“ပထမဥပဒေသနှင့် အာရှလူငယ်ဝတ္ထုတိုများ” စာအုပ် ထုတ်ဝေဖြန့်ချိ

စာပေဗိမာန်၊ ဘာသာပြန်ဌာန၊ စာတည်းအဖွဲ့က ဘာသာပြန်ဆိုသော “ပထမဥပဒေသနှင့် အာရှလူငယ်ဝတ္ထုတိုများ” စာအုပ်ကို စာပေဗိမာန်က ထုတ်ဝေလိုက်ပါသည်။

ဤစာအုပ်တွင် အာရှနှင့် ပစိဖိတ်ဒေသမှ ကလေးငယ်တို့၏ မတူညီသော ယဉ်ကျေးမှု၊ အတွေး အခေါ်အယူအဆနှင့် လူနေမှုပုံစံများကို ရေးသားထားသည့် ဝတ္ထုတို (၇) ပုဒ် ပါဝင်ပါသည်။ အီရန် နိုင်ငံက ရေးသားသည့် “ပထမဥပဒေသ”၊ မြန်မာနိုင်ငံက ရေးသားသည့် “သရဲခြောက်သည့်အိမ်ကြီး”၊ အိန္ဒိယနိုင်ငံက ရေးသားသည့် “လေးခွနှင့် ကောင်လေး”၊ ကိုရီးယားနိုင်ငံက ရေးသားသည့် “ပထမဆုံး ဂုဏ်ပြုဆု”၊ ထိုင်းနိုင်ငံက ရေးသားသည့် “ကြောင်ကို တောထဲသို့ပစ်ခြင်း”၊ ပါပူဝါ နယူးဂီနီနိုင်ငံက ရေးသားသည့် “မင်နလူ၏ လျှို့ဝှက်ဆန်းကြယ်ဖြစ်ရပ်” နှင့် ပါကစ္စတန်နိုင်ငံက ရေးသားသည့် “ဘဟဒူ အလီ” တို့ ဖြစ်သည်။

စာအုပ်ပါ ဝတ္ထုတိုများသည် ကလေးလူငယ်သဘာဝကို သရုပ်ဖော်ရေးသားထားသဖြင့် ကလေးလူငယ်အရွယ်တွင် တွေ့ကြုံကြရသည့် အပြုအမူ၊ အလေ့အထ၊ မိသားစုနှင့် ပတ်ဝန်းကျင် စသည်တို့ကို သိရှိနိုင်ပြီး ဝတ္ထုတိုရေးသားသည့် အာရှနှင့် ပစိဖိတ်နိုင်ငံများအချင်းချင်း ယဉ်ကျေးမှုနှင့် အလေ့အထများ ဖလှယ်နိုင်ပြီး ချစ်ကြည်ရင်းနှီးမှုများ တိုးပွားနိုင်စေသော စာအုပ်ကောင်းတစ်အုပ် ဖြစ်သည်။

စာအုပ်တွင် စာမျက်နှာ ၁၂၁ မျက်နှာပါဝင်ပြီး တန်ဖိုး ၅၀၀၀ ကျပ်ဖြင့် ရန်ကုန်၊ အမှတ် ၅၂၉- ၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန် စာအုပ်ဆိုင် (ဖုန်း ၀၁-၂၄၉၀၃၁၊ ၀၁-၃၈၁၄၄၈)၊ အမှတ် (တ-၅၅)၊ သပြေကုန်းဈေး၊ နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း၀၉-၄၄၉၅၄၀၆၆၇၊ ၀၆၇-၃၄၁၄၆၈၁)၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်းကြား၊ မန္တလေးမြို့ရှိစာပေဗိမာန် စာအုပ်ဆိုင် (ဖုန်း ၀၂-၄၀၃၀၁၈၆) တို့တွင် ဝယ်ယူရရှိနိုင်ကြောင်း သတင်းရရှိသည်။
 

အကြံပြုစာ/တိုင်ကြားစာ