လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ၌ နိုင်ငံတော်အဆင့်ချစ်ကြည်ရေးခရီးစဉ် (State Visit) ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် အား လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံသမ္မတ မစ္စတာ ထောင်လွန်း ဆီဆုလစ် က ဂုဏ်ပြုကြိုဆို၊ တွေ့ဆုံဆွေးနွေး
နေပြည်တော် ဇူလိုင် ၃
လာအိုပြည်သူ့ဒီမိုကရက်တစ် သမ္မတနိုင်ငံသမ္မတ မစ္စတာ ထောင်လွန်း ဆီဆုလစ်၏ ဖိတ်ကြားချက်အရ လာအိုပြည်သူ့ဒီမို ကရက်တစ်သမ္မတနိုင်ငံ၌ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် (State Visit) ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား ယနေ့ နံနက်ပိုင်းတွင် လာအိုပြည်သူ့ဒီမိုကရက်တစ် သမ္မတနိုင်ငံ သမ္မတ မစ္စတာ ထောင်လွန်း ဆီဆုလစ်က လာအို သမ္မတအိမ်တော်၌ ဂုဏ်ပြုတပ်ဖွဲ့ ဖြင့် ကြိုဆိုပြီး တွေ့ဆုံဆွေးနွေးသည်။
ဂုဏ်ပြုကြိုဆို
ဦးစွာ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့သည် လာအိုသမ္မတအိမ်တော်သို့ သွားရောက်ကြရာ သမ္မတအိမ်တော်အဝင်လမ်းတစ်လျှောက်၌ လာအိုကင်းထောက် လူငယ် မောင်မယ်လေးများက နှစ်နိုင်ငံအလံများကိုင်ဆောင် ဝှေ့ယမ်း၍ နိုင်ငံတော်သမ္မတနှင့် ဇနီးတို့အား ကြိုဆိုနှုတ်ဆက် ကြသည်။
ထို့နောက် နိုင်ငံတော်သမ္မတနှင့် ဇနီးတို့သည် ဂုဏ်ပြုကြိုဆိုပွဲ အခမ်းအနား ကျင်းပပြုလုပ် မည့် လာအိုသမ္မတအိမ်တော်သို့ ရောက်ရှိကြရာ လာအိုပြည်သူ့ဒီမို ကရက်တစ်သမ္မတနိုင်ငံ သမ္မတ မစ္စတာ ထောင်လွန်း ဆီဆုလစ်နှင့် ဇနီး မစ္စစ် နားလီ ဆီစုလိ တို့က ခင်မင်ရင်းနှီးစွာဖြင့် ခရီးဦးကြိုဆို နှုတ်ဆက်ကြသည်။
ယင်းနောက် နိုင်ငံတော်သမ္မတနှင့် လာအိုနိုင်ငံသမ္မတတို့သည် အလေးပြုခံစင်မြင့်ထက်တွင် နေရာယူကြပြီး နိုင်ငံတော်သမ္မတ၏ ဇနီးနှင့် လာအိုနိုင်ငံ သမ္မတ၏ ဇနီးတို့က အလေးပြုခံစင်မြင့်၏ ဘေးတစ်ဖက်တစ်ချက်တွင် နေရာယူကြသည်။
ဆက်လက်၍ နိုင်ငံတော်သမ္မတနှင့် လာအိုနိုင်ငံသမ္မတတို့သည် ဂုဏ်ပြုတပ်ဖွဲ့၏ နှစ်နိုင်ငံ နိုင်ငံတော် သီချင်းများဖြင့် တီးမှုတ်ဂုဏ်ပြုအလေးပြုခြင်းကို ခံယူကြပြီး လာအိုပြည်သူ့တပ်မတော် (ကြည်း၊ ရေ၊ လေ) ဂုဏ်ပြု တပ်ဖွဲ့အလံကို ဦးညွှတ်အလေး ပြု၍ ဂုဏ်ပြုတပ်ဖွဲ့အား စစ်ဆေးသည်။
ထို့နောက် နိုင်ငံတော်သမ္မတ နှစ်ဦးတို့သည် နှစ်နိုင်ငံကိုယ်စား လှယ်အဖွဲ့ကို အပြန်အလှန် မိတ်ဆက် ပေးကြပြီး နိုင်ငံတော်သမ္မတနှစ်ဦးနှင့်ဇနီး နှစ်ဦးတို့သည် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။
ယင်းနောက် နိုင်ငံတော် သမ္မတ နှစ်ဦးသည် တွေ့ဆုံဆွေးနွေးပွဲကျင်းပပြုလုပ်မည့် ခန်းမဆောင်သို့ အတူတကွ ထွက်ခွာကြသည်။
တွေ့ဆုံဆွေးနွေး
