ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ မြန်မာနိုင်ငံဆိုင်ရာ ပါကစ္စတန်သံအမတ်ကြီးအား လက်ခံတွေ့ဆုံ

 

 

နေပြည်တော် ဇူလိုင် ၂၈

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဆိုင်ရာ ပါကစ္စတန် သံအမတ် ကြီး H.E. Mr. Tariq Karim နှင့်အဖွဲ့အား ယနေ့မွန်းလွဲပိုင်းတွင် ပြည်သူ့လွှတ်တော်ဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

 

တွေ့ဆုံစဉ် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက မိမိတို့နှစ်နိုင်ငံကြား အပြန်အလှန်လေးစားမှု၊ နားလည်မှုတို့ကို အခြေခံပြီး ၁၉၄၇ ခုနှစ် ဩဂုတ်လ  ရက်နေ့မှစ၍ တရားဝင် သံတမန်ဆက်ဆံရေး ထူထောင်ခဲ့ကြသည်မှာ ယခုနှစ်တွင် (၇၉) နှစ်ပြည့်မြောက်ပြီးဖြစ်ပါကြောင်း၊ ချစ်ကြည်ရင်းနှီးသော သံတမန်ဆက်ဆံရေးကို ရေရှည်တည်ဆောက်နိုင်ခဲ့သည်ဟု ဆိုနိုင်ပါကြောင်း၊ နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုခိုင်မာအောင် တည်ဆောက်သွားရမည်ဖြစ်ပါကြောင်း၊ မိမိတို့နှစ်နိုင်ငံကြား ဆေးဝါးကဏ္ဍ၊ ကုန်ထုတ်လုပ်မှုကဏ္ဍ၊ ယဉ်ကျေးမှုကဏ္ဍ၊ အမျိုးသမီးကဏ္ဍ၊ ခရီးသွားလုပ်ငန်းကဏ္ဍ စသည်ဖြင့် ပူးပေါင်းဆောင်ရွက်မှုနယ်ပယ်များသည် များပြားပါကြောင်း၊ ထို့ကြောင့် အစိုးရအချင်းချင်း၊ လွှတ်တော်အချင်းချင်း၊ ပြည်သူအချင်းချင်း ပူးပေါင်းဆောင်ရွက်မှုများကို သံတမန်အတွေ့အကြုံကြွယ်ဝသည့် သံအမတ်ကြီး တာဝန်ထမ်းဆောင်နေစဉ်ကာလတွင် တိုးမြှင့်ဆောင်ရွက်နိုင်မည်ဟု ယုံကြည်ပါကြောင်း၊ မိမိတို့ လွှတ်တော်တွင် ကော်မတီ ၂၂ ခု ဖွဲ့စည်းထားရှိပြီး အဆိုပါကော်မတီများထဲတွင် နိုင်ငံတကာဆက်ဆံရေးကော်မတီ ပါဝင်ပါကြောင်း၊ အဆွေတော်တို့ ပါကစ္စတန်နိုင်ငံ အောက်လွှတ်တော်သည် နိုင်ငံ ပေါင်း ၁၀၀ ကျော်နှင့် လွှတ်တော်ချင်း ချစ်ကြည်ရေးအသင်းများ (Parliamentary Friendship Groups) များ ဖွဲ့စည်းထားရှိသည်ကို လေ့လာသိရှိရပါကြောင်း၊ ထို့ကြောင့် မိမိတို့လွှတ်တော်နှင့် ပါကစ္စတန်လွှတ်တော်များအကြား လွှတ်တော်ချင်း ချစ်ကြည်ရေးအသင်းများ ဖွဲ့စည်းခြင်းကိုလည်း သံအမတ်ကြီး တာဝန်ထမ်းဆောင်စဉ်ကာလအတွင်း၌ စတင်ဆောင်ရွက်လိုပါကြောင်း၊ ထိုမှတစ်ဆင့် လွှတ်တော်နှစ်ရပ်အကြား ဥပဒေပြုရေးဆိုင်ရာလုပ်ငန်းစဉ်များနှင့် လွှတ်တော်ကော်မတီချင်းဆက်ဆံရေး၊ အမျိုးသမီးနှင့်လူငယ်လွှတ်တော်ကိုယ်စားလှယ်များအကြား ဆွေးနွေးပွဲများ ပူးပေါင်းဆောင်ရွက်ရေး စသည်တို့ကို ဆောင်ရွက်သွားလိုပါကြောင်း၊ အဆွေတော်အနေဖြင့် မိမိတို့လွှတ်တော်နှင့် ထိတွေ့ဆက်ဆံရန် အမြဲတံခါးဖွင့်ထားပါကြောင်း ပြောကြားသည်။

 

သံအမတ်ကြီးက ပြန်လည်ပြောကြားရာတွင် နှစ်နိုင်ငံလွှတ်တော် ချစ်ကြည်ရေးအသင်းများ ဖွဲ့စည်းမည့်ကိစ္စအား အထူးထောက်ခံပါကြောင်း၊ နိုင်ငံတကာပါလီမန်များတွင်လည်း ထိုသို့ ဆောင်ရွက်ကြပါကြောင်း၊ အစိုးရချင်းသာမက လွှတ်တော်ချင်း ချစ်ကြည်ရင်းနှီးမှုကို တည်ဆောက်ခြင်းသည် အရေးကြီးပါကြောင်း၊ ထိုသို့ ဆောင်ရွက်ခြင်းဖြင့် မိမိတို့နှစ်နိုင်ငံကြား ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုတိုးမြှင့်လာစေမည် ဖြစ်ပါကြောင်း၊ မိမိတို့နှစ်နိုင်ငံအကြားတွင် ကုန်သွယ်ရေး၊ စီးပွားရေးနှင့် ယဉ်ကျေးမှု စသည့်ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးမြှင့်သွားလိုပါကြောင်း၊ Taxila မြို့သည် ဗုဒ္ဓဘာသာယဉ်ကျေးမှုအမွေအနှစ်များ ထွန်းကားသည့် ဒေသဖြစ်၍ ဗုဒ္ဓဘာသာ မြန်မာပြည်သူများအနေဖြင့် လာရောက်လည်ပတ်ဖို့ ဖိတ်ခေါ်လိုပါကြောင်း၊ လွှတ်တော်အချင်းချင်း၊ ပြည်သူအချင်းချင်း ထိတွေ့ဆက်ဆံမှု မြှင့်တင်နိုင်ရေး ကူညီဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

 

အဆိုပါတွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့်အတူ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အုန်း၊ ပြည်သူ့လွှတ်တော် နိုင်ငံတကာဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌ ဒေါက်တာပွင့်ဆန်း၊ ကော်မတီအဖွဲ့ဝင်များဖြစ်ကြသည့် ဦးဗန်နီ၊ ဒေါ်ဇာခြည်လွင်နှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြပြီး ပါကစ္စတန်သံအမတ်ကြီးနှင့်အတူ ပါကစ္စတန်သံရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

သတင်းစဉ်