၂၀၁၆ ခုနှစ်အတွက် အမျိုးသားစာပေဆု လူငယ်စာပေ အဖွဲ့ငယ် အစည်းအဝေးကျင်းပ

၂၀၁၆ ခုနှစ်အတွက် အမျိုးသားစာပေဆုများ ရွေးချယ်ချီးမြှင့်နိုင်ရန် စိစစ် ရွေးချယ်ခြင်းလုပ်ငန်း များကို စတင်ဆောင်ရွက်နေပြီဖြစ်ရာ လူငယ်စာပေ ဘာသာရပ်အတွက် ပဏာမအဆင့် အစည်းအဝေးကို ၂၀၁၇ ခုနှစ် ဇွန်လ ၂၂ ရက် နံနက် ၁၁ : ၀၀ နာရီက ရန်ကုန်မြို့၊  ကုန်သည်လမ်းရှိ စာပေဗိမာန်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အဆိုပါ အစည်းအဝေးသို့ လူငယ်စာပေ ဘာသာရပ်  စိစစ်ရွေးချယ်ရေး ကော်မတီဝင်များ ဖြစ်ကြသည့် ဒေါ်မြမြသန်း (မနှင်းဖွေး)၊ ဦးမော်လင်း၊ ဦးမျိုးညွန့် (စာပေလောက)၊ ဒေါ်ခင်လေးညို (မြနှောင်းညို)၊ ဦးမြင့်ထွန်း (မြင့်ထွန်း-Quality)၊ ဦးညွန့်တင် (မောင်ငြိမ်းသူ-ကြို့ပင်ကောက်)၊ ဦးကြည်ဝင်း (လောကအမွန်) တို့ တက်ရောက်ခဲ့ကြပြီး ဦသန်းအုန်း (မောင်ဇေယျာ) က  ခွင့်ပန်ခဲ့သည်။

အစည်းအဝေးတွင် ၂၀၁၆ ခုနှစ်အတွင်း ထုတ်ဝေခဲ့သော လူငယ်စာပေ  စာအုပ်များအနက် ပေးပို့လာသည့်စာအုပ်များကို ပဏာမအဆင့် စိစစ်ဖတ်ရှုနေမှု အခြေအနေများနှင့် ပတ်သက်၍ တက်ရောက်လာသူများက ဆွေးနွေးကြကြောင်း သိရသည်။

၂၀၁၆ ခုနှစ်အတွက် အမျိုးသားစာပေဆုများ စိစစ်ရွေးချယ်ရာတွင် ယခင်နှစ်ကဲ့သို့ပင် ပဏာမအဆင့်၊ ဆန်ခါတင်အဆင့်နှင့် အတည်ပြုရွေးချယ်သည့်အဆင့်ဟူ၍ အဆင့်သုံးဆင့်ဖြင့် စနစ်တကျ ရွေးချယ်သွားမည်ဟု သတင်းရရှိသည်။