ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂)နှစ်အောက် ကလေးငယ်များ ဖတ်ရှုနိုင်ရန်ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်းထုတ်ဝေလျက်ရှိရာ ၂၀၂၆ ခုနှစ်၊ မေလ ၁၆ ရက် (စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေး ဂျာနယ် အတွဲ (၅၈)၊ အမှတ် (၂၀)၌ စာဖတ်ဝါသနာပါသည့် ကောက်ရိုး၏ စဉ်းစားဉာဏ်ကြောင့် ဘိုးတော်အယောင်ဆောင်ထားသော လူဆိုးဖိုးရှုပ်ကို ဖမ်းဆီးမိသွားသည့်အကြောင်း သရုပ်ဖော် ထားသည့် “စာကြမ်းပိုး ကောက်ရိုး” မျက်နှာဖုံးကာတွန်း၊ ဆရာပေးသည့် အကြံကြောင့် ဖတ်ပြီးသား စာအုပ်များကို စာကြည့်တိုက်သို့ သွားရောက်လှူဒါန်းမည့် ထူးထူးနှင့် ဝတုတ်တို့အကြောင်း သရုပ်ဖော်ထားသည့် “ထူးထူးပါဝင်သော စာအုပ်စာပေ လူ့မိတ်ဆွေ” နှစ်မျက်နှာကာတွန်း၊ အတိတ်နှင့် အနာဂတ်အကြောင်းကို မေ့ခိုင်းထား၍ လက်ရှိပစ္စုပ္ပန်၌ ပျော်ရွှင်စွာ နေထိုင်သင့် ကြောင်း အကြံပြုသည့် နီကြောင်နှင့် ညီပုတို့ သူငယ်ချင်းနှစ်ယောက်အကြောင်း သရုပ်ဖော် ထားသည့် “ညီပု” တစ်မျက်နှာကာတွန်း၊ အလုပ်ကို ပေါ့လျော့စွာ လုပ်လိုက်မိသဖြင့် အခက်အခဲ တွေ့ရသည့် ကိုဇော်နှင့် ညီသော်တို့အကြောင်း သရုပ်ဖော်ထားသည့် “ပေါ့လျော့မှု” နှစ်မျက်နှာ ကာတွန်း၊ တောဝက်၏ ကြိုတင်ပြင်ဆင်မှုကြောင့် ကောက်ကျစ်သော မြေခွေးအုပ်စုတို့၏ အန္တရာယ်မှ လွတ်မြောက်သွားပုံကို သရုပ်ဖော်ထားသည့် “ကြိုတင်ပြင်ဆင် အောင်ပွဲဝင်” နှစ်မျက်နှာကာတွန်းနှင့် ဗိုက်ထဲမှ အူများ၊ အသည်းများ ပြောင်းပြန်ဖြစ်ကုန်မည်စိုး၍ ကျွမ်းမထိုး လိုသည့် ပိုင်ပိုင်လေးအကြောင်း သရုပ်ဖော်ထားသည့် “ပိုင်ပိုင်လေးပါဝင်သည့် ကျွမ်းမထိုးရဲဘူး” မျက်နှာဝက်ကာတွန်းတို့ကို တင်ဆက်ထားပါသည်။
ကလေးတို့အနေဖြင့် မှန်ကန်၍ အကျိုးရှိသော စကားကိုသာ ပြောဆိုခြင်းဖြင့် ကောင်းကျိုး များ ရရှိစေနိုင်ကြောင်း ဗဟုသုတဖြစ်ဖွယ် ရေးသားထားသည့် “ပြောသင့်သည့် စကားနှင့် မပြောသင့်သည့် စကား” သုတဆောင်းပါးကဏ္ဍ၊ မီးဘေးရန်မှ မြို့ရွာကို မပျက်စီး၊ မဆုံးရှုံးရအောင် ကိုယ်ကျိုးစွန့်ကာ ကာကွယ်ပေးသည့် မောင်စိန်သံမဏိအကြောင်း ရေးသားထားသည့် “စိန်သံ မဏိ” ဝတ္ထုကဏ္ဍ၊ ပြည်သူသို့ အသိပညာပေးထားသည့် ငလျင်ဘေးအန္တရာယ် ကြိုတင်ပြင်ဆင်ရေး နှိုးဆော်ချက်၊ လောကတွင် ရုပ်အဆင်းလှတိုင်း သဘောကောင်းကြသည် မဟုတ်သလို အရုပ် ဆိုးတိုင်းလည်း စိတ်ထားမညံ့ကြောင်းကို ရှဉ့်မိသားစုဖြင့် ပုံဖော်ရေးသားထားသည့် “ဟန်ပြနှင့် လက်တွေ့” ပုံပြင်ကဏ္ဍ၊ အင်္ဂလိပ်စာအနေနှင့် ဆံပင်ညှပ်ချင်သူက ဆံပင်ညှပ်ဆိုင်နှင့် ဆက်သွယ် ပြီး ဆံပင်ညှပ်မည့်နေ့ကို ရက်ချိန်းယူသည့်အကြောင်းကို အပြန်အလှန် ပြောကြားသည့် “ရွှေသွေး စကားဝိုင်း” အင်္ဂလိပ်စာကဏ္ဍနှင့် ကဆုန်လနှင့် နယုန်လတို့တွင် နေပူရှိန်ပြင်းပုံ၊ ညောင်ရေသွန်းပုံ၊ မြက်လေးပန်းများပွင့်ပုံနှင့် ကျောင်းများ ပြန်ဖွင့်ကြပုံအကြောင်း ရေးဖွဲ့ထားသည့် “နွေအကုန် မိုးအကူး” ကဗျာကဏ္ဍတို့ကို တင်ဆက်ထားပါသည်။
ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၄၀၀ ကျပ် နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့။ ဖုန်း ၀၁-၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။