ့ခြင်းဆိုင်ရာ အမိန့်စာများ

       ၄။    ဝန်ကြီး၊ ဒု - ဝန်ကြီးအဆင့် နုတ်ထွက်စာများ

                                    အပိုင်း  ( )

       ၁။   ပြန်တမ်းဝင် အရာရှိများ ခွင့်ခံစားခွင့်ပြုသည့် အမိန့်စာများ

       ၂။    ပြန်တမ်းဝင် အရာရှိ မဟုတ်သော ဝန်ထမ်းများ၏ ကိစ္စရပ်များ

               [အပိုင်း (၃) ကို ပြန်တမ်းတွင် ဖော်ပြရန် စာမျက်နှာအခက်အခဲကြောင့် ဖော်ပြပေးခြင်း မရှိပါ ။]

                                    အပိုင်း  ( )

       ၁။    ပြည်ထောင်စုရာထူးဝန်အဖွဲ့မှ ထုတ်ပြန်သည့်ကြော်ငြာစာများ

       ၂။    ကုမ္ပဏီများ ( မြန်မာ + နိုင်ငံခြား ) ဖျက်သိမ်းခြင်း ကြော်ငြာစာများ

အခြားပုံနှိပ်လုပ်ငန်းများ ဆောင်ရွက်ခြင်း

ပုံနှိပ်ရေးနှင့်စာအုပ်ထုတ်ဝေရေးလုပ်ငန်းရှိ ပုံနှိပ်စက်ရုံများသည် အထက်ပါကဲ့သို့ နှစ်စဉ် ကျောင်းသုံးပုံနှိပ်စာအုပ်များ ပုံနှိပ်ခြင်းအပြင် နိုင်ငံတော်အဆင့် အခမ်းအနားများအတွက် ဖိတ်စာများ၊ လက်မှတ်များ၊ မှတ်တမ်းစာအုပ်များ၊ အမျိုးသားညီလာခံ၊ ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲ စသည့် အရေးကြီးလုပ်ငန်းများနှင့်ဆိုင်သော ပုံနှိပ်လုပ်ငန်းများ၊ အထက်ဌာနကြီးများနှင့် ဝန်ကြီးဌာနများမှ အပ်နှံသော ပုံနှိပ်လုပ်ငန်းများ၊ စာပေဗိမာန်ပြည်သူ့လက်စွဲစာစဉ်များနှင့် စာပေဗိမာန်ထုတ် စာအုပ်စာတမ်းများ၊ ပြင်ပအဖွဲ့အစည်းများမှ အပ်နှံသော စာအုပ်စာစောင်များ ပုံနှိပ်ခြင်းနှင့် ကျောင်းသုံးဗလာစာအုပ် ပုံနှိပ်ထုတ်လုပ်ခြင်း လုပ်ငန်းတို့ကိုလည်း ဆောင်ရွက်လျက်ရှိပါသည်။ ၂ဝ၁ဝ ပြည့်နှစ်တွင် ပြည်ထောင်စုရွေးကောက်ပွဲကြီး အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အပ်နှံသော လွှတ်တော်အဆင့်ဆင့်အတွက် မဲလက်မှတ် အမျိုးအစား ၁၁ဝဝ၊ ရွက်ရေ ၁ဝ၆၉၉၉၈၃၃၊ ကြိုတင် ဆန္ဒမဲလက်မှတ်စာအိတ် ၁ဝ သန်း၊ မဲရုံများနှင့် ရွေးကောက်ပွဲတွင် အသုံးပြုရမည့် စာရင်းဇယားပုံစံ ၂ဝ မျိုး၊ စောင်ရေ ၃၇ ဒသမ ၂၇ သန်း၊ ရွေးကောက်ပွဲနှင့် ပတ်သက်သည့် ဥပဒေ၊ နည်းဥပဒေစာအုပ်များ အုပ်ရေ ၈၆၉၂ဝဝ အုပ်တို့ကို ရွေးကောက်ပွဲမတိုင်မီ သတ်မှတ်ကာလအတွင်း ပြီးစီးအောင်နှင့် အမှားအယွင်းမရှိအောင် ပုံနှိပ်ထောက်ပံ့ပေးနိုင်ခဲ့သဖြင့် ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး အထောက်အကူပြုခဲ့ပါသည်။ ၂ဝ၁၁ ခုနှစ်၊ ဧပြီလတွင် ကျင်းပပြုလုပ်သော ပြည်ထောင်စု ကြားဖြတ်ရွေးကောက်ပွဲ ကော်မရှင်မှ အပ်နှံသော မဲလက်မှတ်အမျိုးအစားများ၊ ကြိုတင်မဲလက်မှတ် စာအိတ်များကို အမှားအယွင်း မရှိအောင် ပုံနှိပ်ထောက်ပံ့ပေးခဲ့ပါသည်။

