ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်က စာပေဗိမာန် စာမူဆု ပြဇာတ်စာပေ ဒုတိယဆုရရှိသည့် စာရေးဆရာ နေစိုးသော် ၏ “ချစ်ပန်းမှုံ” စာအုပ်ကို ဖြန့်ချိရောင်းချလျက်ရှိသည်။
ဤစာအုပ်တွင် မြေလတ်ပိုင်း မြို့ငယ်တစ်ခုနှင့် ရွာကလေးတစ်ရွာကို အခြေပြုထားသည့် ပြဇာတ်ဖြစ်ပြီး အခန်း (၁၇) ခန်း၊ ပြကွက် (၅၁) ခုဖြင့် ရေးဖွဲ့ထားသည်။ ရွာကလေးမှ မပန်းမှုံသည် ပန်းနှင့်ဟင်းသီးဟင်းရွက်များကို မြို့သို့ သွားရောက်ရောင်းချကာ မိခင်ကြီးကို လုပ်ကျွေးလျက် ရှိသည်။ မီးလောင်ဒဏ်ရာများကြောင့် မိခင်ကြီး ဒေါ်သူဇာကို စုန်းမကြီး ဒေါ်အိုဇာဟု ယိုးစွပ်ကြပြီး မပန်းမှုံကိုလည်း စုန်းမလေးဟု သမုတ်ကာ ဝိုင်းပယ်ကြသည်။ ပန်းမှုံ၏ ရိုးသားသောစိတ်၊ လူမှုရေး လုပ်ရပ်များနှင့် ပင်ကိုအလှကို မြို့က ဆရာဝန်၏သား စိုးသူရက တွေ့မြင်နှစ်သက်ပြီး ချစ်ရေးဆိုရာ ချစ်တုံ့ပြန်ချင်သော်လည်း စိုးသူရ၏မိခင်က ပန်းမှုံနှင့် သဘောမတူ။ သူဌေးသမီး မြသီတာနှင့် ပေးစားချင်သည်။ နှလုံးရောဂါသည်မိခင်ကြီး၏ စိတ်ချမ်းသာမှုအတွက် စိုးသူရက မြသီတာနှင့် လက်ထပ်လိုက်ရသည်။ သို့သော် မြသီတာတို့အိမ်က အလုပ်သမားနှင့် ဖြစ်ပျက်ခဲ့သည့်ဇာတ်လမ်း ပေါ်သွားရာ စိုးသူရ၏မိခင်မှာ နှလုံးရောဂါနှင့် ကွယ်လွန်ခဲ့သည်။ နောက်ဆုံးတွင် နှလုံးလှသော ပန်းမှုံနှင့် စိုးသူရကို လက်ထပ်ပေးရန် စိုးသူရ၏ဖခင်က သဘောတူသည်။ ဇာတ်လမ်းမှာ စုန်းကဝေ စသော အစွဲအလမ်းယုံကြည်မှုများကို အမှားအမှန် ခွဲခြားဆင်ခြင်နိုင်ရန် ရေးဖွဲ့ထားခြင်း ဖြစ်သည်။ ပညာပေးရေးသားလေ့ရှိသော ဇာတ်အိမ်မျိုးဖြစ်သော်လည်း ရည်ရွယ်ချက်မြောက်အောင် ဇာတ်ကွက် များဖြင့် ထိရောက်စွာသောကြောင့် စာအုပ်ကောင်းတစ်အုပ်လည်း ဖြစ်ပါသည်။
အဆိုပါစာအုပ်ကို ရောင်းဈေး ၅၀၀၀ ကျပ်ဖြင့် အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၁၈-၂၄၉၀၃၁၊ ၀၁၈-၃၈၁၄၄၈)၊ အမှတ် (တ-၅၅)၊ သပြေကုန်းဈေး၊ နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၆၇-၃၄၁၄၆၈၁၊ ၀၉-၄၄၉၅၄၀၆၆၇)၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်းကြား၊ မန္တလေးမြို့ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၂-၄၀၃၀၁၈၆) နှင့် အမြို့မြို့ရှိ စာပေဗိမာန် ကိုယ်စားလှယ်များထံတွင် ဆက်သွယ်ဝယ်ယူနိုင်ကြောင်းနှင့် လက်ကား မှာယူလိုပါက အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်၊ အရောင်းဌာန (ဖုန်း ၀၁၈-၂၄၉၀၃၁၊ ၀၁၈-၃၈၁၄၄၈) သို့ ဆက်သွယ်နိုင်ကြောင်း သတင်းရရှိသည်။