ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်က ပခုက္ကူစာပေဆု ဝတ္ထုတိုပေါင်းချုပ်၊ တတိယဆုရရှိသည့် စာရေးဆရာမ မေလတ်ဟန်၏ “ကျောင်းဆရာမလေး ဖြစ်ချင်တယ်နှင့် အခြားဝတ္ထုတိုများ” စာအုပ်ကို ဖြန့်ချိရောင်းချလျက်ရှိသည်။
ဤစာအုပ်တွင် ရှမ်းပြည်နယ်ရှိ မြန်မာစကားမတတ်သော တပည့်ကလေးများထံ သွားရောက် စာသင်ကြားပေးရသော ကျောင်းဆရာမတစ်ဦး၏ ကိုယ်ချင်းစာနာမှုနှင့် ရိုးသားသော တပည့်များ အပေါ်ထားရှိသော စေတနာ၊ မေတ္တာတို့ကို ရေးဖွဲ့ထားပုံ၊ ကျူရှင်သင်သော ကျောင်းဆရာမတစ်ဦးနှင့် ကျူရှင်မတက်နိုင်သော ကျောင်းသားတစ်ဦးတို့၏ ဆင်ခြင်နိုင်စရာဖြစ်ရပ်၊ ထိုင်းနိုင်ငံ ICONSIAM ဈေးရောင်းစင်တာရှိ စားသောက်ဆိုင်မှ မြန်မာအမျိုးသမီးလေးတစ်ဦး၏ ဘဝအတွေ့အကြုံ၊ မူးယစ်ဆေး၏သားကောင်ဖြစ်ခဲ့ရသော သားကို တင့်တယ်မြင့်မြတ်သောဘဝသို့ ရောက်အောင် ပို့ဆောင်ပေးခဲ့သော မိခင်တစ်ဦးအကြောင်း၊ ဘဝတွင် ရိုးသားသော်လည်း စာဖတ်နည်းသောသူနှင့် စာဖတ်များသောသူ၏ စာရိတ္တမဏ္ဍိုင်တို့ ကွာခြားမှုကို တင်ပြထားပုံနှင့် မိခင်အပေါ် နူးညံ့သော မေတ္တာတရားနှင့် ခွင့်လွှတ်တတ်သောစိတ်စေတနာရှိသူ မိဘမဲ့ဂေဟာတစ်ခုမှ မိန်းကလေးတစ်ဦး၏ အကြောင်း စသည်ဖြင့် လောကဇာတ်ခုံပေါ်မှ လူ့စရိုက်အဖုံဖုံကို ရေးဖွဲ့ခြယ်မှုန်းထားသော ဝတ္ထုတို ၁၅ ပုဒ် ပါဝင်သည်။ လောက၏ ပကတိဖြစ်စဉ်များကို တင်ပြပုံရိုးစင်းစွာဖြင့် မြင်သာအောင် မီးမောင်း ထိုးပြထားသောကြောင့် ဖတ်ရှုသင့်သည့် စာအုပ်ကောင်းတစ်အုပ်ဖြစ်သည်။
အဆိုပါစာအုပ်ကို ရောင်းဈေး ၂၅၀၀ ကျပ်ဖြင့် အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၁၈-၂၄၉၀၃၁၊ ၀၁၈-၃၈၁၄၄၈)၊ အမှတ် (တ-၅၅)၊ သပြေကုန်းဈေး၊ နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၆၇-၃၄၁၄၆၈၁၊ ၀၉-၄၄၉၅၄၀၆၆၇)၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်းကြား၊ မန္တလေးမြို့ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၂-၄၀၃၀၁၈၆) နှင့် အမြို့မြို့ရှိ စာပေဗိမာန် ကိုယ်စားလှယ်များထံတွင် ဆက်သွယ်ဝယ်ယူနိုင်ကြောင်းနှင့် လက်ကား မှာယူလိုပါက အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်၊ အရောင်းဌာန (ဖုန်း ၀၁၈-၂၄၉၀၃၁၊ ၀၁၈-၃၈၁၄၄၈) သို့ ဆက်သွယ်နိုင်ကြောင်း သတင်းရရှိသည်။