စာပေဗိမာန်မှ ထုတ်ဝေဖြန့်ချိနေသော စာအုပ်စာစောင်များ

 ပုံနှိပ်ရေးနှင့်စာအုပ်ထုတ်ဝေရေးလုပ်ငန်း၊ စာပေဗိမာန်သည် ပြည်ထောင်စုမြန်မာနိုင်ငံသား အားလုံးတို့အတွက် ပညာဗဟုသုတပွားများစေရန်၊ နိုင်ငံရပ်ခြား၌ ထုတ်ဝေသည့် စာအုပ်စာပေများမှ မြန်မာစာဖတ်ပရိသတ်နှင့် သင့်လျော်မည့် ရေးသားချက်များကို ကောင်းနိုးရာရာ စိစစ်ရွေးချယ်၍ သုတရသ ဖြစ်စိမ့်သောငှာ ဘာသာပြန်ဆိုကာ စာအုပ်အဖြစ် ပုံနှိပ်ထုတ်ဝေ၍ သက်သာသော စျေးနှုန်းဖြင့် ရောင်းချဖြန့်ချိခြင်း၊ စာရေးဆရာများ ပြုစုရေးသားသည့် နိုင်ငံတော်မူဝါဒနှင့် ကိုက်ညီသော စာမူများကို ဝယ်ယူ ပုံနှိပ်၍ လူထုလက်သို့ရောက်ရှိအောင် ဖြန့်ဖြူးရောင်းချခြင်း၊ စာပေ တိုးတက်ပြန့်ပွားရေးအတွက် စာပေနှီးနှောဖလှယ်ပွဲများ၊ စာတမ်းဖတ်ပွဲများ၊ စာအုပ်စာပေပြပွဲများ ကျင်းပခြင်း၊ စာပေဆုများ   ချီးမြှင့်ခြင်း၊ စာပေပညာရှင်များကို ဂုဏ်ပြုချီးကျူးခြင်း လုပ်ငန်းများကို ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်မှုနှင့်အညီ ဆောင်ရွက်လျက် ရှိပါသည်။ ဖော်ပြပါ ရည်ရွယ်ချက်နှင့် လုပ်ငန်းများ ပြည့်စုံပြီးမြောက်နိုင်စေရေးအတွက် အခါအားလျော်စွာ ထုတ်ဝေသင့်သည့် စာအုပ်များ၊ နှစ်စဉ်ထုတ်ဝေသည့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုမှတ်တမ်း၊ တစ်နှစ်တစ်ကြိမ်ထုတ် မြန်မာ့စွယ်စုံကျမ်းနှစ်ချုပ်၊ ဆုရစာမူများကို စာအုပ်အဖြစ် ထုတ်ဝေသည့် ပြည်သူ့လက်စွဲစာစဉ်များ၊ တစ်ပတ်တစ်ကြိမ်ထုတ် ရွှေသွေးဂျာနယ်၊ တစ်လတစ်ကြိမ်ထုတ် သုတပဒေသာစာစောင် တို့ကို အသွင်သဏ္ဌန်ရော အနှစ်သာရပါ တိုးမြှင့်ထုတ်ဝေ ဖြန့်ချိလျက်ရှိနေပြီး ပြည်သူများ အသိပညာ ဗဟုသုတပြည့်၀ရန်နှင့် နိုင်ငံတော်မူဝါဒ လုပ်ဆောင်ချက်များကို သိရှိ နားလည် သဘောပေါက်စေရန် လေ့လာဖတ်ရှုနိုင်မည့် စာပေဗိမာန် ပြည်သူ့စာကြည့်တိုက်ကို ဖွင့်လှစ်ထားပါသည်။

