၂၀၂၆ ခုနှစ်၊ မေလအတွက် အသင်းပေးစာအုပ်အဖြစ် “အောင်ကြည်ညွန့် (တက္ကသိုလ်)” ရေးသားသည့် “မြန်မာနိုင်ငံ၏ လူထုပညာရေးကြိုးပမ်းဆောင်ရွက်မှုသမိုင်းကို လေ့လာတင်ပြခြင်း (၁၉၄၈-၂၀၀၂)” စာအုပ် ဖြန့်ချိ

စာဖတ်ပရိသတ် တိုးပွားရန်နှင့် စာဖတ်သူများ အဖိုးနှုန်းချိုသာစွာ ဖတ်ရှုနိုင်ရန် ရည်ရွယ်လျက် ၁၉၆၄ ခုနှစ်မှ စတင်တည်ထောင်လာခဲ့သည့် စာပေဗိမာန် စာအုပ်အသင်းသည် စာပေဗိမာန် စာမူဆုနှင့် ပခုက္ကူစာပေဆု ပြိုင်ပွဲများမှ ဆုရစာမူများကို ပြည်သူ့လက်စွဲစာစဉ်အဖြစ် ထုတ်ဝေပြီး အသင်းဝင်များသို့ လစဉ်တစ်အုပ်စီ ဖြန့်ချိပေးပို့လျက် ရှိပါသည်။

ယခု ၂၀၂၆ ခုနှစ်၊ မေလအတွက် အသင်းပေးစာအုပ်အဖြစ် “အောင်ကြည်ညွန့် (တက္ကသိုလ်)” ရေးသားသည့် “မြန်မာနိုင်ငံ၏ လူထုပညာရေးကြိုးပမ်းဆောင်ရွက်မှုသမိုင်းကို လေ့လာတင်ပြခြင်း (၁၉၄၈-၂၀၀၂)” စာအုပ်ကို ဖြန့်ချိလိုက်ပြီ ဖြစ်ပါသည်။ 

အဆိုပါ စာအုပ်သည် ပခုက္ကူစာပေဆုပြိုင်ပွဲတွင် သုတေသနစာပေ ပထမဆုရရှိသည့် စာမူဖြစ်ပြီး စာပေဗိမာန်က ပြည်သူ့လက်စွဲစာစဉ်အဖြစ် ထုတ်ဝေလိုက်ခြင်း ဖြစ်သည်။ ဤစာအုပ်ကို တန်ဖိုး ၂၅၀၀ ကျပ်ဖြင့် ရောင်းချလျက်ရှိပြီး အသင်းဝင်များအတွက်မူ အသင်းဝင်သက်တမ်းအလိုက် သတ်မှတ်ထားရှိသည့် လျှော့နှုန်းအတိုင်း ခံစားခွင့်ရရှိမည် ဖြစ်သည်။

ဤစာအုပ်တွင် မြန်မာနိုင်ငံစာတတ်မြောက်ရေးသမိုင်း တစ်နည်းအားဖြင့် မြန်မာနိုင်ငံ ပညာရေး သမိုင်းကို ရှေးခေတ်မှသည် ယနေ့ခေတ်၊ (၁၉၄၈-၂ဝဝ၂) ကျော် ကာလအထိ ခေတ်အဆက်ဆက် လူထုနည်းဖြင့် စာတတ်မြောက်ရေး ကြိုးပမ်းလှုပ်ရှားမှုကို သုတေသနပြုကာ စုစည်းဖော်ပြ ထားသည်။

