ပြည်ထောင်စုတည်ဆောက်ခြင်းနှင့် တရားသေအန္တရာယ်

 

မင်းခန့်ကျော်(ဥပဒေ)

 

၂၀၂၆ ခုနှစ်၊ မေလ ၂၆ ရက်နေ့က နိုင်ငံတော်သမ္မတရုံးတော်၊ ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးခန်းမတွင်ကျင်းပပြုလုပ်ခဲ့တဲ့ ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးမှာ နိုင်ငံတော်သမ္မတကြီးက “ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ ပြည်ထောင်စုကို ရအောင်တည်ဆောက်မှာဖြစ်ကြောင်း၊ ဖက်ဒရယ်လို့ဆိုရာမှာ နယ်မြေဒေသကိုပေးသည့် ဖက်ဒရယ်ဖြစ်ပြီး လူမျိုးကိုပေးသည့် ဖက်ဒရယ်မဟုတ်သည်ကို သိရှိနားလည်ရန်လိုကြောင်း” ထည့်သွင်းပြောကြားခဲ့တာကို တွေ့ရပါတယ်။ ဒီလို နိုင်ငံတော်သမ္မတကြီးက ပြောကြားခဲ့တဲ့ အပေါ်မှာ အွန်လိုင်းမီဒီယာအချို့က ဝေဖန်ပြောဆိုခဲ့တာကိုလည်း တွေ့ရှိရပါတယ်။ အွန်လိုင်းမီဒီယာတစ်ခုက “ဒေသအခြေခံဖက်ဒရယ်လို့ပြောဆိုချက်ဟာ တိုင်းရင်းသားတွေလိုလားတဲ့ လူမျိုးစုအခြေခံ ဖက်ဒရယ်မူနဲ့ ကွာဟနေတာကြောင့် ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေမှာ အခက်အခဲတွေ ဆက်ရှိနေဦးမှာဖြစ်ကြောင်း” ပြောဆိုရေးသားဖော်ပြခဲ့တာကို တွေ့ရှိရပါတယ်။

 

နောက်ထပ် အွန်လိုင်းမီဒီယာတစ်ခုကလည်း “နယ်မြေဒေသကိုပေးခြင်းဆိုသည်မှာ လက်ရှိ ရှိနေသည့် တိုင်းနှင့်ပြည်နယ် နယ်နိမိတ်အတွင်း၌သာ လုပ်ပိုင်ခွင့်အချို့ကို ခွဲဝေပေးမည်ဟုဆိုလိုခြင်းဖြစ်ကြောင်း” ကိုယ်အယူအဆနဲ့ကိုယ် ရေးသားဖော်ပြခဲ့တာကိုလည်း တွေ့ရှိရပါတယ်။ အခြားဝေဖန်ရေးသားမှုတွေလည်းရှိနေပါသေးတယ်။ စာလေးပြီး လိုရင်းမရောက်မှာစိုးတဲ့အတွက် ချန်လှပ်ထားခဲ့ပါတယ်။

 

နှစ်ဖက်သဘောတူထားခဲ့ကြတာကို တွေ့ရမှာဖြစ်

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကြားချုပ်ဆိုခဲ့တဲ့ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက် မှုရပ်စဲရေးသဘောတူစာချုပ် (NCA) ရဲ့ အခန်း (၁)၊ အခြေခံမူများအခန်းမှာဆိုရင် ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးတည်ဆောက်နိုင်ရေးအတွက် အခြေခံမူတွေချမှတ်ထားတဲ့ အပိုဒ် ၁၊ အပိုဒ်ခွဲ (က) မှာ “ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အား ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးတို့ကိုရှေးရှု၍ လွတ်လပ်မှု၊ တန်းတူညီမျှမှုနှင့် တရားမျှတမှုတို့ကိုအခြေခံပြီး ပင်လုံစိတ်ဓာတ်နဲ့အညီ ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးများ၊ အာမခံချက်များ အပြည့်အဝရှိသော ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့်ပြည်ထောင်စုကို နိုင်ငံရေးဆွေးနွေးပွဲရလဒ်များနှင့်အညီ တည်ဆောက်သွားရန်” လို့ နှစ်ဖက်သဘောတူထားခဲ့ကြတာကို တွေ့ရမှာဖြစ်ပါတယ်။