စာပေဗိမာန်ပြည်သူ့စာကြည့်တိုက်များ

စာပေဗိမာန်လက်အောက်တွင် ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့၌ စာပေဗိမာန်ပြည်သူ့ စာကြည့်တိုက်များ ထားရှိပါသည်။ ရန်ကုန်မြို့ စာပေဗိမာန်ပြည်သူ့စာကြည့်တိုက်ကို နိုင်ငံတကာအဆင့်မီ စာကြည့်တိုက်ဖြစ်စေရန် မြှင့်တင်ဆောင်ရွက်လျက် ရှိပါသည်။

စာပေဆုများ တိုးမြှင့်ချီးမြှင့်ခြင်း

ပုံနှိပ်ရေးနှင့်စာအုပ်ထုတ်ဝေရေးလုပ်ငန်း၏ ရည်ရွယ်ချက်တစ်ရပ်ဖြစ်သော စာပေဖွံ့ဖြိုးရေး လုပ်ငန်းများကို စာပေစာနယ်ဇင်းဆိုင်ရာ မူဝါဒနှင့်အညီ ဆောင်ရွက်နိုင်ရေးအတွက် ပြန်ကြားရေးဝန်ကြီးဌာန၊ စာပေဗိမာန်သည် မြန်မာနိုင်ငံ စာပေစာနယ်ဇင်းအဖွဲ့ နှင့် ပူးပေါင်းပြီး စာပေဆုများကို အောက်ပါအတိုင်း နှစ်စဉ် ရွေးချယ်ချီးမြှင့်လျက် ရှိပါသည် -

          (၁)   အမျိုးသားစာပေဆု။       ၁၉၈၈ မတိုင်မီက ဘာသာရပ် ၁၃ မျိုးအတွက်သာ ချီးမြှင့်ခဲ့ရာမှ ယခုအခါ သိပ္ပံဘာသာရပ်ကို သုတပဒေသာ သိပ္ပံဘာသာရပ်နှင့် အသုံးချသိပ္ပံ ဘာသာရပ်အဖြစ် ခွဲ၍ သာသာရပ် ၁၄ မျိုးအထိ တိုးချဲ့ ချီးမြှင့်ပေးလျက်ရှိပြီး တစ်သက်တာ စာပေဆုကိုလည်း တိုးမြှင့်ချီးမြှင့်ခဲ့ပါသည်။ ၁၉၈၈ ခုနှစ်မှ ၂ဝ၁၁ ပြည့်နှစ်တွင် ကျင်းပခဲ့သော ၂ဝ၁ဝ ခုနှစ်အတွက် အမျိုးသားစာပေဆုအထိ တစ်သက်တာ စာပေဆု ၁ဝ ဦး၊ ဘာသာရပ် ၁၃ မျိုးအတွက် စုစုပေါင်း ၂၃ဝ ဆု ချီးမြှင့် ပေးနိုင်ခဲ့ပါသည်။ ၂ဝ၁၁ ခုနှစ်မှစ၍ အင်္ဂလိပ်ဘာသာဖြင့် ရေးသားသော စာပေဆုကို တိုးမြှင့် ရွေးချယ်ချီးမြှင့်ခဲ့ပါသည်။

         (၂)   စာပေဗိမာန်စာမူဆု။        ၁၉၈၈ မတိုင်မီက ဘာသာရပ် ၁၁ မျိုးအတွက်သာ ချီးမြှင့်ခဲ့ရာမှ ၁၉၉၂ ခုနှစ်တွင် ကဗျာပေါင်းချုပ် ဆုတစ်ဆု တိုးချဲ့ပြီး ယခုအခါ ဘာသာရပ် ၁၂ မျိုးအတွက် တိုးမြှင့် ချီးမြှင့်ပေးလျက်ရှိပါသည်။ ၁၉၈၈ ခုနှစ်မှ ၂ဝ၁ဝ ပြည့်နှစ် အထိ ဘာသာရပ် ၁၂ မျိုးအတွက် ပထမဆု ၁၇၉ ဆု ၊ ဒုတိယဆု ၁၉၄ ဆု၊ တတိယဆု ၁၅၆ ဆု ချီးမြှင့်ပေးနိုင်ခဲ့ပါသည်။ စုစုပေါင်း ၅၂၉ ဆု ချီးမြှင့်ပေးနိုင်ခဲ့ပါသည်။ အင်္ဂလိပ်ဘာသာဖြင့် ရေးသားသော စာမူဆုကို တိုးမြှင့် ရွေးချယ် ချီးမြှင့်ပေးသွားမည် ဖြစ်ပါသည်။

