ဒေါက်တာလပြည့်ခင်
ပရီကာဆာထိန်းချုပ်ဓာတုပစ္စည်းများ ထိန်းချုပ်ရေး အဓိကဦးစားပေး
ကမ္ဘာ့မူးယစ်ဆေးဝါး ပြဿနာကိုဖြေရှင်းနိုင်ရန် ပရီကာဆာဓာတု ပစ္စည်းများ ထိန်းချုပ်ရေးကို ဦးစားပေးဆောင်ရွက်ရန်မှာ အဓိကဖြစ်နေပြီး ပရီကာဆာထိန်းချုပ်ရေးနှင့် ပတ်သက်၍ တစ်နိုင်ငံနှင့် တစ်နိုင်ငံ ဥပဒေ၊ နည်းဥပဒေများ ကွဲပြားခြားနားမှု၊ အိမ်နီးချင်းနိုင်ငံများနှင့် ရှည်လျားသော နယ်နိမိတ်ထိစပ်နေမှုအပေါ် အခွင့်ကောင်းယူ၍ မူးယစ်ဆေးဝါးထုတ်လုပ်ရာတွင် အဓိကလိုအပ်သည့် ပရီကာဆာဓာတုပစ္စည်းများ(Precursor Chemicals)သည် နယ်စပ်ဒေသများမှတစ်ဆင့် တရား မဝင်နည်းလမ်းမျိုးစုံနှင့် ဝင်ရောက်လျက်ရှိခြင်းတို့ကြောင့် အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်း နိုင်ငံများနှင့်ပူးပေါင်း၍ အထူးစစ်ဆင်ရေးများကိုလည်း ဆက်လက်တိုးမြှင့်ဆောင်ရွက်သွားရန် လိုအပ်မည်ဖြစ်သည်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းမှုများသည် ဒေသတွင်း မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုနှင့် ထုတ်လုပ်မှုများအပေါ် များစွာအကျိုးသက်ရောက်မှုမရှိဘဲ ရောင်းလိုအားနှင့် ဝယ်လိုအား နှစ်မျိုးလုံး ခြိမ်းခြောက် ရင်ဆိုင်နေရဆဲဖြစ်ခြင်း၊ မူးယစ်ဆေးဝါးထုတ်လုပ်ရာတွင် အသုံးပြုသည့် ပရီကာဆာဓာတုပစ္စည်းများမှာ တရားမဝင် နည်းလမ်းမျိုးစုံဖြင့် ဝင်ရောက်လာမှုများကြောင့် ဒေသတွင်း လူလုပ်ဆေးဝါး (Synthetic Drugs) ထုတ်လုပ်မှုများ ဆက်လက်မြင့်မားလျက်ရှိခြင်း၊ ဈေးနှုန်းသက်သာပြီး အရည်အသွေး ပိုမိုကောင်းမွန်လာသော လူလုပ်ဆေးဝါးအသစ်များ ပေါ်ထွက်နေသည့်အပြင် နည်းပညာတိုးတက်လာမှုနှင့်အတူ ဒေသတွင်း၊ ဒေသအပြင်ဘက်ရှိ မူးယစ်ဆေးဝါး မှောင်ခိုဂိုဏ်းများ၏ ပါဝင်ပတ်သက်မှု၊ ဈေးကွက်ချဲ့ထွင်မှု၊ သယ်ဆောင် ရောင်းဝယ်မှုပုံစံ ပြောင်းလဲလာမှုတို့ကြောင့် မူးယစ်ဆေးဝါး ပြဿနာ ဆက်လက်ကြီးထွားနေဆဲဖြစ်သည်။
ထို့ကြောင့် မူးယစ်ဆေးဝါးပြဿနာကို ဖြေရှင်းနိုင်ရန်မှာ မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အဓိကမရှိမဖြစ်လိုအပ်သည့် ပရီကာဆာ ဓာတုပစ္စည်းများကို ထိန်းချုပ်ခြင်း၊ ပရီကာဆာဓာတုပစ္စည်းများ ထိန်းချုပ်နိုင်ရေးအတွက် အိမ်နီးချင်းနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်ဆောင်ရွက်ခြင်းတို့ကို တစိုက်မတ်မတ် လုပ်ဆောင်ခြင်းဖြင့်သာ အောင်မြင်မှုရလဒ်ကောင်းများကို ပိုမိုရရှိမည်ဖြစ်သည်။