မြန်မာ့ယဉ်ကျေးမှုဓလေ့ထုံးစံအရ ဘုန်းတော်ကြီးကျောင်းများသည် ကျေးရွာရှိ ကလေးသူငယ် များကို အခမဲ့ စာသင်ပေးခဲ့သည်။ သို့သော် အကြောင်းအမျိုးမျိုးကြောင့် စာမသင်ခဲ့ရသည့် သက်ကြီး များအတွက် စာတတ်မြောက်ရေးလှုပ်ရှားမှုကို ဖဆပလအစိုးရက (၁၉၄၈-၁၉၅၈) ခုနှစ်အထိ လူထု ပညာရေးစီမံကိန်းအပါအဝင် (၁၉၆၄-၁၉၈၈) ခုနှစ်အထိ ဆောင်ရွက်ခဲ့သော စာတတ်မြောက်ရေး စီမံကိန်းကြီးများကို စာရင်းဇယား၊ မြေပုံ၊ ဓာတ်ပုံများနှင့်တကွ ပြည့်စုံစွာ အသေးစိတ် ဖော်ပြထား သည်။ ယူနက်စကိုမှချီးမြှင့်သော မိုဟာမက်ရေဇာပါလာဗီဆုနှင့် နိုမာဆုများရရှိခဲ့ပုံ၊ ပြည်သူနှစ်သန်း ကျော် စာတတ်မြောက်သွားကြပုံ၊ တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံနှင့် ဒေသခံ ဆရာ၊ ဆရာမ နှစ်သိန်းကျော် လုပ်အားပေးကြပုံ၊ နာမည်ကျော်ကြား လူကြိုက်များခဲ့သော “ဘယ်သူပြိုင်လို့ လှပါ တော့နိုင်” ဇာတ်ကားကြီးအဖြစ် မှတ်တမ်းတင်နိုင်ခဲ့ပုံတို့ကို စုံစုံလင်လင် ဖော်ပြထားသည်။

စာရေးသူကိုယ်တိုင် အသုံးလုံးစီမံကိန်း၊ ကျောင်းပြင်ပ ပညာရေးစီမံကိန်းတို့တွင် ပညာရေး၊ သုတေသနအရာရှိအဖြစ် နှစ်ပေါင်းများစွာ ပါဝင်ဆောင်ရွက်ခဲ့ရာ ဤသုတေသနကျမ်းသည် စာရေးသူ၏ စာတွေ့ကိုယ်တွေ့ နှစ်ရပ်ပေါင်းရလဒ်အဖြစ် ထွက်ပေါ်လာသော သမိုင်းဝင် သုတေသန ကျမ်း ဖြစ်သည်။ မြန်မာနိုင်ငံ၏ ပညာရေးသမိုင်း၊ ပညာရေးလောကအတွက် အကျိုးပြုနိုင်စွမ်းရှိသည့် ကျမ်းတစ်စောင်ဖြစ်သည်။

စာပေဗိမာန်စာအုပ်အသင်းသို့ အသင်းဝင်အဖြစ် ဝင်ရောက်လိုပါက နယ်မှ ဝင်ရောက်လိုသူများသည် အသင်းကြေး ကြိုတင်ငွေ အနည်းဆုံး ၉ဝဝဝ ကျပ်ကို အတွင်းရေးမှူး၊ စာပေဗိမာန် စာအုပ်အသင်း၊ အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့သို့ ငွေပို့လွှာနှင့် နိုင်ငံသားစိစစ်ရေးကတ် မိတ္တူ ပူးတွဲပေးပို့၍လည်းကောင်း၊ ရန်ကုန်မြို့မှ အသင်းဝင်လိုသူများသည် အဆိုပါ လိပ်စာသို့ ကိုယ်တိုင် လာရောက် ဆက်သွယ်ပြီး အသင်းကြေး ကြိုတင်ငွေ အနည်းဆုံး ကျပ် ၉ဝဝဝ နှင့် နိုင်ငံသား စိစစ်ရေးကတ်မိတ္တူ ပူးတွဲလျက် ပေးသွင်း၍လည်းကောင်း ဝင်ရောက်နိုင်ပါသည်။

စာပေဗိမာန် စာအုပ်အသင်းအကြောင်း အသေးစိတ်သိရှိလိုပါက ဖုန်း ဝ၁-၈၂၄၉ဝ၃၁ နှင့် ဝ၁-၈၃၈၁၄၄၈ တို့သို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်။
 

အကြံပြုစာ/တိုင်ကြားစာ