ဆက်လက်၍ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် လာအိုပြည်သူ့ဒီမိုကရက်တစ် သမ္မတနိုင်ငံ သမ္မတ မစ္စတာ ထောင်လွန်း ဆီဆုလစ်တို့သည် နှစ်နိုင်ငံ ကိုယ်စားလှယ်အဖွဲ့ဝင် များနှင့်အတူ တွေ့ဆုံဆွေးနွေးကြသည်။
ထိုသို့ တွေ့ဆုံဆွေးနွေးစဉ် လာအိုပြည်သူ့ဒီမိုကရက်တစ် သမ္မတနိုင်ငံ သမ္မတက ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင် လှိင် ဦးဆောင်သည့် ကိုယ်စား လှယ်အဖွဲ့ဝင်များအား လှိုက်လှဲ စွာဖြင့်ကြိုဆိုပါကြောင်း၊ အဆွေတော် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ လာရောက်စဉ် အတွင်းမှာ နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက် မှုကို ပိုမိုမြှင့်တင်နိုင်ပြီး နှစ်နိုင်ငံ ဆက်ဆံမှုကို ပိုမိုတိုးမြှင့်ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ ယခုခရီးစဉ်သည် သံတမန်ရေးရာ အရသာမက စီးပွားရေးရာအရ ပူးပေါင်းဆောင်ရွက်ရေးတို့တွင်ပါ ထူးခြားသည့် ခရီးစဉ်တစ်ခုဖြစ်ပါ ကြောင်း၊ မိမိအနေဖြင့် သမ္မတ တာဝန်ထမ်းဆောင်ချိန်တွင် ရှိရင်းစွဲ အစဉ်အလာရှိသည့် နှစ်နိုင်ငံ အကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်ရေးကို ဆက်လက်မြှင့်တင်ဆောင်ရွက်သွားနိုင်မည်ဟု ယုံကြည် ကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတက ပြန်လည်ဆွေးနွေး ပြောကြား ရာတွင် မိမိအနေဖြင့် နိုင်ငံတော်သမ္မတအဖြစ် တာဝန်ယူပြီးနောက် အာဆီယံနိုင်ငံများအနက် လာအိုနိုင်ငံကို ပထမဆုံး နိုင်ငံတော်အဆင့် ချစ်ကြည်ရေး ခရီးလာရောက်နိုင်ခဲ့သည့်အတွက် ဝမ်းမြောက် မိပါကြောင်းနှင့် ယခုကဲ့သို့ ချစ်ကြည်ရေးခရီး လာရောက်ရန် အဆွေတော်၏ ဖိတ်ကြားခဲ့မှုအပေါ်လည်း မိမိ အနေဖြင့်တန်ဖိုးထားပါကြောင်း၊ မိမိနှင့် ကိုယ်စားလှယ်အဖွဲ့ကို လှိုက်လှဲပျူငှာစွာ ကြိုဆိုမှုများနှင့် နွေးထွေးစွာ ဧည့်ဝတ်ပြုမှုများ အတွက်လည်း ကျေးဇူးတင်ရှိပါကြောင်း။
ယမန်နှစ်က တရုတ်နိုင်ငံ တီယန်ကျင်းမြို့တွင် ကျင်းပခဲ့သည့် ရှန်ဟိုင်းပူးပေါင်း ဆောင်ရွက်မှုအဖွဲ့ အပေါင်းထိပ်သီး အစည်းအဝေး တက်ရောက်ခဲ့စဉ် ကလည်း အဆွေတော်နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်ကို အမှတ်ရလျက် ရှိပါကြောင်းနှင့် ယခုကဲ့သို့ ထပ်မံ တွေ့ဆုံရသည့် အတွက်လည်း ဝမ်းမြောက်မိပါကြောင်း၊ နိုင်ငံ တော်သမ္မတအဖြစ် ကတိသစ္စာပြုခြင်းနှင့် စတင်တာဝန်ယူခြင်း အခမ်းအနားသို့ လာအိုနိုင်ငံမှ အထူးကိုယ်စားလှယ် စေလွှတ်ခဲ့ပြီး အဆွေတော်ထံမှ ဝမ်းမြောက် ကြောင်း သဝဏ်လွှာပေးအပ်ခဲ့မှု အပေါ်လည်း ကျေးဇူးတင်ရှိပါကြောင်း၊ မကြာသေးမီကာလက လာအိုနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ထောင်ဆာဗန် ဖုန်ဗီဟေး၏ မြန်မာနိုင်ငံ ခရီးစဉ်သည်လည်း မိမိတို့အစိုးရ အပေါ် အလေးအနက်ထားမှုနှင့် လာအိုနိုင်ငံ၏ ထောက်ခံ ရပ်တည်ပေးမှုကို ပြသပေးသည့် ခရီးစဉ် ဖြစ်သဖြင့် များစွာတန်ဖိုးထားပါကြောင်း၊ ယခုခရီးစဉ်သည် နှစ်နိုင်ငံအကြား ရှိရင်းစွဲအစဉ် အလာရှိသည့် ချစ်ကြည်ရင်းနှီးမှုကို ပိုမိုခိုင်မာစေပြီး မဟာဗျူဟာမြောက် ဘက်ပေါင်းစုံပူးပေါင်း ဆောင်ရွက်မှုများ မြှင့်တင်နိုင်ရန် ရည်ရွယ်ချက်ဖြင့် လာရောက်ခဲ့ခြင်း ဖြစ်ပါကြောင်း။
မိမိတို့ နှစ်နိုင်ငံသည် သံတမန်ဆက်ဆံမှု နှစ် (၇၀)ကျော်ရှိပြီဆိုသော်လည်း ရှေးယခင်နှစ်ပေါင်း များစွာ ကတည်းက ချစ်ကြည်ရင်းနှီးဆက်ဆံခဲ့သည့် နိုင်ငံများ ဖြစ်ပါကြောင်း၊ နှစ်ဖက်နိုင်ငံ နယ်စပ်နေ ပြည်သူများသည် လည်း ခွဲခြား၍ မရပါကြောင်း၊ မြန်မာနိုင်ငံ ရှမ်းဘာသာ စကားနှင့် “ပီနောင့်ကန်”၊ လာအိုစကားဖြင့် “ဖီနွန်းကန်” ဖြစ်ကြပါကြောင်း၊ မိမိအနေဖြင့် ၂၀၀၅ ခုနှစ်မှစပြီး ရှမ်းပြည်နယ် (အရှေ့ပိုင်း)ကျိုင်းတုံ ဒေသတွင် တာဝန်ယူကတည်း က နှစ်နိုင်ငံဆက်ဆံရေး ခိုင်မာ အားကောင်းစေရန် တစိုက်မတ်မတ် ဆောင်ရွက်ခဲ့ပါကြောင်း၊ ယနေ့ထက်တိုင် အဆိုပါစိတ်ဓာတ်အတိုင်း ရှိနေသည်ကို အဆွေတော်ကို ပြောကြားလိုပါကြောင်း၊ ယခုအချိန်သည် မိမိတို့နှစ်နိုင်ငံတွင် ရွေးကောက်ပွဲများ အသီးသီး ကျင်းပပြီးနောက် အစိုးရသစ်များ ဖွဲ့စည်းပြီးသည့် အချိန်ဖြစ်ပါကြောင်း၊ ထို့ကြောင့် မိမိတို့အစိုးရသစ် နှစ်ရပ်အကြား ပူးပေါင်း ဆောင်ရွက်မှုများ ကဏ္ဍသစ်တစ်ရပ် ဖွင့်လှစ်ဆောင်ရွက်နိုင် သည့် အခွင့်အလမ်းများရှိသည့် အရေးကြီးသည့် အချိန်အခါလည်းဖြစ်ပါကြောင်း ဆွေးနွေး ပြောကြားသည်။
ယင်းနောက် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် နိုင်ငံ တော်သမ္မတက မြန်မာနိုင်ငံ၏ နိုင်ငံရေး ဖြစ်ပေါ်တိုးတက် ပြောင်းလဲလာမှု အခြေအနေများ၊ မြန်မာနိုင်ငံတွင် လွတ်လပ်ပြီး တရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို ကျင်းပပြုလုပ်နိုင်ခဲ့မှုအခြေအနေများ၊ နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးအတွက် အခြေခံအုတ်မြစ် အဖြစ် ပြည်တွင်းငြိမ်းချမ်းရေးရရှိ ရေး NCA လမ်းကြောင်းအတိုင်း ဆက်လက် လျှောက်လှမ်းလျက်ရှိမှု အခြေအနေများ၊ အစိုးရသစ် တာဝန်ယူပြီး ရက်ပေါင်း (၁၀၀) အတွင်း ငြိမ်းချမ်းရေးဖော်ဆောင်မှုအတွက် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အားလုံးကို ငြိမ်းချမ်းရေး ဆွေးနွေးမှုတွင် ပါဝင်လာနိုင်ရန်နှင့် PDF အမည်ခံ အကြမ်းဖက် လက်နက်ကိုင်အဖွဲ့များ ဥပဒေ ဘောင်အတွင်း ပြန်လည်ဝင်ရောက်လာရန် ဖိတ်ခေါ်ထားရှိမှုအခြေ အနေများ၊ မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတကာဆက်ဆံရေးနယ်ပယ် တွင် အိမ်နီးချင်းနိုင်ငံများသာမက အခြားနိုင်ငံများနှင့်လည်း မိတ်ဝတ် မပျက် ချစ်ကြည်ရေးကို အလေးထား ဆောင်ရွက်လျက်ရှိသည့် အခြေအနေများနှင့် ပတ်သက်၍ ဆွေးနွေးပြောကြားသည်။
