မဟာသက္ကရာဇ် ၁၀၃ ခုနှစ်၊ ကဆုန်လပြည့်နေ့တွင် သိဒ္ဓတ္ထမင်းသားသည် နေရဉ္ဇရာမြစ်ကမ်းပါးအနီး ဗောဓိပင်ရင်း၌ သဗ္ဗညုတဘုရားအဖြစ်သို့ ရောက်တော်မူခဲ့သည်။ ဝါဆိုလပြည့်နေ့သို့ ရောက်သောအခါ ဣသိပတန မိဂဒါဝုန်တော၌ ပဉ္စဝဂ္ဂီငါးဦးတို့အား ဓမ္မစကြာတရားကို ဟောတော်မူသည်။
‘‘ဘုရားဖြစ်ခါ၊ မိဂဒါသို့၊ စကြာရွှေဖွား၊ ဖြန့်ချိသွား၍၊ ငါးပါးဝဂ္ဂီ၊ စုံအညီနှင့်၊ မဟီတစ်သောင်း၊ တိုက်အပေါင်းမှ၊ ခညောင်းကပ်လာ၊ နတ်ဗြဟ္မာအား၊ ဝါဆိုလပြည့်၊ စနေနေ့ဝယ်၊ ကြွေ့ကြွေ့လျှံတက်၊ ဓမ္မစက်ကို၊ မိန့်မြွက်ထွေပြား၊ ဟောဖော်ကြားသည်၊ တရားနတ်စည် ရွမ်းတယ်ကို။’’ ဟူ၍ လယ်တီဆရာတော်ကြီးက ကြည်ညိုအထူး ညွတ်နူးဖွယ်ရာ ဖွဲ့ဆိုခဲ့သည်။ ပွင့်တော်မူ ဂေါတမမြတ်စွာဘုရားရှင်သည် မဟာဗောဓိပင်အနီးတွင် သတ္တသတ္တာဟ ခုနစ်ရက် ခုနစ်ဌာန သီတင်းသုံးစံပယ်တော်မူပြီးနောက် ၄၉ ရက်မြောက်သောနေ့တွင် အလွန်တရာနက်နဲလှစွာသော တရားတော်၏သဘောကို ဆင်ခြင်စောကြောကာ လောဘ၊ ဒေါသ၊ မောဟတို့ ထူပြောလှသည့် ပုထုဇဉ်တို့ နားလည်သဘောပေါက်ရန် ခဲယဉ်းလှသည်ကို သိမြင်တော်မူခဲ့သည်။
သဟမ္ပတိဗြဟ္မာက တရားဦးဟောကြားပေးပါရန် ပန်ကြားလျှောက်ထားခြင်းကြောင့် ဘုရားရှင်က မည်သူအား ဟောကြားရမည်ကို ဆင်ခြင်သည့်အခါ ရှေးဦးစွာ အာဠာရရသေ့နှင့် ဥဒကရသေ့ တို့အားမြင်တော်မူသည်။ သို့ရာတွင် ထိုရသေ့နှစ်ပါးတို့ အသီးသီးစုတေကုန်၍ အရူပဘုံသို့ ရောက်ကြသည်ကိုသိတော်မူ၍ ဒုက္ကရစရိယာ ခြောက်နှစ်ကျင့်ခဲ့စဉ်က အလုပ်အကျွေးပြုဖူးခဲ့ကြသည့် ပဉ္စဝဂ္ဂီငါးဦးတို့အား တရားဦးဟောတော်မူရန် ဆင်ခြင်တော်မူကာ မြောက်ဘက် ၁၈ ယူဇနာကွာဝေးသည့် မိဂဒါဝုန်တောဆီသို့ ခြေကျင်ခရီး ကြွမြန်းတော်မူသည်။
မြတ်ဗုဒ္ဓ၏ ပထမဦးဆုံးသောတရားဖြစ်သည့် ဓမ္မစကြာကို ဟောကြားတော်မူသည့်နေရာသည် ဈာနလာဘီ ယောဂီရသေ့တို့ ကောင်းကင်မှသက်ဆင်းရာဖြစ်၍ ဣသိပတနဟူ၍လည်းကောင်း၊ သမင်တို့အား ဘေးမဲ့ပေးရာအရပ်ဖြစ်၍ မိဂဒါယ ဟူ၍လည်းကောင်း အမည်နာမနှစ်မျိုးရှိသည့် တောဖြစ်သည်။ တရားဦးဓမ္မစကြာ ဟောကြားတော်မူသည့်အချိန်အခါသည် ဝါဆိုလပြည့်နေ့ ဆည်းဆာ အရှေ့ဘက်ကောင်းကင်ယံတွင် လပြည့်ဝန်းနှင့် အနောက်ဘက် ကောင်းကင်တွင် နေဝင်စအခါသမယဖြစ်၍ တရားနာပရိသတ်တို့မှာ ကောဏ္ဍည၊ ဝပ္ပ၊ ဘဒ္ဒိယ၊ မဟာနာမ်၊ အဿဇိ ဟူသည့် လူသား ပဉ္စဝဂ္ဂီငါးဦးနှင့် နတ်ဗြဟ္မာပေါင်း တစ်ရာ့ရှစ်ကုဋေတို့ဖြစ်သည်။
