ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန် တက္ကသိုလ်ပေါင်းစုံ အမျိုးသမီးဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ တက်ရောက်

 

 

နေပြည်တော် ဇူလိုင် ၃

၂၀၂၆ ခုနှစ် ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာန တက္ကသိုလ်ပေါင်းစုံ အမျိုးသမီးဘောလုံး ပြိုင်ပွဲ ဗိုလ်လုပွဲကို ယနေ့ညနေပိုင်းတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိဘောလုံးကွင်းရှိ လေ့ကျင့်ရေးကွင်း အမှတ် (၁) ၌ ကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်၊ ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့် ဦးနေမျိုးလှိုင် တက်ရောက်ကြည့်ရှုအားပေးကြသည်။

 

ယနေ့ညနေပိုင်းတွင် တက္ကသိုလ်ပေါင်းစုံ အမျိုးသမီးဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲအဖြစ် နေပြည်တော်ဇုန် အသင်းနှင့် ပုသိမ်ဇုန်အသင်းတို့ အကြိတ်အနယ်ယှဉ်ပြိုင်ကစားကြရာ ပုသိမ်ဇုန်အသင်းက နေပြည်တော်ဇုန်အသင်းကို နှစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။

 

ပြိုင်ပွဲအပြီး ဆုချီးမြှင့်ပွဲကိုကျင်းပရာ နေရာအလိုက် အကောင်းဆုံးကစားသမားဆုရသူများ၊ ဂိုးသွင်းအများ ဆုံးကစားသမားဆုရရှိသူ၊ ပွဲစဉ်တစ်လျှောက် အကောင်းဆုံးကစားသမားဆုရရှိသူများ၊ တတိယဆု ရရှိသည့် ရန်ကုန်ဇုန်အသင်း၊ ဒုတိယဆုရရှိသည့် နေပြည်တော်ဇုန်အသင်း၊ ပထမဆုရရှိသည့် ပုသိမ်ဇုန်အသင်းတို့ကို ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများက ဆုများပေးအပ်ချီးမြှင့်သည်။

 

ဇူလိုင် ၄ ရက် နံနက်ပိုင်းတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိဘောလုံးကွင်းလေ့ကျင့်ရေးကွင်း အမှတ် (၁) တွင် ပညာရေးဝန်ကြီးဌာန တက္ကသိုလ်ပေါင်းစုံအမျိုးသားဘောလုံးပြိုင်ပွဲ တတိယနေရာလုပွဲကို မန္တလေးဇုန် အသင်းနှင့် ပုသိမ်ဇုန်အသင်းတို့ ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ပြီး ညနေပိုင်းတွင် ဗိုလ်လုပွဲအဖြစ် မြစ်ကြီးနားဇုန်အသင်းနှင့် မော်လမြိုင်ဇုန်အသင်းတို့ ယှဉ်ပြိုင်ကစားကြမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်