          (၃)   ပုဂ္ဂလိက စာပေဆုများ။   စာပေလောကနှင့် စာပေလောကသားများ ဘဝမြင့်မားရေးအတွက် နိုင်ငံတော်မှ ချီးမြှင့်ပေးသော အမျိုးသားစာပေဆု၊ စာပေဗိမာန်စာမူ ဆုများအပြင် ၁၉၈၈ ခုနှစ် နောက်ပိုင်း ယခုအခါတွင် ပုဂ္ဂလိက စာပေပညာရှင်များ၊ ဝါသနာရှင်များက ပခုက္ကူဦးအုံးဖေစာပေဆု၊ ဆရာဝန်တင်ရွှေစာပေဆု၊ သုတစွယ်စုံ စာပေဆု၊ ထွန်းဖောင်ဒေးရှင်းစာပေဆု စသည့် စာပေဆုများကို နှစ်စဉ် ချီးမြှင့်ပေးလျက်ရှိပါသည်။

နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ဆက်သွယ်ဆောင်ရွက်မှု အခြေအနေ

မိမိတို့နိုင်ငံသည် ASEAN အဖွဲ့ဝင် နိုင်ငံဖြစ်သည်နှင့်အညီ ASEAN COCI ၏ ပြန်ကြားရေးနှင့်ဆိုင်သော လုပ်ငန်းများတွင် နှစ်စဉ် ပါဝင်ဆောင်ရွက်လျက် ရှိပါသည်။ ASEAN, ASEAN+3, ASEAN+5 တို့၏ ပြန်ကြားရေးကဏ္ဍတွင် စာရေးဆရာ၊ သတင်းစာဆရာများ အပြန်အလှန် လေ့လာရေး၊ ပုံနှိပ်ရေးနှင့်စာအုပ်ထုတ်ဝေရေးဆိုင်ရာ သင်တန်းများ၊ ဆွေးနွေးပွဲများ၊ လေ့လာရေးများ စေလွှတ်ခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါသည်။ အာဆီယံနိုင်ငံများနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ ကိုရီးယားသမ္မတနိုင်ငံတို့မှ ၎င်းတို့၏ နှစ်စဉ် Scholarship Programme အရ ကမ်းလှမ်းသော ပုံနှိပ်သင်တန်းများ၊ ICT သင်တန်းများ၊ ကွန်ပျူတာဒီဇိုင်း သင်တန်းများ၊ အင်္ဂလိပ်စာသင်တန်း၊ Journalism သင်တန်းများသို့ နှစ်စဉ် စေလွှတ်ပေးလျက် လုပ်ငန်း ပိုမိုတိုးတက်အောင် ဆောင်ရွက်လျက်ရှိပါသည်။

