ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ်နှင့် အောက်ကလေးငယ်များ ဖတ်ရှုနိုင်ရန်ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက် (စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၅၈)၊ အမှတ် (၉) ၌ ဗေဒင်ယတြာကို ယုံကြည်လွန်းသောကြောင့် ယတြာချေရာ၌ ဒုက္ခများနှင့် ကြုံတွေ့ ခဲ့ရသော မောင်ရိုးအကြောင်းကို သရုပ်ဖော်ထားသည့် “ယတြာထဲက မောင်ရိုး” မျက်နှာဖုံးကာတွန်း၊ Vape စီးကရက်သောက်ခြင်းကြောင့် ဖြစ်ပေါ်လာမည့် ကျန်းမာရေးဆိုးကျိုးများအကြောင်းကို သရုပ်ဖော်ထား သည့် “မြဂျိုး - မစမ်းသပ်သင့်သောအရာ” နှစ်မျက်နှာကာတွန်း၊ မိမိ၏ မိသားစုနှင့် မိမိ၏ အိမ် ပတ်ဝန်းကျင်သည်သာ အလုံခြုံဆုံးသော နေရာဖြစ်ကြောင်းကို သရုပ်ဖော်ထားသည့် “သက်ကြီးစကား” နှစ်မျက်နှာကာတွန်း၊ မိဘကျေးဇူးကို ဆပ်သည့်အပြင် အမျိုးတူကျေးများကိုပါ ကူညီစောင့်ရှောက်ခဲ့ သောကြောင့် သလေးစပါးနှံများကို သယ်ယူခွင့်ရသွားခဲ့သော ဘုရားလောင်းကျေးမင်းအကြောင်းကို သရုပ်ဖော်ထားသည့် “မိဘကျေးဇူးမမေ့ကောင်း” နှစ်မျက်နှာကာတွန်း၊ သရက်ပင်ပေါ်မှ သရက်သီးကို ခဲဖြင့်ပစ်ရာမှ ပျားအုံကို ထိ၍ ပျားလိုက်တုပ်ခြင်း ခံခဲ့ရသော ထူးထူးအကြောင်းကို သရုပ်ဖော်ထားသည့် “ထူးထူးပါဝင်တဲ့ ကြောက်ပါပြီ” တစ်မျက်နှာကာတွန်းနှင့် ဖြတ်ထိုးဉာဏ်ကောင်းသော မြဂျိုးအကြောင်းကို သရုပ်ဖော်ထားသည့် “အဖမ်းခံရလို့” မျက်နှာဝက်ကာတွန်းတို့ ပါဝင်ပါသည်။
သုတဆောင်းပါးကဏ္ဍတွင် တပေါင်းလ၏ ထူးခြားမှုအပေါင်းနှင့် သာယာလှပပုံတို့ကို ရေးသားထားသည့် “တပေါင်းသာခေါင် လများနောင်” သုတဆောင်းပါး၊ ဖြတ်ထိုးဉာဏ်ကောင်းသော ယုန်ကလေး၏ ကြိုးပမ်းမှုကြောင့် ဆင်များ၏ အန္တရာယ်မှ ကင်းလွတ်သွားခဲ့သော ယုန်များအကြောင်းကို ရေးသားထားသည့် “ဉာဏ်ကောင်းသော ယုန်ကလေး” ပုံပြင်နှင့် မိမိနှင့် မတော်တော့သော အဝတ်တို့ကို ဖြစ်စေ၊ မိမိ မဝတ်တော့သော အဝတ်တို့ကိုဖြစ်စေ အခြားသူများကို ပေးရာ၌ သေသေချာချာ လျှော်ဖွပ်ကာ ပုံးများဖြင့် စနစ်တကျ ပေးသင့်ကြောင်း ရေးသားထားသည့် “အဝတ်ဟောင်းလေးများ” ဝတ္ထုတို့ ပါဝင်ပါသည်။ ထို့ပြင် ကလေးတို့ ပေးပို့သော ပန်းချီလက်ရာများကို ဖော်ပြထားသည့် “ရွှေသွေးတို့ လက်ရာ” ကဏ္ဍ၊ ကလေးများ အင်္ဂလိပ်စာဝေါဟာရ တိုးပွားစေရန် စကားလုံး၏အဆုံးတွင် ‘e’ နှစ်လုံး (double e) ပါသည့် နာမ်(Noun) ၅ ခု နှင့် ကြိယာ(Verb) ၅ ခု တို့ကို ရေးသားနိုင်မည့် “ဉာဏ်စမ်း စဉ်းစားဖြေစို့လား” ဉာဏ်စမ်းကဏ္ဍ၊ ပေးထားသော ရုပ်ပုံလေးကို ကလေးတို့စိတ်ကြိုက် အရောင်များဖြင့် ခြယ်သနိုင်မည့် “ရေးပါ ခြယ်ပါ ပျော်စရာ” ကဏ္ဍနှင့် နွေရာသီ၏ သာယာလှပပုံကို သီကုံးရေးဖွဲ့ထားသည့် “ဆန်းစနွေဦး”ကဗျာတို့ ပါဝင်ပါသည်။ အင်္ဂလိပ်စာကဏ္ဍအနေဖြင့် အီဒီယမ်များအပါအဝင် Two-word Verb ဟု ခေါ်သော Phrasal Verb များ၏ အသုံးများနှင့် ပတ်သက်သည်များကို လေ့လာမှတ်သားနိုင်မည် ဖြစ်ပါသည်။
ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၄၀၀ ကျပ်နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့။ ဖုန်း- ၀၁-၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။