၂ - ၅ - ၂၀၂၆ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၈)၊ အမှတ် (၁၈) ထွက်ရှိ

ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ်နှင့် အောက်ကလေးငယ်များ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၂၆ ခုနှစ်၊ မေလ ၂ ရက် (စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၅၈)၊ အမှတ်(၁၈)၌ မီးသတ်တပ်ဖွဲ့ဝင်များ၏ အသက်ကို စွန့်လွှတ်၍ အများအကျိုး ဆောင်ရွက်ကြပုံကို သရုပ်ဖော်ထားသည့် “ကျွန်တော်တို့၏ သူရဲကောင်းများ” မျက်နှာဖုံးကာတွန်း၊ ဟင်းချို၏ အရသာကြောင့် တစ်ဇွန်းတည်းသာ သောက်နိုင်ကြောင်းကို ဟာသဖြစ်ဖွယ် သရုပ်ဖော်ထားသည့် “ထူးထူးပါဝင်သော တစ်ဇွန်းသောက်ဟင်းချို” နှစ်မျက်နှာကာတွန်း၊ သူတစ်ပါးထံမှ ပိုက်ဆံကို အချောင်ရရန် ကြံစည်ရာမှ မိမိ၏ ပိုက်ဆံများ ဆုံးရှုံးခဲ့ရပုံကို သရုပ်ဖော်ထားသည့် “ကိုဆူးနှင့် ဝဏ္ဏပါဝင်သော အချောင်လိုချင်လို့” နှစ်မျက်နှာကာတွန်း၊ အသားစားသတ္တဝါဖြစ်သည့် ကျားကို အထင်သေးကာ ရန်မူခဲ့၍ အသက်ဆုံးရှုံး ခဲ့ရသော မြင်းအကြောင်းကို သရုပ်ဖော်ထားသည့် “မာန်တက်သော မြင်း”နှစ်မျက်နှာကာတွန်း၊ လမ်းကို အလောတကြီး ဖြတ်ကူးသဖြင့် ကားတိုက်ခံရတော့မည့် ဖိုးထူးအကြောင်းကို သရုပ်ဖော်ထားသည့် “ဖိုးထူး ၏ သတိဆိုတာ” တစ်မျက်နှာကာတွန်းနှင့် အိမ်တွင်မနေဘဲ သူငယ်ချင်းများဆီသို့ အလည်သွားရာမှ မိုးမိ၍ ဖျားခဲ့သော ဖိုးကောင်းအကြောင်းကို သရုပ်ဖော်ထားသည့် “ဖိုးကောင်း” မျက်နှာဝက်ကာတွန်းတို့ကို တင်ဆက်ထားပါသည်။

သုတဆောင်းပါးကဏ္ဍတွင် G6PD ချို့တဲ့ခြင်းကြောင့် ဖြစ်ပေါ်တတ်သည့် ရောဂါလက္ခဏာများနှင့် G6PD ချို့တဲ့ပါက လိုက်နာရမည့် အချက်များကို ဗဟုသုတရဖွယ် ရေးသားထားသည့် “G6PD ချို့တဲ့ခြင်းအကြောင်း သိမှတ်ဖွယ်” သုတဆောင်းပါး ပါဝင်ပြီး အညာသူ အညာသားများ၏ ရိုးသား၍ ချစ်ခင်ဖွယ်ကောင်းပုံကို ရေးသားထားသည့် “မလေးချစ်သော ရွှေအညာ” ဝတ္ထုနှင့် အစာကို အာဟာရ စုံလင်စွာ စားသုံးပါက ပင်ပန်းမှုကို ခံနိုင်ကာ စွမ်းအင်ပြည့်ဝပြီး အမြဲသွက်လက် ဖျတ်လတ်နေမည် ဖြစ်ကြောင်း ရေးသားထားသည့် “စွမ်းအင်အပြည့်နဲ့ ဘန်နီ” ပုံပြင်တို့ ပါဝင်ပါသည်။ ထို့ပြင် ပေးထားသော ရုပ်ပုံလေးကို ကလေးတို့ စိတ်ကြိုက်အရောင်များဖြင့် ခြယ်သနိုင်မည့် “ဆေးရောင်လှလှ ခြယ်ကြရအောင်” ကဏ္ဍ၊ ကလေးတို့ ကိုယ်တိုင် ရေးဆွဲထားသည့် ပန်းချီလက်ရာများကို ထည့်သွင်းဖော်ပြထားသည့် “ရွှေသွေးတို့လက်ရာ” ကဏ္ဍနှင့် စိတ်ကောင်းမွေးမြူကာ လူတိုင်းအပေါ် မေတ္တာထား၍ အများကောင်းကျိုး သယ်ပိုးသင့်ကြောင်း သီကုံးရေးဖွဲ့ထားသည့် “ဘဝဖွံ့ဖြိုး အလှတိုး” ကဗျာတို့ ပါဝင်ပါသည်။ အင်္ဂလိပ်စာ ကဏ္ဍအနေဖြင့် ဆံပင်ညှပ်ဆိုင်တွင် ဆံပင်လာညှပ်သူက သူ ညှပ်ချင်သည့် ဆံပင်ပုံစံနှင့် မည်မျှ တိုတို ညှပ်ချင်သည်တို့ကို အပြန်အလှန်ပြောဆိုပုံအမျိုးမျိုးဖြင့် လေ့လာနိုင်မည် ဖြစ်ပါသည်။

ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၄၀၀ ကျပ်နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့။ ဖုန်း- ၀၁-၃၈၁၄၄၈၊     ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။    
                                                                     
 

အကြံပြုစာ/တိုင်ကြားစာ