ဝန်ထမ်းများအား လေ့ကျင့်သင်ကြားပေးမှု

ဝန်ထမ်းများအား အရည်အသွေး မြင့်မားရေးအတွက် ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ ဗဟိုဝန်ထမ်းတက္ကသိုလ်များတွင် ဖွင့်လှစ်သော သင်တန်းများသို့ စီမံချက်ချ၍ မပျက်မကွက် တက်ရောက်စေလျက် ရှိပါသည်။ အထက်တွင် ဖော်ပြခဲ့သော စာပေသင်တန်းများအပြင် ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနမှ ဖွင့်လှစ်သော ICT သင်တန်းများ၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ ဖွင့်လှစ်သော သင်တန်းများ၊ ယဉ်ကျေးမှုဝန်ကြီးဌာနမှ ဖွင့်လှစ်သော စာကြည့်တိုက်သင်တန်းများ၊ ဝန်ကြီးဌာနအတွင်း ဖွင့်လှစ်သော အရည်အချင်းမြှင့်တင်ရေး သင်တန်းများသို့ မပြတ် တက်ရောက်စေလျက် ရှိပါသည်။ ထို့ပြင် မိမိဌာနတွင်းတွင် ပုံနှိပ်လုပ်ငန်း အဆင့်ဆင့်၏ လုပ်ငန်းများဖြစ်သော ဓာတ်ပုံပညာ၊ Prepress လုပ်ငန်း၊ ကွန်ပျူတာပညာ၊ ပုံနှိပ်ခြင်း၊ စာအုပ်ချုပ်ခြင်းများ အသီးသီး ပါဝင်သော ပုံနှိပ်အခြေခံပညာသင်တန်းကို တစ်လကြာ သင်တန်းဖြင့် နှစ်စဉ် ဖွင့်လှစ်လေ့ကျင့် သင်ကြားပေးလျက်ရှိပါသည်။ ရုံးချုပ်ရှိ ဝန်ထမ်းများကိုလည်း စီမံ၊ ပုံနှိပ်၊ ထုတ်လုပ်၊ ငွေစာရင်း စသည့် ဌာနအလိုက် အကြီးအကဲနှင့် အရာထမ်းများက အခါအားလျော်စွာ ညနေပိုင်းတွင် လုပ်ငန်း နားလည်တတ်ကျွမ်းရေး အရည်အသွေးမြှင့် သင်တန်းများကို အလုပ်ချိန်မပျက်နှင့် လုပ်ငန်းခွင်သင်တန်းများ ပြုလုပ်ပေးလျက် ရှိပါသည်။ ထို့ပြင် မိမိလုပ်ငန်း၏ နှစ်စဉ်ကျင်းပသော နှစ်ပတ်လည်နေ့ အခမ်းအနားတွင် စက်ရုံများအား အုပ်ချုပ်မှု အကောင်းဆုံး စက်ရုံ၊ ပုံနှိပ်ထုတ်လုပ်မှု အကောင်းဆုံး စက်ရုံ၊ စည်းရုံးရေးအကောင်းဆုံး စက်ရုံ၊ စံပြစက်ရုံဆု စသည်ဖြင့်လည်းကောင်း၊ ဝန်ထမ်းများအား ဌာနခွဲ၊ စက်ရုံအလိုက် စံပြဝန်ထမ်းဆု၊ သင်တန်းထူးချွန်ဆု၊ နိုင်ငံတော်မှ ချီးမြှင့်ဂုဏ်ပြုသည့် ထူးချွန်ဆုရသူများအား ဌာနမှ ထပ်ဆင့် ဂုဏ်ပြုဆု၊ စိုက်ပျိုးမွေးမြူရေး အကောင်းဆုံးဝန်ထမ်းဆု စသည့် ဆုများ ချီးမြှင့်ပေးလျက်ရှိပြီး ဝန်ထမ်းများအား တစ်ဦးချင်းမှသည် စက်ရုံအလိုက် ဌာနခွဲအလိုက် ကောင်းသော ယှဉ်ပြိုင်ခြင်းဖြင့် တိုးတက်မှုရှိအောင် ဆောင်ရွက်ပေးလျက် ရှိပါသည်။

ထူးချွန်ဝန်ထမ်းများ

နိုင်ငံတော်မှ ချီးမြှင့်သည့် ထူးချွန်ဆုရဝန်ထမ်းများ။          နိုင်ငံတော်မှ နှစ်စဉ် ဝန်ထမ်းဆိုင်ရာ ဂုဏ်ထူးဆောင် တံဆိပ်များ ချီးမြှင့်ပေးလျက်ရှိရာ မိမိလုပ်ငန်းမှ အောက်ပါအတိုင်း ချီးမြှင့်ခြင်း ခံခဲ့ရပါသည် -