၂၀၂၄ ခုနှစ်အတွင်း နိုင်ငံတစ်ဝန်း မူးယစ်ဆေးဝါးနှင့် ဓာတုပစ္စည်း ဖမ်းဆီးရမိမှုများ
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးလုပ်ငန်းများအား အမျိုးသားရေး တာဝန်တစ်ရပ်အနေဖြင့် သတ်မှတ်၍ တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် အကောက်ခွန်ဦးစီးဌာနတို့မှ ဆက်စပ်ဌာနဆိုင်ရာများ ပါဝင်သည့် တားဆီးနှိမ်နင်းရေးအဖွဲ့များသည် တစ်နိုင်ငံလုံး လွှမ်းခြုံ သည့် မူးယစ်ဆေးဝါးသတင်း ရယူဖော်ထုတ်ဖမ်းဆီးရမိရေး စီမံချက်ချမှတ်ပြီး တားဆီးနှိမ်နင်းရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့ရာ ၂၀၂၄ ခုနှစ် တစ်နှစ်တာကာလအတွင်း ဘိန်း၊ ဘိန်းဖြူ စိတ်ကြွရူးသွပ်ဆေးပြား၊ အိုက်စ်၊ ဘိန်းစာမှုန့်၊ ဆေးခြောက်၊ ကက်တမင်းနှင့် ဘိန်းညိုမှုန့်အပါအဝင် မူးယစ်ဆေးဝါးနှင့် ဓာတုပစ္စည်း ၇၇ မျိုး စုစုပေါင်း တန်ဖိုး မြန်မာငွေကျပ် ၁၁၆၃ ဘီလီယံကျော်၊ (အမေရိကန် ဒေါ်လာ ၃၄၉ ဒသမ ၄၄၃ သန်း) ဖမ်းဆီးရမိခဲ့ပြီး ရန်ကုန်၊ မန္တလေး၊ တောင်ကြီးနှင့် တိုင်းဒေသကြီး၊ ပြည်နယ် ခြောက်ခုမှ မြို့နယ် ၂၄ မြို့နယ် တို့တွင် (၃၇)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့တွင် တန်ဖိုးပမာဏ ကြီးမားများပြားလှစွာသော အဆိုပါမူးယစ်ဆေးဝါးများနှင့် ဓာတု ပစ္စည်းများကို ဖျက်ဆီးခဲ့ပါသည်။
၂၀၂၅ ခုနှစ်အတွင်း နိုင်ငံတစ်ဝန်း မူးယစ်ဆေးဝါးနှင့်ဓာတုပစ္စည်း ဖမ်းဆီးရမိမှုများ
၂၀၂၅ ခုနှစ်အတွင်း နိုင်ငံတစ်ဝန်း၌ မူးယစ်ဆေးဝါးအမှုပေါင်း ၅၃၇၀ မှုမှ တရားခံ ၇၅၆၂ ဦးတို့အား ငွေကျပ် ၁၇၆၁ ဒသမ ၃၂၄ ဘီလီယံတန်ဖိုးရှိ ဘိန်း ၁ တန်ကျော်၊ ဘိန်းဖြူ ၂ ဒသမ ၁ တန်ကျော်၊ စိတ်ကြွရူးသွပ်ဆေးပြား ၃၇၇ သန်းကျော်၊ အိုက်စ် (Ices) ၃၇ ဒသမ ၈ တန်ကျော်၊ ဘိန်းစာရွက် ၁ ဒသမ ၅ တန်ကျော်၊ Happy Water ၂၀၄ ကီလိုကျော်၊ ကက်တမင်း (Ketamine) ၁၅ တန်ကျော်အပါအဝင် အခြားမူးယစ်ဆေးဝါးများနှင့်အတူ မောင်းပြန်ရိုင်ဖယ် ၂ လက်၊ ပစ္စတို သေနတ် အလက် ၄၀၊ လက်လုပ်သေနတ် နှစ်လက်၊ ကျည်မျိုးစုံ ၂၇၆၄ တောင့်၊ လက်ပစ်ဗုံး ငါးလုံးနှင့် ဒီတိုနေတာမျိုးစုံ အချောင်း ၁၈၇၄၀၀ တို့ကို ဖမ်းဆီးရမိခဲ့သည်။