 

ဒီအခြေခံမူမှာ ထင်ရှားတဲ့ချိတ်ဆက်ထားမှုက ဒို့တာဝန်အရေးသုံးပါးနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေတောင်းဆိုတဲ့ ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးများ၊ အာမခံချက်များဆိုတဲ့ အချက်နှစ်ချက်ကို ချိတ်ဆက်ထားတာပဲဖြစ်ပါတယ်။ ဒီချိတ်ဆက်ထားမှုအရဆိုရှင်းပါတယ်။ နိုင်ငံတော်ပြိုကွဲစေမယ့်အန္တရာယ်ကို ရှောင်ရှားကြမယ်လို့ သဘောတူထားခဲ့ကြတဲ့သဘောလည်းဖြစ်ပါတယ်။ ဒီနေရာမှာ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို ပြည်ထောင်စုတည်ဆောက်ရေးသဘောတရားနဲ့ ကျော်လွန်တဲ့ အဓိပ္ပာယ်ဖွင့်ဆိုကြတာကိုလည်း တွေ့နေရပါတယ်။ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို ပင်လုံစာချုပ်မှာကတည်းက လက်ခံထားခဲ့ တာဖြစ်တယ်လို့ ပြောဆိုကြတာကိုလည်း တွေ့ရပါတယ်။ ပင်လုံစာချုပ်မှာ အတိအလင်းဖော်ပြထားတာက “Full autonomy in internal administration for the Frontier Areas is accepted in principle” ဟူ၍ဖြစ်ပါတယ်။ ဒါကို “တောင်တန်းဒေသများအတွက် နယ်တွင်းအုပ်ချုပ်ရေးတွင် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးများ အပြည့်အဝရှိရမည်ဟု မူအားဖြင့် သဘောတူကြသည်” လို့ မြန်မာမှုပြုကြတာကို တွေ့ရပါတယ်။

 

“Full autonomy in internal administration” ကို “နယ်တွင်းအုပ်ချုပ်ရေးတွင် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးများ အပြည့်အဝရှိရမည်” လို့မြန်မာမှုပြုတာကို ပြန်စိစစ်ကြည့်တဲ့အခါမှာတော့ “autonomy” ဆိုတာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်လို့ အဓိပ္ပာယ်ရမှာဖြစ်ပြီး ယနေ့ခေတ်မှာ သဘောထားကွဲလွဲနေကြတဲ့ “ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် - Self Determination” မဟုတ်တာကို တွေ့ရမှာဖြစ်ပါတယ်။ NCA မှာ ဒို့တာဝန်အရေးသုံးပါးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို ချိတ်ဆက်ထားမှုအရ “နယ်တွင်းကိုယ်ပိုင်ပြဋ္ဌာန်းခွင့်-Internal Self Determination” အဖြစ် ယူဆရမှာဖြစ်ပါတယ်။

 

ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ ပြည်ထောင်စုတည်ဆောက်ရေး နိုင်ငံရေးဆွေးနွေး ကြတဲ့အခါမှာလည်း စကားလုံးတစ္ဆေခြောက်မှုတွေကြောင့် ရှေ့ရောက်သင့်သလောက် မရောက်ခဲ့ရတဲ့ အခြေအနေတွေနဲ့လည်း ကြုံတွေ့ခဲ့ရပါတယ်။ ဖက်ဒရယ်စနစ်ရဲ့ မူသဘောတရားတွေကို ကြည့်မယ်ဆိုရင် “ဖက်ဒရယ်စနစ်ဆိုတာ တစ်စိတ်တစ်ဒေသ ကိုယ်ပိုင်အုပ်ချုပ်ခြင်းနဲ့၊ တစ်စိတ်တစ်ဒေသ အတူတကွ ပူးပေါင်းအုပ်ချုပ်ခြင်းတို့ကို ပေါင်းစပ်ထားခြင်း” ဖြစ်တယ်လို့ Elazar က ဆိုထားပါတယ်။