ဆက်လက်ပြီး လာအိုပြည်သူ့ ဒီမိုကရက်တစ်သမ္မတနိုင်ငံသမ္မတက ဆွေးနွေးပြောကြားရာတွင် အဆွေတော် ဦးဆောင်သည့် အစိုးရအဖွဲ့အနေဖြင့် မြန်မာနိုင်ငံ၏ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများ ကို တိုးတက်အောင် အမြန်ဆုံးဆောင်ရွက်နိုင်ခဲ့သည့်အတွက် ဂုဏ်ယူပါကြောင်း၊ မိမိအနေဖြင့် နှစ်နိုင်ငံ ဆက်ဆံမှုများ တိုးတက်စေရေး အမြဲကြိုးပမ်းဆောင်ရွက် လျက်ရှိပါကြောင်း၊ မိမိတို့နှစ်နိုင်ငံ အနေဖြင့် နှစ်နိုင်ငံသမိုင်းကြောင်းများ တူညီမှုရှိပြီး အာဆီယံအဖွဲ့ဝင် နိုင်ငံများအဖြစ် တစ်ပြိုင်တည်းတွင် ဝင်ရောက်ခဲ့ခြင်းဖြစ်သဖြင့် ပိုမိုချစ်ကြည်ရင်းနှီးသည့် နိုင်ငံများဖြစ်ကြကြောင်း၊ မြန်မာနိုင်ငံသည် လာအိုနိုင်ငံ၏ အယုံကြည်ရဆုံးနှင့် အရင်းနှီးဆုံးမိတ်ဆွေ နိုင်ငံဖြစ်သည့်အတွက် မြန်မာနိုင်ငံနှင့် ပတ်သက်၍ မိမိတို့နိုင်ငံအနေဖြင့် အမြဲထောက်ခံအားပေး လျက်ရှိပါကြောင်း၊ မိမိတို့ နှစ်နိုင်ငံ၏ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုရှိသည့် ဆက်ဆံရေးကို အာဆီယံမျက်နှာစာတွင် သာမက ကမ္ဘာ့နိုင်ငံများအလယ်တွင်ပါ ကောင်းမွန်သည့် ပြယုဂ်တစ်ခုအဖြစ် ရောက်ရှိအောင် မြှင့်တင် ဆောင်ရွက်သွားလိုပါကြောင်း၊ အဆွေတော်အနေဖြင့် တရုတ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့သို့ ချစ်ကြည်ရေးခရီးစဉ်များ သွားရောက်ပြီးချိန်တွင် မိမိတို့လာအို နိုင်ငံသို့ နိုင်ငံတော်အဆင့်ခရီးစဉ် လာရောက်ခြင်းသည် အရှေ့တောင်အာရှနိုင်ငံများတွင် သာမက ဒေသတွင်းနိုင်ငံများနှင့်ပါ သံတမန်ရေး အရ ပိုမိုအဓိပ္ပာယ်ရှိသည့် ခရီးစဉ်ဖြစ်သည်ဟု ရှုမြင် ပါကြောင်း။
အဆွေတော် သမ္မတကြီး ဦးဆောင်သည့် မြန်မာနိုင်ငံအစိုးရအနေဖြင့် မကြာမီကာလအတွင်း အာဆီယံနှင့် ပုံမှန်ထိတွေ့ ဆက်ဆံမှုများရရှိသွားမည်ဟု ယုံကြည်ပါကြောင်း၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများအနေဖြင့် နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးမှုကို အာဆီယံပဋိညာဉ်ပါအတိုင်း ဆောင်ရွက်ရခြင်းကြောင့် မြန်မာနိုင်ငံ အစိုးရ အနေဖြင့် အာဆီယံနှင့် ပုံမှန် အတိုင်း ထိတွေ့ဆက်ဆံသွားနိုင်မည်ဟု ယုံကြည်ပါကြောင်းနှင့် မိမိတို့ နိုင်ငံအနေဖြင့်လည်း တတ်စွမ်းသည့်ဘက်မှ မြန်မာနိုင်ငံကို အစဉ်အမြဲ ထောက်ခံအားပေးသွား