“ကိုရွှေသံ (မြန်မာစာ) ရေးသားသည့် “အပ္ပမာဒေန သမ္ပာဒေထ” စာအုပ်ကို စာပေဗိမာန်က ထုတ်ဝေဖြန့်ချိ

“ကိုရွှေသံ (မြန်မာစာ) ရေးသားသည့် “အပ္ပမာဒေန သမ္ပာဒေထ” စာအုပ်ကို စာပေဗိမာန်က ထုတ်ဝေဖြန့်ချိလိုက်ပြီ ဖြစ်ပါသည်။

ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်က စာပေဗိမာန်စာမူဆု ဝတ္ထုရှည်၊ ပထမဆုရရှိသည့် စာရေးသူ ကိုရွှေသံ (မြန်မာစာ) ၏ “အပ္ပမာဒေန သမ္ပာဒေထ” စာအုပ်ကို ဖြန့်ချိ ရောင်းချ လျက်ရှိသည်။

ယင်းစာအုပ်တွင်  ဦးချစ်မောင်အမည်ရှိ အသက် ၈၅ နှစ်အရွယ် လူအိုဒုက္ခိတတစ်ဦး၏ ဘဝ ဇာတ်ကြောင်းကို အသေးစိတ် ပုံဖော်ရေးဖွဲ့ထားသော ဝတ္ထုဖြစ်သည်။ အသက်အရွယ်အရ ခေတ်အမျိုးမျိုးကိုလည်းကြုံ၊ အတွေ့အကြုံလည်း စုံခဲ့သူဖြစ်သဖြင့် သူ့ဘဝဖြတ်သန်းမှုက စိတ်ဝင်စားဖွယ် ကောင်းလှသည်။ သူနေထိုင် ကြီးပြင်းခဲ့ရသော မြို့ငယ်လေး၏ ကမ်းနားပိုင်းတွင် မြစ်ရေတိုက်စားမှုဖြင့် တဖြည်းဖြည်းကမ်းပြိုလာသည်ကို ဒေသခံများက ကိုယ်ထူကိုယ်ထ ခုခံတားဆီးရပုံ၊ အခက်အခဲ ကြုံရပုံ၊ ရုန်းကန်ရပုံ၊ အန္တရာယ်တကယ်ရှိပြီဆိုမှ တာဝန်ရှိသူများက သူတို့ကို မြို့သစ်ဆီ နေရာချထား ရွှေ့ပြောင်းပေးခဲ့ပုံ၊ နေရာသစ်တွင် ဘဝသစ်ထူထောင်ပြီး သားသမီးပွားစီးလျက် ရုန်းကန်ရပုံ၊ သား သမီးများ အိမ်ထောင်ကျသည့်အချိန် ဇနီးသည်ဆုံးပါးသွားပြီးနောက် သူ့အသက် ၈ဝ ခန့်တွင် လေဖြတ် ဝေဒနာကို ခံစားရပုံ၊ ကိုဗစ်ရောဂါ လှိုင်းထန်သောကာလကိုလည်း ကြုံခဲ့ရပုံ စသည်များ ပါဝင်သည်။

အနီးကပ်အချိန်ပြည့် ပြုစုစောင့်ရှောက်သူ မရှိသော ကိုယ်တစ်ခြမ်းသေ လေဖြတ်ထားသည့် ဝေဒနာရှင်တစ်ဦး၏ နေ့စဉ်ဘဝ ဒုက္ခကို ရေးဖွဲ့ရာ၌ အသေးစိတ်၍ သရုပ်ပါလှသည်။ အထီးကျန်ခြင်း၊ အဖော်မဲ့ခြင်း၊ ဝမ်းနည်းအားငယ်ခြင်း၊ စိတ်သွားတိုင်း ကိုယ်မပါသဖြင့် မိမိကိုယ်ကို ဒေါသဖြစ်ခြင်းနှင့် အတူ သားသမီးများကိုလည်း မကျေမနပ်ဖြစ်ခြင်း စသည့် စိတ်ခံစားမှုကို ဖော်ကျူးရာ၌လည်း အလွန် ပီပြင်သည်။ နောက်ဆုံး၌ သံဃာတော်တစ်ပါးကြွလာကာ အတ္တကိုဖယ်ခွာ၍ ဖြစ်လာသည့်ဘဝတွင် သီလ၊ သမာဓိ၊ ပညာ ရရှိဖို့သာ မမေ့မလျော့ နှလုံးသွင်းဖို့ တရားရေအေး တိုက်ကျွေးခဲ့သည်။ နာယူ ပြီးနောက် မကြာခင်မှာပင် သူကွယ်လွန်အနိစ္စရောက်သွားကြောင်း အရေးအဖွဲ့ကလည်း သံဝေဂရစရာ ဖြစ်သည်။ ဝတ္ထုသည် ရည်ရွယ်ချက်ကောင်းမွန်သည်။ စရိုက်ပီပြင်သည်။ ရသဂုဏ်မြောက်သည်။

အဆိုပါစာအုပ်ကို ရောင်းဈေး (၄ဝဝဝ) ကျပ်ဖြင့် အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်းရှိ စာပေ ဗိမာန်စာအုပ်ဆိုင် (ဖုန်း ဝ၁၈-၂၄၉ဝ၃၁၊ ဝ၁၈-၃၈၁၄၄၈)၊ အမှတ် (တ-၅၅)၊ သပြေကုန်းဈေး၊ နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ဝ၆၇-၃၄၁၄၆၈၁၊ ဝ၉-၄၄၉၅၄ဝ၆၆၇)၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်းကြား၊ မန္တလေးမြို့ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ဝ၂-၄ဝ၃ဝ၁၈၆) နှင့် အမြို့မြို့ရှိ စာပေဗိမာန် ကိုယ်စားလှယ်များထံတွင် ဆက်သွယ်ဝယ်ယူနိုင်ကြောင်းနှင့် လက်ကားမှာယူလိုပါက အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်၊ အရောင်းဌာန (ဖုန်း ဝ၁၈-၂၄၉ဝ၃၁၊ ဝ၁၈-၃၈၁၄၄၈) သို့ ဆက်သွယ်နိုင်ကြောင်း သတင်းရရှိသည်။
 

အကြံပြုစာ/တိုင်ကြားစာ