ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်က စာပေဗိမာန် စာမူဆု၊ ဝတ္ထုရှည်၊ တတိယဆုရရှိသည့် စာရေးဆရာ မောင်စိုးထိုက် (သုံးဆယ်) ၏ “ကျွန်တော်တို့သားအမိ” စာအုပ်ကို ဖြန့်ချိရောင်းချလျက်ရှိသည်။
ယင်းစာအုပ်သည် အဓိကအားဖြင့် စာရေးသူနှင့် သူ့မိခင်တို့အကြား ထားရှိသော တုနှိုင်းမဲ့မေတ္တာတရားကို လေးလေးနက်နက် ဖော်ကျူးထားသည့်အပြင် သားအမိနှစ်ဦးစလုံး လောကဓံ၏ အထုအထောင်းကို မလျှော့သောလုံ့လနှင့် ကြံ့ကြံ့ခံရင်ဆိုင်ပုံ၊ ဘဝ၏ အနိမ့်အမြင့် အတက်အကျနှင့် အခက်အခဲမှန်သမျှကို သတ္တိရှိရှိကျော်လွှားပုံ၊ မိခင်ကြီး၏ ပြတ်သားမာကျောသော စိတ်ဓာတ်နှင့် သားဖြစ်သူ၏ မိခင်အပေါ် ရိုသေကိုင်းရှိုင်းအလေးအမြတ်ထားပုံ အရေးအဖွဲ့များက ပီပြင်ထိမိလှသည်။ စာရေးသူ ငယ်ဘဝက ကြုံဆုံခဲ့သော ကြည်ကြည်ဆိုသည့် မိန်းကလေး၏ ရုပ်ပုံလွှာနှင့် သူ၏ အဖြူရောင်သံယောဇဉ်ကလည်း ချစ်ခင်စွဲလမ်း နှစ်ခြိုက်စရာ။ စာရေးသူ ဖြတ်သန်းခဲ့သော အကြော်သည်၊ ဝါးကုန်သည်၊ သမဝါယမ စာရေး၊ မိုးလေဝသအခြေခံဝန်ထမ်း၊ အိတ်ပိတ်တင်ဒါဆွဲသူ၊ ရုပ်ပြဇာတ်လမ်းရေးဆရာ၊ ရုပ်ရှင်ကန်ထရိုက်တာ စသည့် ဘဝမျိုးစုံ၏ အတွေ့အကြုံအဖုံဖုံကိုလည်း ရင်သပ် ရှုမောဖတ်ရှုရမည်ဖြစ်သည်။ ဝတ္ထုနောက်ခံ ကာလံ ဒေသံသည် လွန်ခဲ့သော ဆယ်စုနှစ် ငါးစု၊ ခြောက်စုက အကြောင်းရပ်များဖြစ်သဖြင့် ထိုခေတ် ထိုအခါက ကျန်းမာရေး၊ စီးပွားရေး၊ ပညာရေး၊ လူမှုရေး အထွေထွေအရပ်ရပ်ကိုလည်း ဖတ်ခွင့်သိခွင့် ရမည့်စာအုပ်ကောင်းတစ်အုပ်ဖြစ်ပါသည်။
အဆိုပါ စာအုပ်ကို ရောင်းဈေး ၃၅၀၀ ကျပ်ဖြင့် အမှတ် ၅၂၉ - ၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၁၈-၂၄၉၀၃၁၊ ၀၁၈-၃၈၁၄၄၈)၊ အမှတ် (တ- ၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၆၇-၃၄၁၄၆၈၁၊ ၀၉-၄၄၉၅၄၀၆၆၇)၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်းကြား၊ မန္တလေးမြို့ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၂-၄၀၃၀၁၈၆) နှင့် အမြို့မြို့ရှိ စာပေဗိမာန် ကိုယ်စားလှယ်များထံတွင် ဆက်သွယ်ဝယ်ယူနိုင်ကြောင်းနှင့် လက်ကားမှာယူလိုပါက အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်၊ အရောင်းဌာန (ဖုန်း ၀၁၈-၂၄၉၀၃၁၊ ၀၁၈-၃၈၁၄၄၈) သို့ ဆက်သွယ်နိုင်ကြောင်း သတင်းရရှိသည်။