            (၁)   စီမံထူးချွန် ( ပထမအဆင့် )                                  ၃     ဦး

            (၂)   စီမံထူးချွန် ( ဒုတိယအဆင့် )                                ၂      ဦး

            (၃)   စီမံထူးချွန် ( တတိယအဆင့် )                              ၃      ဦး

            (၄)   လူမှုထူးချွန် ( ပထမအဆင့် )                              ၁ဝ      ဦး

            (၅)   လူမှုထူးချွန် ( ဒုတိယအဆင့် )                            ၁၇      ဦး

            (၆)   လူမှုထူးချွန် ( တတိယအဆင့် )                           ၃၃      ဦး

            (၇)   စက်မှုစီးပွားထူးချွန် (တတိယအဆင့်)                    ၆      ဦး

            (၈)   ပြည်သူ့ဝန်ထမ်းကောင်းတံဆိပ် ရရှိသူ                  ၅၄၇   ဦး

              စုစုပေါင်း                                                              ၆၂၁    ဦး

နိဂုံး

ပုံနှိပ်ရေးနှင့်စာအုပ်ထုတ်ဝေရေးလုပ်ငန်းသည် ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်ချက်နှင့်အညီ နိုင်ငံတော်အစိုးရနှင့် ဌာနဆိုင်ရာများ၏ ပုံနှိပ်လုပ်ငန်းများကို တာဝန်ယူ ဆောင်ရွက်လျက်ရှိပါသည်။ ပုံနှိပ်ဖြန့်ဝေမှုကို အရည်အသွေး မြင့်မားအောင် ကြိုးစား ဆောင်ရွက်ပေးပါသည်။ ပုံနှိပ်လုပ်ငန်းများကိုလည်း ယခင်က နှစ်ကာလ ကြာရှည်စွာ အသုံးပြုလာခဲ့သော ခေတ်မမီတော့သည့် ပုံနှိပ်စက်များ၏နေရာတွင် ခေတ်မီပုံနှိပ်စက်ကြီးများ အစားထိုး၍ လည်းကောင်း၊ နေပြည်တော်နှင့် မန္တလေးမြို့တို့တွင် လိုအပ်ချက်အရ ပုံနှိပ်စက်ရုံအသစ်များ ဖွင့်လှစ်၍လည်းကောင်း၊ ပုံနှိပ်လုပ်ငန်း အဆင့်ဆင့်တွင် ICT နှင့် အီလက်ထရွန်းနစ် နည်းပညာများဖြင့် ခေတ်မီစွာ အရည်အသွေး ကောင်းမွန်စေရန်လည်းကောင်း၊ စာပေတိုးတက်ပြန့်ပွားရေး အတွက် စာအုပ်စာစောင်များထုတ်ဝေခြင်း၊ စာပေဆုများ ဆုချီးမြှင့်ခြင်းနှင့် လိုအပ်သည်များကို မြန်မာနိုင်ငံ စာရေးဆရာများအသင်း၊ မြန်မာနိုင်ငံ ပုံနှိပ်ထုတ်လုပ်သူများအသင်းတို့နှင့် ပူးပေါင်းဆောင်ရွက် လျက်ရှိပါသည်။ နိုင်ငံတော်၏ ဘဏ္ဍာငွေ ခွင့်ပြုချက်နှင့်အညီ ခေတ်မီဆန်းသစ်သော နည်းပညာနှင့် စက်ပစ္စည်းများ ဝယ်ယူအသုံးပြုပြီး လုပ်ငန်း ပိုမိုအောင်မြင်အောင် ကြိုးစားဆောင်ရွက်သွားမည် ဖြစ်ပါသည်။ နိုင်ငံတော်အစိုးရနှင့် အထက်ဌာနများ၊ ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများမှ အပ်နှံသော ပုံနှိပ်လုပ်ငန်းများကို အမှားအယွင်းမရှိစေဘဲ အချိန်မီ ပြီးစီးအောင် အရည်အသွေး ပြည့်မီစွာဖြင့် ဆောင်ရွက်ပေးလျက် ရှိသကဲ့သို့ အနာဂတ်ကာလတွင်လည်း ယခုထက် ပိုမိုပြည့်စုံ ကောင်းမွန်အောင် ကြိုးစားဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ဖော်ပြအပ်ပါသည်။

အကြံပြုစာ/တိုင်ကြားစာ