 

နယ်မြေဒေသကိုကိုယ်စားပြုတဲ့ ဖက်ဒရယ်စနစ် (Territorial/Regional Federalism) ဟာ ပထဝီဝင်၊ စီးပွားရေးနဲ့ အခြေခံအဆောက်အအုံ စတဲ့အချက်တွေကိုအခြေခံပြီး ဖက်ဒရယ် နယ်မြေအပိုင်းအခြားတွေကို သတ်မှတ်ပါတယ်။ ဒီစနစ်ရဲ့ အဓိကရည်ရွယ်ချက်ကတော့ နိုင်ငံသားအားလုံးရဲ့ တူညီတဲ့နိုင်ငံသားဖြစ်မှု (common citizenship) ကိုအခြေခံပြီး ဗဟိုနဲ့ ဒေသအကြား အာဏာခွဲဝေမှုကို ဆောင်ရွက်ဖို့ဖြစ်ပါတယ်။ ဒီစနစ်မှာ လူမျိုးစုကွဲပြားမှုကို အဓိကထား စဉ်းစားလေ့မရှိဘဲ လူမျိုးစုပေါင်းစုံစုစည်းနေထိုင်တဲ့ နယ်မြေဒေသအခြေအနေကို အဓိကထားစဉ်းစားပြီး နယ်မြေပိုင်းခြား သတ်မှတ်ကာ နယ်မြေဒေသအားလုံးဟာ ဗဟိုအစိုးရမှာ တန်းတူညီမျှ ကိုယ်စားပြုမှုရှိပြီး တူညီတဲ့အာဏာကို ခံစားခွင့်ရရှိတာဖြစ်ပါတယ်။

 

လူမျိုးကိုကိုယ်စားပြုတဲ့ ဖက်ဒရယ်စနစ် (Ethnic/Multinational Federalism) ကတော့ ဖက်ဒရယ်နယ်မြေအပိုင်းအခြားတွေကို လူမျိုးစုတွေရဲ့ နယ်မြေနဲ့ဘာသာစကားကိုအခြေခံပြီး သတ်မှတ်ပါတယ်။ ဒီစနစ်ရဲ့ရည်ရွယ်ချက်က လူမျိုးစုတစ်ခုက သူတို့ရဲ့နယ်မြေအတွင်းမှာ လူများစုဖြစ်နေပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို ကျင့်သုံးနိုင်အောင် ဆောင်ရွက်ဖို့ဖြစ်ပါတယ်။ ဒီစနစ်မှာ လူမျိုးစုတစ်ခုရဲ့ ဘာသာစကားကို ဖက်ဒရယ်အဆင့် ဒါမှမဟုတ် နယ်မြေဒေသအဆင့်မှာ တရားဝင်ဘာသာစကားအဖြစ် အသိအမှတ်ပြုလေ့ရှိပါတယ်။

 

လူမျိုးကိုယ်စားပြု ဖက်ဒရယ်စနစ်ကို အကောင်အထည်ဖော်ရာမှာ အခက်ခဲဆုံးအချက်တစ်ခုက လူမျိုးစုတိုင်း သီးခြားနယ်မြေမှာ လူများစုဖြစ်နေဖို့လိုအပ်ပြီး လက်တွေ့မှာ မဖြစ်နိုင်လောက်အောင် ခက်ခဲခြင်းပါပဲ။ မြန်မာနိုင်ငံရဲ့ လူမျိုးစုနဲ့နယ်မြေပုံကို ကြည့်မယ်ဆိုရင် ဒီလိုသတ်မှတ်ဖို့ မဖြစ်နိုင်လောက်တဲ့အခြေအနေဆိုတာ တွေ့ရမှာဖြစ်ပါတယ်။ လူမျိုးကိုယ်စားပြု ဖက်ဒရယ်စနစ်မှာ လူမျိုးစုတစ်ခုစီရဲ့ လူဦးရေအနည်းအများပေါ်မူတည်ပြီး ဖက်ဒရယ်စနစ်ရဲ့ ဟန်ချက်ညီမှုကို ထိခိုက်စေနိုင်ပါတယ်။

