ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ်နှင့် အောက်ကလေးငယ်များ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၆ ရက် (စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၅၇)၊ အမှတ် (၄၉) ၌ မိမိတို့ နွမ်းရိပျက်စီးသွားမည့်အစား လူသားတို့အတွက် အာဟာရရှိသော ဟင်းတစ်ခွက် ဖြစ်လိုသော စိတ်ကောင်းစေတနာရှိသည့် အသီးအနှံများအကြောင်းကို သရုပ်ဖော်ထား သည့် “သီးစုံဟင်း” မျက်နှာဖုံးကာတွန်း၊ ကျောင်း၌ အခြားသူများနှင့် လိုက်လျောညီထွေစွာ မပေါင်းသင်း တတ်၍ သူငယ်ချင်း မရှိသော သားကို မိခင်ဖြစ်သူက သူငယ်ချင်းများ၏ တန်ဖိုးရှိပုံအကြောင်းကို ပြောဆို ဆုံးမထားသည်ကို သရုပ်ဖော်ထားသည့် “သူငယ်ချင်း အလိုရှိသည်” နှစ်မျက်နှာကာတွန်း၊ မိမိထင်မြင် ယူဆသည့်အတိုင်း တွေးတောပူပန်တတ်သော ဖြိုးရဲအကြောင်းကို သရုပ်ဖော်ထားသည့် “ဖြိုးရဲ - အာနိုးနဲ့ ဝတုတ်” နှစ်မျက်နှာကာတွန်း၊ သူတစ်ပါးကို မြွေရုပ်နှင့် ခြောက်လှန့်တတ်သောကြောင့် ရေခဲမုန့်နှင့် လွဲခဲ့ရသော ချက်စူအကြောင်းကို သရုပ်ဖော်ထားသည့် “ချက်စူပါဝင်သော မစားရထိုက်သူ” နှစ်မျက်နှာ ကာတွန်း၊ အဘွားဖြစ်သူက သန့်ရှင်းသပ်ရပ်စွာ နေထိုင်တတ်စေရန် ပြောဆိုဆုံးမသည်ကို နားလည်မှု လွဲနေသော ဟန်သီမအကြောင်းကို သရုပ်ဖော်ထားသည့် “ဟန်သီမ” တစ်မျက်နှာကာတွန်း၊ ဖြတ်ထိုးဉာဏ် ကောင်းသော မြဂျိုးအကြောင်းကို သရုပ်ဖော်ထားသည့် “မြဂျိုး - လက်ရေးလှ” မျက်နှာဝက်ကာတွန်းတို့ ပါဝင်ပါသည်။
သုတဆောင်းပါးကဏ္ဍတွင် လမ်းလျှောက်ခြင်းသည် ငွေကုန်ကြေးကျ သက်သာရုံသာမက ကျန်းမာရေးအတွက် များစွာ အထောက်အကူဖြစ်စေကြောင်းကို ဗဟုသုတရဖွယ် ရေးသားထားသည့် “လမ်းလျှောက်ခြင်း” သုတဆောင်းပါး၊ လိမ္မာယဉ်ကျေးပြီး ဖခင်၏ဆုံးမစကားအတိုင်း အလုပ်ကို ရိုးရိုးသားသား ကြိုးကြိုးစားစား လုပ်ကိုင်ခဲ့သော မောင်မြင့်အကြောင်းကို ရေးသားထားသည့် “အလုပ် ကြိုးစားတဲ့ သူဌေးသား” ပုံပြင်နှင့် မိခင်၏ မေတ္တာစေတနာကို နားလည်သွားခဲ့သော ကျောင်းသားလေး အကြောင်းကို ရေးသားထားသည့် “အစွန်းအထင်း ကင်းသည်” ဝတ္ထုတို့ ပါဝင်ပါသည်။ ထို့ပြင် ကလေးတို့ ပေးပို့သော ပန်းချီလက်ရာများကို ဖော်ပြထားသည့် “ရွှေသွေးတို့လက်ရာ” ကဏ္ဍ၊ ကလေးတို့အနေဖြင့် ပေးထားသော ရုပ်ပုံလေးများကို ကလေးတို့စိတ်ကြိုက် အရောင်များဖြင့် ခြယ်သနိုင်မည့် “ဆေးရောင်လှလှ ခြယ်ကြရအောင်” ကဏ္ဍနှင့် နွေရာသီ၏ သဘာဝဝန်းကျင်ကို ပေါ်လွင်အောင် သီကုံးရေးစပ်ထားသည့် “ခါနွေဦး” ကဗျာတို့ ပါဝင်ပါသည်။ အင်္ဂလိပ်စာကဏ္ဍအနေဖြင့် အီဒီယမ်များအပါအဝင် Two-word Verb ဟု ခေါ်သော Phrasal Verb များ၏ အသုံးများနှင့် ပတ်သက်သည်များကို လေ့လာမှတ်သားနိုင်မည် ဖြစ်ပါသည်။
ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၄၀၀ ကျပ်နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့။ ဖုန်း- ၀၁-၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။