အလားတူ မူးယစ်ဆေးဝါးထုတ်လုပ်ရာတွင် အသုံးပြုရန် တရားမဝင် တင်သွင်းလာသည့် ထိန်းချုပ်ဓာတုပစ္စည်းများဖြစ်သော Caffeine ၂၂ ဒသမ ၇ တန်ကျော်၊ Acetone လီတာ ၉၆၀၊ Toluene လီတာ ၅၀၄၀ ကျော်၊ Ammonium Chloride ၅ တန်၊ Sodium Cyanide ၂ တန်ကျော်၊ အခြားဓာတုပစ္စည်းများဖြစ်သည့် Sodium Carbonate ၅ တန်၊ Acetic Acid လီတာ ၂၅၆၀၀ ကျော်၊ Nitric Acid လီတာ ၃၈၂၀ အပါအဝင် ထိန်းချုပ်ဓာတုပစ္စည်းများနှင့် အခြားဓာတုပစ္စည်များ အား ဖမ်းဆီးရမိခဲ့ပြီး ရှမ်းပြည်နယ် မိုင်းရယ်မြို့နယ် ပုံတတ်ကျေးရွာအနီး၌ ဘိန်းချက်စခန်းတစ်ခုအား ဆက်စပ်ပစ္စည်းများနှင့် လည်းကောင်း၊ ရှမ်းပြည်နယ် တာချီလိတ်မြို့နယ် မိုင်းဟဲ(အောက်)ကျေးရွာ အနီး၌ စိတ်ကြွရူးသွပ်ဆေးပြား ထုတ်လုပ်သည့်စခန်းနှစ်ခုအား ဆက်စပ်ပစ္စည်းများနှင့်လည်းကောင်း၊ တာချီလိတ်မြို့နယ် ဝမ်ကောင်းမွန်ကျေးရွာရှိ နေအိမ်မှ ဆေးပြားရိုက်စက်နှင့် ဆက်စပ်ပစ္စည်းများအား လည်းကောင်း ဖော်ထုတ်ဖမ်းဆီး အရေးယူနိုင်ခဲ့သည်ကို နိုင်ငံပိုင် သတင်းစာများတွင် ဖတ်ရှုရပါသည်။
ထို့ပြင် ၂၀၂၅-၂၀၂၆ ခုနှစ် ဘိန်းစိုက်ရာသီတွင် ရှမ်းပြည်နယ် (တောင်ပိုင်း)နှင့် ရှမ်းပြည်နယ် (အရှေ့ပိုင်း)တို့၌ ဘိန်းစိုက်ခင်းများအား တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ဆက်စပ်ဌာနဆိုင်ရာများ၊ ဌာနေ ပြည်သူ့စစ်အဖွဲ့ဝင်များ၊ ဒေသခံပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက် နှိမ်နင်းရေးအဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့ဖြင့် စုစုပေါင်း ဘိန်းစိုက်ခင်း ၅၀၈၄ ဒသမ ၅ ဧက (၂၀၅၇ ဒသမ ၆၆ ဟက်တာ) အား ဖျက်ဆီးနိုင်ခဲ့ကြောင်း သိရှိရပါသည်။
အများဆုံးဖမ်းဆီးရမိထိန်းချုပ်ဓာတုပစ္စည်းများနှင့်အခြားဓာတုပစ္စည်းအမျိုးအစားများ