 

စာရေးသူတို့မြန်မာနိုင်ငံမှာ နှစ်ပေါင်းများစွာ ဖက်ဒရယ်စနစ်ကိုဆွေးနွေးခဲ့ပြီး ငြိမ်းချမ်းရေးညီလာခံတွေကျင်းပလို့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးလုပ်ငန်းစဉ်တွေကိုလည်း လုပ်ဆောင်ခဲ့ပါတယ်။ ဒီကြားထဲမှာ တချို့သော နိုင်ငံရေးပါတီတွေက လူမျိုးစုကိုအခြေခံတဲ့ ဖက်ဒရယ်စနစ်ဟာ ရှုပ်ထွေးမှုတွေ ဖြစ်စေနိုင်တာကြောင့် ဒေသကိုအခြေခံတဲ့ ဖက်ဒရယ်စနစ်ကို ထောက်ခံကြောင်း ထုတ်ဖော်ပြောဆိုထားတာတွေလည်း ရှိပါတယ်။

 

တစ်နိုင်ငံနဲ့တစ်နိုင်ငံမတူဘဲ မူကွဲနေကြတာကို တွေ့ရမှာဖြစ်

 

ကမ္ဘာမှာ ဖက်ဒရယ်စနစ်ကျင့်သုံးတဲ့နိုင်ငံတွေကိုကြည့်မယ်ဆိုရင် တစ်နိုင်ငံနဲ့တစ်နိုင်ငံမတူဘဲ မူကွဲနေကြတာကို တွေ့ရမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ ပကတိအခြေအနေအရ ပေါများလှတဲ့နိုင်ငံတကာ ဖက်ဒရယ်မူတွေကို ဖတ်မှတ်လေ့လာပြီး တရားသေကိုင်စွဲကာ မြန်မာနိုင်ငံအတွက် ပုံတူကူးချရေးမှာ မည်သို့မျှမဖြစ်နိုင်ပါ။ ဖက်ဒရယ်စနစ်ရဲ့ မူသဘောတရားတွေကိုအခြေခံပြီး မြန်မာနိုင်ငံအတွက် တကယ်အလုပ်ဖြစ်နိုင်တဲ့ ဖက်ဒရယ်စနစ်ကို ကိုယ်ပိုင်ဉာဏ်နဲ့ ချင့်ချိန်ရွေးချယ်နိုင်ကြရမှာပဲ ဖြစ်ပါတယ်။

 

ဒီနေရာမှာ ဆရာကျော်ဝင်းရဲ့ “ဖက်ဒရယ်မူ၊ သဘောတရားနှင့်လက်တွေ့” စာအုပ်မှာရေးသားထားတဲ့ “စကားလုံးတစ္ဆေ” ဆိုတဲ့ ရေးသားဖော်ပြချက်ကို ကောက်နုတ်ဖော်ပြလိုပါတယ်။ ဆရာကျော်ဝင်းရဲ့ ရေးသားဖော်ပြချက်ကတော့ “မြန်မာ့အစဉ်အလာ လူမှုနိုင်ငံရေးဓလေ့တွင် နှုန်းစံအခြေပြုစဉ်းစားနည်းများ (Normative Thinking) တွင် တွင်တွင်ကျယ်ကျယ် လွှမ်းမိုးခဲ့လေသလားစဉ်းစားဖို့ရှိသည်။ ဤစဉ်းစားနည်း၏ အကျိုးဆက်မှာ တရားသေဝါဒဖြစ်ပြီး ဖော်ပြချက်တစ်ခုမှာ စကားလုံးတစ္ဆေဖြစ်လိမ့်မည်ထင်သည်။ မြန်မာ့နိုင်ငံရေးတွင် နိုင်ငံရေးဝေါဟာရများကို မိမိနားလည်ချင်သလိုနားလည်ပြီး မိမိဘာသာ ပြန်ကြောက်နေသူများ မကြာခဏတွေ့ရသည်။ ဥပမာ Union ဆိုလျှင် ပြည်ထောင်စုဟုမမြင် တစ်ပြည်ထောင်ဟု ထင်သည်မျိုး၊ အလားတူ Federal ဆိုလျှင်လည်း ခွဲထွက်လိမ့်မည်ဟု နားလည်နေသည်မျိုး၊ ဆိုကြပါစို့ စကားလုံးတစ္ဆေခြောက်မှုများ၊ အမှန်စင်စစ် ယူနီယံဖြစ်စေ၊ ဖက်ဒရယ်ဖြစ်စေ ပြည်ထောင်စုစနစ်၏ အနှစ်သာရမှာ ဗဟိုနှင့်ဒေသအာဏာခွဲဝေ ကျင့်သုံးမှုတွင် ရှိလိမ့်မည်ဟု သဘောရပါသည်။ စကားလုံးတစ္ဆေကိုကျော်နိုင်မှ အနှစ်သာရကို ဆုပ်မိကိုင်မိရှိပါလိမ့်မည်။” ဟူ၍ဖြစ်ပါတယ်။

