နေပြည်တော် ဇူလိုင် ၃၀
တရုတ်-အာဆီယံ ဒီဂျစ်တယ်ပညာရေးအသိုက်အဝန်းကို တည်ဆောက်ကာ မျိုးဆက်သစ်လူငယ်များအတွက် ပိုမိုကောင်းမွန်သည့် သင်ယူမှုအခွင့်အလမ်းများ ဖော်ထုတ်၍ ပညာရေးနှင့် ကျွမ်းကျင်မှုအရည်အသွေးများကို မြှင့်တင်သွားကြမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်က ယမန်နေ့နံနက်ပိုင်းက တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွေ့ကျိုးပြည်နယ်ကွေ့ရမ်မြို့၌ ဉာဏ်ရည်မြင့်နည်းပညာ အခြေပြုပညာရေးကို မြှင့်တင်ခြင်းဖြင့် ချစ်ကြည်ရင်းနှီးသော ဒေသအသိုက်အဝန်း တည်ထောင်ခြင်းခေါင်းစဉ်ဖြင့် ကျင်းပသည့် ၂၀၂၆ တရုတ်-အာဆီယံပညာရေး ပူးပေါင်းဆောင်ရွက်ရေးသီတင်းပတ်ဖွင့်ပွဲတွင် အဖွင့်အမှာစကားပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့ သည်။
ဖွင့်ပွဲအပြီးတွင် “တရုတ်-အာဆီယံ Smart Education အရည်အသွေးတည်ဆောက်ရေး အစီအစဉ်” စတင်ဖွင့်လှစ်ခြင်း အခမ်းအနားကိုကျင်းပရာ ဒုတိယဝန်ကြီးသည် တရုတ်နှင့်အာဆီယံ ပညာရေးဝန်ကြီးများ၊ ဒုတိယဝန်ကြီးများနှင့်အတူ စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး H.E. Mr. Ren Youqun က ဦးဆောင်ကျင်းပသည့် “တရုတ်-အာဆီယံပညာရေးဝန်ကြီးများဆွေးနွေးပွဲ” သို့ တက်ရောက်ဆွေးနွေးခဲ့သည်။
မွန်းလွဲပိုင်းတွင် “ဒီဂျစ်တယ်နှင့် ဉာဏ်ရည်တုပြောင်းလဲမှုခေတ်တွင် စက်မှုလုပ်ငန်း Industry နှင့် ပညာရေးပေါင်းစည်းဖွံ့ဖြိုးရေး” ခေါင်းစဉ်ဖြင့် ကျင်းပသော ဆွေးနွေးပွဲသို့ တက်ရောက်ဆွေးနွေးခဲ့သည်။
၂၀၂၆ တရုတ်-အာဆီယံ ပညာရေးပူးပေါင်းဆောင်ရွက်ရေး သီတင်းပတ်အခမ်းအနားသို့ တရုတ်နှင့် အာဆီယံပညာရေးဝန်ကြီးများ၊ ဒုတိယဝန်ကြီးများနှင့် ကွေ့ကျိုးပြည်နယ် ပါတီအကြီးအကဲများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်