မြန်မာနိုင်ငံတွင် မူးယစ်ဆေးဝါးပြဿနာကို ဖြေရှင်းနိုင်ရန် ပရီကာဆာဓာတုပစ္စည်းထိန်းချုပ်ရေးကို ဦးစားပေးဆောင်ရွက်ရန် လိုအပ်သည့်အလျောက် ၂၀၂၄ ခုနှစ်မှ ၂၀၂၆ ခုနှစ်အတွင်း UNODC အစီရင်ခံစာနှင့် မြန်မာနိုင်ငံအစိုးရ၏ ဖမ်းဆီးရမိသတင်းများတွင် မူးယစ်ဆေးဝါးထုတ်လုပ်မှု နှင့်ဆက်စပ်ပြီး အများဆုံးဖမ်းဆီးရမိသော ထိန်းချုပ်ဓာတုပစ္စည်းများမှာ ကဖင်း(Caffeine) ၊ အမိုနီယမ်ကလိုရိုက် (Ammonium Chloride)၊ သိုင်အိုနိုင်းကလိုရိုက် (Thionyl Chloride)၊ ဆူဒိုအက်ဖီဒရင်း (Pseudoephedrine)၊ အက်ဖီဒရင်း (Ephedrine)၊ အက်စီတုန်း (Acetone)၊ တော်လူအင်း(Toluene)၊ တာတာရစ်အက်စစ် (Tartaric Acid)နှင့် အခြားဓာတုပစ္စည်းများဖြစ်သည့် အီသိုင်း အက်ဆီတိတ်(Ethyl Acetate)၊ ဆိုဒီယမ်ဆိုင်ယာနိုက်(Sodium Cyanide)၊ မီသိုင်းလမင်း(Methylamine)၊ ဆိုဒီယမ်ကာဗွန်နိတ် (Sodium Car-bonate)၊ အက်စီတစ်အက်စစ် (Acetic Acid)နှင့် နိုက်ထရစ်အက်စစ် (Nitric Acid)တို့မှာ အများဆုံးဖြစ်ကြောင်း တွေ့ရှိရပါသည်။
မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေ(၁၉၉၃)
၁၉၉၃ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သည့် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေတွင် မူးယစ်ဆေးဝါးကို ရောင်းချရန်အလို့ငှာ လက်ဝယ်ထားခြင်း၊ သယ်ဆောင်ခြင်း၊ တစ်ဆင့်ပေးပို့ခြင်း၊ လွှဲပြောင်းခြင်းတို့အတွက် ကျူးလွန်သူကို ထောင်ဒဏ် အနည်းဆုံး ၁၀ နှစ်မှ အများဆုံး နှစ်အကန့်အသတ်မရှိ ထောင်ဒဏ်ချမှတ်ရန်ဟု ပါရှိသော်လည်း မူးယစ်ဆေးဝါး ကူးသန်းရောင်းဝယ်မှုမှ ရရှိသည့် အမြတ်အစွန်းသည် အလွန်ကြီးမားသဖြင့် ဖမ်းဆီးခံရပါက ချမှတ်ခံရမည့်ပြစ်ဒဏ်ကို မကြောက်မရွံ့နိုင်လောက်အောင်ပင် ဆွဲဆောင်နေ သည့်အားလျော်စွာ မိုက်မဲစွာဖြင့် သိုလှောင်ခြင်း၊ သယ်ဆောင်ခြင်း၊ ပေးပို့ခြင်းနှင့် လွှဲပြောင်းခြင်းတို့ကို ပြုလုပ်နေကြခြင်းဖြစ်သည်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးအတွက် သယ်ဆောင်မှုများကို ထိရောက်စွာ ဖော်ထုတ်ဖမ်းဆီးသည့်နည်းတူ တစ်ဖက်ကလည်း ထိရောက်သည့်ပြစ်ဒဏ်များ ချမှတ်ရေးနှင့် လိုအပ်မှုအရ ၁၉၉၃ ဥပဒေကို ပြန်လည်သုံးသပ်၍ ၁-၂-၂၀၁၈ ရက်နေ့တွင် ဥပဒေကို ပြင်ဆင်ပြဋ္ဌာန်းခဲ့ပါသည်။
အမျိုးသားမူးယစ်ဆေးဝါးထိန်းချုပ်ရေး မူဝါဒသစ်အရ မူးယစ်ဆေးစွဲသူကို ကျန်းမာရေးပြဿနာအဖြစ် ရှုမြင်သော်လည်း မူးယစ်ဆေးသုံးစွဲရန် အားပေးထားခြင်း မဟုတ်ကြောင်းနှင့် ဆေးသုံးစွဲသူသည် ဆေးကုသမှုကို မပျက်မကွက်ခံယူရမည်ဖြစ်သည်။ မူးယစ်ဆေးