တရုတ်တက္ကသိုလ်များနှင့် မြန်မာတက္ကသိုလ်များအကြား ညီအစ်မတက္ကသိုလ်များထူထောင်၍ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး ဆွေးနွေး

 

နေပြည်တော် ဇူလိုင် ၂၉

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွေ့ကျိုးပြည်နယ် ကွေ့ရမ်မြို့၌ကျင်းပမည့် ၂၀၂၆ ခုနှစ် တရုတ်-အာဆီယံပညာရေး ပူးပေါင်းဆောင်ရွက်ရေး ရက်သတ္တပတ်အခမ်းအနားတက်ရောက်ရန် ရောက်ရှိနေသော ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး H.E. Ren Youqun နှင့် ဇူလိုင် ၂၈ ရက်တွင်တွေ့ဆုံပြီး အဆင့်မြင့်ပညာကဏ္ဍ၌ နည်းပညာပူးပေါင်းဆောင်ရွက်ရေး၊ ဒီဂျစ်တယ် နည်းပညာသုံးသင်ကြားရေး၊ ဆရာအတတ်ပညာကဏ္ဍနှင့် ဘာသာရပ်အသီးသီးတွင် ပညာတော်သင်ဆုများ ပိုမိုပေးအပ်ရေး၊ တရုတ်တက္ကသိုလ်များနှင့် မြန်မာတက္ကသိုလ်များအကြား ညီအစ်မတက္ကသိုလ်များထူထောင်၍ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး၊ တရုတ်-မြန်မာ ဉာဏ်ရည်တုနည်းပညာနှင့် ဒီဂျစ်တယ်ပညာရေးစင်တာတည်ထောင်မှုဖြစ်နိုင် ခြေလေ့လာရေးအစရှိသည့် ပညာရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။

နံနက်ပိုင်းတွင် ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့်အဖွဲ့သည် Guizhou Minzu University (ကွေ့ကျိုးမင်ဇု တက္ကသိုလ်) ၏ ပါတီကော်မတီအတွင်းရေးမှူး Mr. Guofu Lyu နှင့် အဖွဲ့အား တက္ကသိုလ်ဧည့်ခန်းမတွင်တွေ့ဆုံကာ ဆရာအတတ်ပညာနှင့် ဘာသာစကားသင်ကြား‌ရေးနယ်ပယ်တွင် ပူးပေါင်းဆောင်ရွက်ရေးဆွေးနွေးပြီး တက္ကသိုလ်အတွင်း လှည့်လည်လေ့လာခြင်း၊ Guizhou University (ကွေ့ကျိုး တက္ကသိုလ်) ၌ တက္ကသိုလ်၏ ပါတီကော်မတီ ဒုတိယအတွင်းရေးမှူး ပါမောက္ခချုပ် Mr. Zou Weiwen နှင့်အဖွဲ့အားတွေ့ဆုံကာ သတင်းအချက်အလက် နည်းပညာ၊ ဉာဏ်ရည်တုနည်းပညာ၊ Big Data၊ AI+ နယ်ပယ်အသီးသီး ပေါင်းစည်းဖန်တီးမှုများတွင် ပူးပေါင်းဆောင်ရွက်ရေးဆွေးနွေးကာ တက္ကသိုလ်သိပ္ပံနည်းပညာ‌ဥယျာဉ်နှင့် Smart Classrooms များကို လှည့်လည်ကြည့်ရှုလေ့လာခြင်း၊ ညနေပိုင်းတွင် ကွေ့ကျိုးပြည်နယ် CPC အမြဲတမ်းကော်မတီဝင် Mr. Lu Yongzheng နှင့်အဖွဲ့အားတွေ့ဆုံကာ ကွေ့ကျိုးပြည်နယ်တက္ကသိုလ်များသို့ ပညာတော်သင်များ ပိုမိုစေလွှတ်ရေး၊ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အခြေခံပညာကျောင်းများအတွက် နည်းပညာအကူအညီရရှိရေးကိစ္စရပ်များကို ဆွေးနွေးခြင်းများဆောင်ရွက်ပြီး ကွေ့ကျိုးပြည်နယ် ပါတီကော်မတီဝင်က အာဆီယံကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင်များအား တည်ခင်းဧည့်ခံသော ညစာစားပွဲသို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်