ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ်အောက် ကလေးငယ်များ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၀ ရက် (စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၅၈)၊ အမှတ် (၂၅)၌ မောင်ခါချဉ်အပေါ် မကောင်းမြင်စိတ် ထားမိသော်လည်း နောက်ဆုံးတွင် အမြင်မှန် ရသွားသော ငှက်ကလေးမိုးစွေအကြောင်း သရုပ်ဖော်ထားသည့် “တောင်းပန်ပါတယ်” မျက်နှာဖုံးကာတွန်း၊ လူ့ခန္ဓာကိုယ်အကြောင်း ဗဟုသုတဖြစ်ဖွယ် သရုပ်ဖော်ထားသည့် “လူ့ခန္ဓာကိုယ်” နှစ်မျက်နှာကာတွန်း၊ အန္တရာယ်မဖြစ်စေရန် ကြိုတင်ကာကွယ် ပြင်ဆင်ထားခြင်းဖြင့် ရလဒ်ကောင်းကို ရရှိစေကြောင်း သရုပ်ဖော်ထားသည့် “ကြိုတင်ပြင်ဆင် အောင်ပွဲဝင်” နှစ်မျက်နှာ ကာတွန်း၊ ဖျားချင်ယောင်ဆောင်ရာက အမှန်တကယ်ဖျားသွားသော နီတွတ်အကြောင်း သရုပ်ဖော် ထားသည့် “ချစ်စုမနှင့် နီတွတ်ပါဝင်သည့် ခုမှ တကယ်ဖျားတာ” နှစ်မျက်နှာကာတွန်း၊ စိတ်ကူးတစ်ခု ကို အကောင်အထည်ဖော်လိုက်ရာက ပျားတုပ်ခံရသော လူငယ်လေးတစ်ဦးအကြောင်း သရုပ်ဖော် ထားသည့် “ဆု” တစ်မျက်နှာစာမဲ့ဟာသကာတွန်းနှင့် သူငယ်ချင်းဝတုတ်၏ဆုတောင်း အမြန်ပြည့်ပါစေဆိုသော ဘယ်ကျော်အကြောင်း သရုပ်ဖော်ထားသည့် “ဘယ်ကျော်” မျက်နှာဝက်ဟာသ ကာတွန်းတို့ကို တင်ဆက်ထားပါသည်။
သုတကဏ္ဍအနေဖြင့် ကမ္ဘာ့အရှည်ဆုံး တောင်တန်းများထဲမှ ပင်လယ်အောက် တောင်တန်း ကြီးအကြောင်း ဗဟုသုတဖြစ်ဖွယ် ရေးသားထားပါသည်။ ပုံပြင်ကဏ္ဍတွင် အချင်းချင်း ကူညီရိုင်းပင်း ခြင်းဖြင့် အောင်မြင်မှုကို ရရှိနိုင်ကြောင်း ဖတ်ရှုရမည်ဖြစ်ပါသည်။ ဝတ္ထုကဏ္ဍအနေဖြင့် လောကတွင် သတ္တဝါချင်းတူသော်လည်း သဘာဝချင်း မတူကြသည်များရှိကြောင်း ဖတ်ရှုရမည်ဖြစ်ပါသည်။ ထို့ပြင် ကလေးတို့ကိုယ်တိုင် ရေးဆွဲထားသည့် ပန်းချီလက်ရာများကို တင်ဆက်ထားသည့် ရွှေသွေးတို့ လက်ရာကဏ္ဍနှင့် မြန်မာနိုင်ငံရှိ ဒေသထွက်ကုန်အချို့အကြောင်း ရေးစပ်ထားသည့် ဆရာခြူးရဲသန့် ၏ “မြန်မာ့အလှ သဘာဝ” ကဗျာကဏ္ဍတို့ကိုလည်း တင်ဆက်ထားပါသည်။ အင်္ဂလိပ်စာကဏ္ဍတွင် အီဒီယမ်များအပြင် Two-word Verb ဟုခေါ်သော Phrasal Verb များအကြောင်း ကလေးတို့ လေ့လာမှတ်သားနိုင်မည် ဖြစ်ပါသည်။
ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၄၀၀ ကျပ် နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့။ ဖုန်း ၀၁-၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။