ဓမ္မစကြာတရားတော်သည် ရဟန်းတို့ရှောင်ကြဉ်ရမည့် အစွန်းတရားနှစ်ပါးနှင့် ကျင့်ဆောင်ရမည့် မဇ္ဈိမပဋိပဒါ အလယ်အလတ် လမ်းစဉ်ကိုညွှန်ပြသည်။ အစွန်းနှစ်ပါးသည် ကာမသုခလ္လိကာနု ယောဂဟူသည့် ကာမဂုဏ်စည်းစိမ်တို့ကို လွန်ကျူးစွာခံစားသည့် အစွန်းတစ်ပါးနှင့် အတ္တကိလမထာနုယောဂဟူသည့် မိမိကိုယ်ကို ညှဉ်းဆဲကာ တရားရှာဖွေသည့် အစွန်းတစ်ပါးတို့ဖြစ်ပြီး အကျိုးမရှိသည့် အယုတ်တရားများအဖြစ် သတ်မှတ်သည်။ ရဟန်းတို့ ကျင့်သုံးရမည့် မဇ္ဈိမပဋိပဒါသည် ရှစ်ခုသောလမ်းစဉ်ဖြစ်သည့် သမ္မာဒိဋ္ဌိ၊ သမ္မာသင်္ကပ္ပ၊ သမ္မာဝါစာ၊ သမ္မာကမ္မန္တ၊ သမ္မာအာဇီဝ၊ သမ္မာဝါယာမ၊ သမ္မာသတိ၊ သမ္မာသမာဓိတို့ ဖြစ်သည်။ မဇ္ဈိမပဋိပဒါလမ်းစဉ်သည် ဉာဏ်စက္ခုအလင်းကိုရစေသည်။ အသိဉာဏ်ကို တိုးပွားစေသည်။ ကိလေသာတို့ကို ငြိမ်းအေးစေသည်။ သစ္စာလေးပါးကို ပိုင်းခြား ထင်ထင် သိမြင်စေသည်။ နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်စေသည်ဟု ဟောကြားတော်မူသည်။
တရားဦး ဓမ္မစကြာတွင် သစ္စာလေးပါးဖြစ်သော ဆင်းရဲခြင်း အမှန် - ဒုက္ခသစ္စာ၊ ဆင်းရဲခြင်းဖြစ်ကြောင်း အမှန် - သမုဒယသစ္စာ၊ ဆင်းရဲငြိမ်းရာအမှန် - နိရောဓသစ္စာ၊ ဆင်းရဲငြိမ်းရာရောက်ကြောင်း အကျင့်ကောင်းအမှန်-မဂ္ဂသစ္စာတို့ကို ဟောကြားတော်မူခဲ့သည်။ အရိယသစ္စာလေးပါးခေါ် စတ္တာရိ အရိယ သစ္စာနိတွင် ဗုဒ္ဓဒေသနာ တော်၏ အဆီအနှစ်တို့ ကိန်းအောင်းတည်ရှိနေသည်ဟု ဆရာတော် သံဃာတော်များက လမ်းညွှန်ဟောကြားတော်မူကြသည်။ အရိယသစ္စာလေးပါးနှင့်စပ်လျဉ်း၍ ဆောင်ရွက်ရန်ကိစ္စလေးရပ်ရှိရာ ဒုက္ခသစ္စာကို ရှင်းလင်းပြည့်စုံစွာ သိနားလည်ရန်၊ သမုဒယသစ္စာကို စွန့်ပစ်ပယ်ဖျောက် အမြစ်မှနုတ်ပယ်ရန်၊ နိရောဓသစ္စာအတွက် နိဗ္ဗာန်ကိုမျက်မှောက်ပြုရန်ဖြစ်၍ မဂ္ဂသစ္စာဟူသည် မည်မျှပင် စုံလင်စွာ သိနားလည်သည်ဖြစ်စေ ကိစ္စမပြီးမြောက်ဘဲ လမ်းစဉ်အတိုင်း ကျင့်ကြံလိုက်နာ အားထုတ်ဆောင်ရွက်ကြရန်ဖြစ်သည်ဟုလည်း ဆုံးမလမ်းညွှန်ထားသည်။
ဗုဒ္ဓမြတ်စွာဘုရားရှင်သည် မဟာသက္ကရာဇ် ၁၀၃ ခုနှစ်၊ ဝါဆိုလပြည့်နေ့တွင် တရားဦးဓမ္မစကြာ ဟောတော်မူသည်မှ အစပြုကာ သက်တော်ထင်ရှားရှိခဲ့သည့် ၄၅ ဝါပတ်လုံး အမျိုးဇာတိ ရာထူးဂုဏ်သိန် ယောက်ျား မိန်းမ ဆင်းရဲချမ်းသာ ခွဲခြားမှုမရှိဘဲ ငြိမ်းအေးရာအမှန် မြတ်သောနိဗ္ဗာန်သို့ရောက်ကြောင်း တရားတော်များကို ဟောကြားတော်မူခဲ့ခြင်းဖြစ်သည်။ မဂ္ဂင်ရှစ်ပါး လမ်းရှစ်သွယ်တရားတို့ကို ကျင့်သုံးခြင်းဖြင့် လောကီလောကုတ်နှစ်ဖြာသော အကျိုးတရားတို့ ရရှိနိုင်ကြပါစေကြောင်း။ ။