ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ်အောက် ကလေးငယ်များ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၀ ရက် (စနေနေ့) တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၅၇)၊ အမှတ် (၅၁)၌ သီလစောင့်ထိန်းခြင်းနှင့် ကုသိုလ်ကောင်းမှုပြုလုပ်ခြင်း၏ အကျိုးကျေးဇူး ကြောင့် အသက်ဘေးမှ “မောင်မာဃ” မျက်နှာဖုံးကာတွန်း၊ ဒေါသနှင့် သည်းမခံတတ်သည့်စိတ်ကြောင့် အသက်ဆုံးရှုံးခဲ့ရသည့် ကျားအိုကြီးအကြောင်း သရုပ်ဖော်ထားသည့် “ဒေါသကြီးတဲ့ ကျားအို” နှစ်မျက်နှာကာတွန်း၊ စည်းကမ်းမလိုက်နာသည့်အတွက် ထိခိုက်ဒဏ်ရာရသွားသော ဟိန်းစည် အကြောင်းကို သရုပ်ဖော်ထားသည့် “ပန်ပန်” တစ်မျက်နှာကာတွန်း၊ ဗုံဗုံ၏ ကူညီပေးမှုကြောင့် လောကကြီးတွင် အသုံးချတတ်လျှင် သူ့နေရာနှင့်သူ အသုံးဝင်သည်ကို တိရစ္ဆာန်များအားလုံး သိရှိ သွားသည့်အကြောင်း သရုပ်ဖော်ထားသည့် “သူ့နေရာနှင့် သူ” နှစ်မျက်နှာကာတွန်း၊ ဗိုက်ပူသည် နာရီဆိုင်မှ နာရီကို ကြည့်ကာ ချက်စူအား အချိန်အတိအကျပြောခိုင်းသည်ကို သရုပ်ဖော်ထားသည့် “ချက်စူရဲ့ နာရီကြည့်တတ်လား” နှစ်မျက်နှာကာတွန်းနှင့် ပန်းသီးရောင်းသည့်သူက သင်္ချာ မကျွမ်းကျင်ဘူးဟု သူငယ်ချင်းနှစ်ယောက် အပြန်အလှန် ပြောထားသည်ကို သရုပ်ဖော်ထားသည့် “ခြောက်လုံး” မျက်နှာဝက်ကာတွန်း တို့ကို တင်ဆက်ထားပါသည်။
သုတကဏ္ဍအနေဖြင့် ခန္ဓာကိုယ်ကို အကျိုးပြုသည့် ဒိုပါမင်းဟော်မုန်းအကြောင်း ဗဟုသုတ ဖြစ်ဖွယ် ရေးသားထားသည့် “လန်းဆန်းပျော်ရွှင်မှုပေးသော ဒိုပါမင်း” သုတဆောင်းပါးကဏ္ဍ၊ ဆရာ၏ စေတနာကို နားလည်သဘောပေါက်သွားသည့် ချောစုခိုင်အကြောင်းကို ရေးသားထားသည့် “အဆိပ်မပါ စိတ်အစာ” ဝတ္ထုကဏ္ဍ၊ အလွန်အကျွံ ဆော့တတ်သော မောင်သူရ အန္တရာယ်ဖြစ်သွားသည့်အကြောင်းကို သတိပြုဖွယ် ရေးသားထားသည့် “အဆော့မက်သူ” ပုံပြင်ကဏ္ဍ၊ အင်္ဂလိပ်စာအနေနှင့် Phrasal Verb အကြောင်း လေ့လာနိုင်မည့် “အခြေခံ လိုအပ်သည့် အီဒီယမ်” အင်္ဂလိပ်စာကဏ္ဍ၊ ဉာဏ်စမ်းကဏ္ဍနှင့် ရေပြင်တွင် ငါးလေးကူးခတ်ပုံ၊ လေတွင် ငှက်လေး ပျံသန်းပုံ၊ မြေပြင်တွင် ကင်းလေးသွားပုံနှင့် မျိုးဆက်သစ်လူငယ်များ နည်းပညာတိုးတက်မှုဖြင့် ကမ္ဘာအနှံ့သွားနိုင်မည့်အကြောင်း ရေးဖွဲ့ထားသည့် “လှုပ်ရှားသွားလာ ဤကမ္ဘာ ကဗျာကဏ္ဍတို့ကို လေ့လာမှတ်သားနိုင်မည်ဖြစ်ပါသည်။
ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၄၀၀ ကျပ် နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့။ ဖုန်း ၀၁-၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။