မည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ မိတ်ဆွေကောင်းနိုင်ငံအဖြစ် အမြဲရပ်တည် ဆောင်ရွက်သွား မည်ဖြစ်ကြောင်း၊ မိမိတို့လာအို နိုင်ငံအနေဖြင့် မြန်မာနိုင်ငံနှင့် မဟာဗျူဟာမြောက် မိတ်ဖက် ဆက်ဆံရေးနိုင်ငံအဖြစ် ထူထောင်သွားလိုပါကြောင်း၊ အနာဂတ်တွင် နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်မှုများကို ယခုထက်ပိုမိုတိုးမြှင့် ဆောင်ရွက်သွားလိုပါကြောင်း၊ အဆွေတော်သမ္မတကြီး အနေဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိမှုနှင့် နှစ်နိုင်ငံအကြား ပူးပေါင်း ဆောင်ရွက်မှုများ တိုးမြှင့်နိုင်ရေး ဆောင်ရွက်လိုမှုအပေါ် မိမိအနေဖြင့် အပြည့်အဝ ထောက်ခံပါကြောင်း ဆွေးနွေးပြောကြားသည်။
ထို့နောက် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် လာအိုပြည်သူ့ ဒီမိုကရက်တစ် သမ္မတနိုင်ငံ သမ္မတ မစ္စတာ ထောင်လွန်း ဆီဆုလစ်တို့သည် နှစ်နိုင်ငံ ကိုယ်စားလှယ် အဖွဲ့ဝင်များနှင့်အတူ နှစ်နိုင်ငံ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပပြုလုပ်ပြီး နှစ်နိုင်ငံအကြား နိုင်ငံ့ခေါင်းဆောင် များ အဆက်ဆက်တွင် အစဉ်အလာရှိသည့် ချစ်ကြည်ရင်းနှီးမှုများရှိကြပြီး အပြန်အလှန် နားလည် ယုံကြည်မှုများရှိခဲ့သည့် မိတ်ဆွေနိုင်ငံများဖြစ်မှု အခြေအနေများ၊ မြန်မာ-လာအို ချစ်ကြည်ရေးအသင်းနှင့် လာအို-မြန်မာ ချစ်ကြည်ရေးအသင်းတို့ကို ဖွဲ့စည်းထူထောင်ထားပြီး နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်မှု များကို မြှင့်တင်ဆောင်ရွက်သွားမည့် အခြေအနေများ၊ နှစ်နိုင်ငံလွှတ်တော်နှစ်ရပ်အကြား ပူးပေါင်း ဆောင်ရွက်မှုများ မြှင့်တင်ဆောင်ရွက်သွားမည့်အခြေအနေများ၊ အပြန်အလှန် ကုန်သွယ်ရေးကဏ္ဍ မြှင့်တင် ဆောင်ရွက်သွားမည့် အခြေအနေများ၊ မြန်မာ-လာအို ချစ်ကြည်ရေးတံတားမှတစ်ဆင့် ကူးသန်းရောင်းဝယ်ရေးနှင့် နှစ်နိုင်ငံကုန်စည်စီးဆင်းမှုနှင့် ပြည်သူအချင်းချင်း အပြန်အလှန် ကူးလူး ဆက်ဆံရေး တိုးမြှင့်ဆောင်ရွက်သွားနိုင်သည့် အခြေအနေများ၊ ကာကွယ်ရေးကဏ္ဍ၊ ခရီးသွားကဏ္ဍ၊ ကုန်ထုတ် လုပ်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ပူးပေါင်း ဆောင်ရွက်သွားမည့် အခြေအနေများ၊ နယ်စပ်ဒေသရှိ ပြည်သူများဘဝ ဖွံ့ဖြိုးတိုးတက် စေရေးနှင့် နယ်စပ်ဒေသတည်ငြိမ် အေးချမ်းရေးအတွက် ပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေ များ၊ အွန်လိုင်းလောင်းကစားမှု လုပ်ငန်းပပျောက်စေရေးအတွက် နှိမ်နင်းလျက်ရှိမှု၊ အွန်လိုင်း လောင်းကစားမှုနှင့် ပတ်သက်သည့် သိမ်းဆည်းရမိပစ္စည်းများ စနစ်တကျ ဖျက်ဆီးခြင်းနှင့် တရားမဝင် အဆောက်အအုံများအား စနစ်တကျ ဖြိုချဖျက်ဆီးခြင်း များကို ဆောင်ရွက်လျက်ရှိမှု၊ နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် မဟာဗျူဟာမြောက် မိတ်ဖက်နိုင်ငံများအဖြစ် အဆင့်မြှင့်တင်ပြီး ပူးပေါင်း ဆောင်ရွက်မှုများ ဆက်လက်တိုးမြှင့်ဆောင်ရွက်သွားမည့် အခြေအနေများနှင့် ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
