ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ်နှင့် အောက်ကလေးငယ်များ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၂၆ ခုနှစ်၊ မေလ ၂၃ ရက် (စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၅၈)၊ အမှတ် (၂၁) ၌ အခြားသူများက ဝိုင်းဝန်းကဲ့ရဲ့ကြသော်လည်း မိမိလုပ်ကိုင်ရမည့်အလုပ်ကို ဇွဲ၊ လုံ့လ၊ ဝီရိယ ထားကာ အဆက်မပြတ် လုပ်ကိုင်ခဲ့သော ယုန်လေးဖြူဖွေးအကြောင်းကို သရုပ်ဖော်ထားသည့် “ယုန်ကလေး ဖြူဖွေး” မျက်နှာဖုံးကာတွန်း၊ တောအရပ်တွင် နေထိုင်သည့် မိသားစုများ၏ နေထိုင် စားသောက်ပုံအကြောင်းကို ဗဟုသုတရဖွယ် သရုပ်ဖော်ထားသည့် “လယ်ဟင်းလျာ” နှစ်မျက်နှာ ကာတွန်း၊ ချင့်ချိန်စဉ်းစားတတ်ပြီး လိမ္မာပါးနပ်မှုရှိသောကြောင့် ကျား၏ အစာအဖြစ်မှ လွတ်မြောက် ခဲ့ရသော တောခွေးအကြောင်းကို သရုပ်ဖော်ထားသည့် “ပါးနပ်သော တောခွေး” နှစ်မျက်နှာကာတွန်း၊ အန္တရာယ်ကျရောက်ပါက မိမိကိုယ်မိမိ ကာကွယ်နိုင်ရန် သဘာဝက ပေးထားသော အရာကို အခြားသတ္တဝါ များအပေါ် အနိုင်ကျင့်ရာတွင် အသုံးပြုခဲ့သောကြောင့် ဒုက္ခရောက်ခဲ့ရသည့် ရှဉ့်နက်များအကြောင်းကို သရုပ်ဖော်ထားသော “သူ့အလှည့် ကိုယ့်အလှည့်” နှစ်မျက်နှာကာတွန်း၊ သူငယ်ချင်းကောင်းနှင့်တွေ့၍ မကောင်းမှုပြုခြင်းမှ ရှောင်ရှားနိုင်ခဲ့သည့် ရန်ပိုင်စိုးအကြောင်းကို သရုပ်ဖော်ထားသည့် “ရန်ပိုင်စိုး” တစ်မျက်နှာကာတွန်း၊ စကားကို လိမ်မပြောရန် ပြောဆိုဆုံးမသည်ကို အခွင့်ကောင်းယူကာ မိမိလုပ်ထား သည့် အပြစ်မှ လွတ်အောင် ပြောတတ်သည့် ဖြတ်ထိုးဉာဏ်ကောင်းသော ပိုင်ပိုင်လေးအကြောင်းကို သရုပ်ဖော်ထားသည့် “မှန်တာကို ပြောမယ်” မျက်နှာဝက်ကာတွန်းတို့ ပါဝင်ပါသည်။
သုတဆောင်းပါးကဏ္ဍတွင် ယဉ်နှင့် ယာဉ်တို့၏ အသုံးပြုမှု ကွဲပြားပုံကို သိရှိနိုင်စေရန် ဗဟုသုတရဖွယ် ဥပမာဝါကျများနှင့် ရေးသားထားသည့် “ယဉ်နှင့် ယာဉ်” သုတဆောင်းပါး၊ ဝက်ညီနောင် သုံးကောင်၏ စည်းလုံးညီညွတ်မှုကြောင့် မြေခွေး၏ အန္တရာယ်မှ လွတ်မြောက်ခဲ့ရပုံကို ရေးသားထားသည့် “စည်းလုံးခြင်းသည် အင်အား” ပုံပြင်နှင့် ဦးလေးဖြစ်သူ၏ စာဖတ်ရန် လမ်းညွှန်တိုက်တွန်းမှုကြောင့် စာစီစာကုံးများကို အခက်အခဲမရှိ ရေးသားနိုင်ခဲ့သည့် နွယ်မာအကြောင်းကို ရေးသားထားသည့် “ဘဝ ရည်မှန်းချက်” ဝတ္ထုတို့ ပါဝင်ပါသည်။ ထို့ပြင် ကလေးတို့ ပေးပို့သော ပန်းချီလက်ရာများကို ဖော်ပြထား သည့် “ရွှေသွေးတို့ လက်ရာ” ကဏ္ဍ၊ ပေးထားသော ရုပ်ပုံကို ကလေးတို့စိတ်ကြိုက် အရောင်များဖြင့် ခြယ်သနိုင်မည့် “ဆေးရောင်လှလှ ခြယ်ကြရအောင်” ကဏ္ဍနှင့် စာဖတ်ခြင်းဖြင့် အသိဉာဏ်တိုးပွားနိုင်ပုံကို သီကုံးရေးဖွဲ့ထားသည့် “စာဖတ်ကြပါစို့” ကဗျာတို့ ပါဝင်ပါသည်။ အင်္ဂလိပ်စာကဏ္ဍအနေဖြင့် အီဒီယမ်အသုံးများအပါအဝင် Two-word Verb ဟု ခေါ်သော Phrasal Verb များ၏ အသုံးများနှင့် ပတ်သက်သည်များကို လေ့လာမှတ်သားနိုင်မည် ဖြစ်ပါသည်။
ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၄၀၀ ကျပ်နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့။ ဖုန်း- ၀၁-၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။