ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ်အောက် ကလေးငယ်များ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့ တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၃ ရက် (စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေး ဂျာနယ် အတွဲ (၅၈)၊ အမှတ် (၁)၌ မိမိ၏ ပျော်ရွှင်မှုအတွက် သူတစ်ပါးကို ထိခိုက်နစ်နာအောင် ပြုလုပ်မိခြင်းမှ ရှောင်ရှားရမည်ဖြစ်ကြောင်း သရုပ်ဖော်ထားသည့် “ရွှေပိုးနှင့် သူငယ်ချင်းများ” မျက်နှာဖုံးကာတွန်း၊ အလွန်ခင်မင်ကြသော သူငယ်ချင်းသုံးဦးတို့သည် မတော်လောဘစိတ်ကြောင့် အသက်ဘေးဖြင့် တွေ့ကြုံရပုံအကြောင်း သရုပ်ဖော်ထားသည့် “လောဘစိတ်” နှစ်မျက်နှာကာတွန်း၊ သူတစ်ပါး ဒုက္ခရောက်ချိန်တွင် မလှောင်ပြောင်သင့်ဘဲ အကူအညီပေးသင့်ကြောင်း သရုပ်ဖော်ထား သည့် “ပြက်ရယ် မပြုနဲ့” နှစ်မျက်နှာကာတွန်း၊ အကျိုးယုတ်စေသော အပြုအမူ ၆ ခုအကြောင်း သရုပ်ဖော်ထားသည့် “အကျိုးယုတ်စေသော အပြုအမူများ” နှစ်မျက်နှာကာတွန်း၊ ဆရာဖြစ်သူ ညိုချောနှင့် တပည့်ဖြစ်သူ လင်းသုတတို့အကြောင်း သရုပ်ဖော်ထားသည့် “ညိုချောနှင့် လင်းသုတ” တစ်မျက်နှာ ဟာသကာတွန်းနှင့် ညစာအတွက် ပီဇာမှာစားရန် အဖေဖြစ်သူကို အကြံပေးလိုက်သော ဘယ်ကျော်အကြောင်း သရုပ်ဖော်ထားသည့် “ဘယ်ကျော်” မျက်နှာဝက်ဟာသကာတွန်းတို့ကို တင်ဆက်ထားပါသည်။
သုတကဏ္ဍအနေဖြင့် ဂိမ်းစွဲလမ်းခြင်းကြောင့် ခံစားရနိုင်သည့် ဆိုးကျိုးများအကြောင်း ရေးသားထားပါသည်။ ဝတ္ထုကဏ္ဍတွင် ငှက်အစာကျွေးရသည်ကို အလွန်နှစ်သက်ကြသော ဖိုးစူနှင့် မူမူအကြောင်း ဖတ်ရှုရမည်ဖြစ်ပါသည်။ ပုံပြင်ကဏ္ဍအနေဖြင့် မိခင်၏ ခွင့်ပြုချက်မရဘဲ ကြက်ဥပူတင်းများကို အကုန်စားလိုက်မိသော အလန်နာအကြောင်း ရေးသားထားပါသည်။ ထို့ပြင် ကလေးတို့ကိုယ်တိုင် ရေးဆွဲထားသည့် ပန်းချီလက်ရာများကို တင်ဆက်ထားသည့် ရွှေသွေးတို့ လက်ရာကဏ္ဍ၊ ငလျင်ဘေးအန္တရာယ် ကြိုတင်ပြင်ဆင်ရေးနှင့် စပ်လျဉ်း၍ ပြည်သူသို့ အသိပေး နှိုးဆော်ချက်ကဏ္ဍနှင့် မြန်မာတို့၏ လွတ်လပ်ရေးနေ့အကြောင်း ရေးဖွဲ့ထားသည့် ဆရာ မောင်ထည်ဝါ (ပျော်ဘွယ်)၏ “လွတ်လပ်ရေးကို ထိန်းသိမ်းစို့” ကဗျာကဏ္ဍတို့ကိုလည်း တင်ဆက်ထားပါသည်။ အင်္ဂလိပ်စာကဏ္ဍအနေဖြင့် အီဒီယမ်များအပြင် Two-word Verb ဟုခေါ်သော Phrasal Verb များအကြောင်း ကလေးတို့ လေ့လာမှတ်သားနိုင်မည် ဖြစ်ပါသည်။
ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၄၀၀ ကျပ်နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့။ ဖုန်း ၀၁-၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။