နားလည်မှုစာချွန်လွှာများ အပြန်အလှန်လဲလှယ်
တွေ့ဆုံပွဲအပြီးတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့် လာအိုပြည်သူ့ဒီမိုကရက်တစ် သမ္မတနိုင်ငံ တို့အကြား နားလည်မှု စာချွန်လွှာများ လဲလှယ်ခြင်းအခမ်းအနားကို ဆက်လက်ကျင်းပပြုလုပ်ရာ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ဟိုတယ်ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနနှင့် လာအိုပြည်သူ့ဒီမို ကရက်တစ်သမ္မတနိုင်ငံ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးဝန်ကြီးဌာန တို့အကြား ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာ၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ၏ မြို့တော် နေပြည်တော်နှင့် လာအိုပြည်သူ့ဒီမိုကရက်တစ် သမ္မတနိုင်ငံ၏ မြို့တော် ဗီယင်ကျန်းမြို့ တို့အကြား ညီအစ်မမြို့တော်များ တည်ထောင်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာများကို နှစ်နိုင်ငံမှ သက်ဆိုင်ရာကဏ္ဍအလိုက် တာဝန်ရှိသူများက ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံ တော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် လာအိုပြည်သူ့ဒီမိုကရက်တစ် သမ္မတနိုင်ငံ သမ္မတ မစ္စတာ ထောင်လွန်း ဆီဆုလစ် တို့၏ ရှေ့မှောက်၌ လဲလှယ်ကြသည်။
ယင်းနောက် လာအိုပြည်သူ့ ဒီမိုကရက်တစ် သမ္မတနိုင်ငံအတွက် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံမှ ပေးအပ်လှူဒါန်းသည့် မြန်မာနိုင်ငံထုတ် မြွေဆိပ်ဖြေဆေး အလုံး ၆၄၀ အား နိုင်ငံတော်သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီက ပေးအပ်လှူဒါန်းရာ လာအိုပြည်သူ့ဒီမို ကရက်တစ်သမ္မတနိုင်ငံ အစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက လက်ခံရယူသည်။
လက်မှတ်ရေးထိုးပွဲ အပြီးတွင် နိုင်ငံတော်သမ္မတ နှစ်ဦးတို့သည် တက်ရောက်လာကြ သည့် နှစ်နိုင်ငံမှ တာဝန်ရှိသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ကြသည်။
ထို့နောက် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတသည် လာအိုသမ္မတ အိမ်တော်မှ ပြန်လည်ထွက်ခွာရာ လာအိုပြည်သူ့သမ္မတနိုင်ငံ သမ္မတက ခင်မင်ရင်းနှီးစွာဖြင့် လိုက်ပါပို့ဆောင် နှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်