 

အမှန်စင်စစ်မှာလည်း ဖက်ဒရယ်က ခွဲထွက်ခြင်းမဟုတ်၊ ဖက်ဒရယ်အမည်ခံပြီး ကွန်ဖက်ဒရေးရှင်းဘက်ယိမ်းနေကြမှုကြောင့်သာ ပြည်ထောင်စုတည်ဆောက်ရေးလမ်းခရီး ခက်ခဲနေရခြင်းဟု မြင်မိသည်။ ဖက်ဒရယ်ဆိုတဲ့ စကားက အဓိကလား ကျင့်သုံးမည့်စနစ်က အဓိကလားဆိုတာ ကွဲကွဲပြားပြား သိမြင်ဖို့လိုသည်။ ဖက်ဒရယ်နိုင်ငံကြီးတွေဖြစ်တဲ့ အမေရိကန်ပြည်ထောင်စုနဲ့ အိန္ဒိယနိုင်ငံတွေရဲ့ အခြေခံဥပဒေတွေကို လေ့လာကြည့်ပါ။ ဖက်ဒရယ် (Federal) ဆိုတဲ့စကားလုံးကိုတွေ့ရဖို့ ခက်ပါလိမ့်မယ်။ ဒါပေမယ့် ပြည်ထောင်စု (Union) ဆိုတဲ့စကားလုံးနဲ့ ပြည်ထောင်စုစနစ်ရဲ့အနှစ်သာရကိုဖော်ဆောင်သွားတာဖြစ်ပါတယ်။

 

ချုပ်ပြီးပြောရမယ်ဆိုရင် နိုင်ငံတော်သမ္မတကြီးအနေနဲ့ မြန်မာနိုင်ငံနဲ့ လိုက်လျောညီထွေဖြစ်မယ့် ဖြစ်နိုင်ခြေရှိတဲ့ပေးထားချက်ကို ပေးခဲ့တာဖြစ်တယ်။ ဒါကိုဘယ်လိုညှိနှိုင်းအဖြေရှာကြမလဲဆိုတာ မစဉ်းစားဘဲ စကားလုံးတစ္ဆေခြောက်ပြီး တရားသေဝါဒကိုပဲ ဆုပ်ကိုင်ထားမယ်ဆိုရင်တော့ ပြည်ထောင်စုတည်ဆောက်ရေးခရီးလမ်းဟာ အလှမ်းဝေးကွာနေမှာဖြစ်တဲ့အတွက် စကားလုံးတစ္ဆေတွေနဲ့ တရားသေအန္တရာယ်ထဲက ရုန်းထွက်ကာ ပြည်ထောင်စုကြီးကို တည်ဆောက်နိုင်ကြပါစေကြောင်း ဆုတောင်းလိုက်ပါရစေ။ ။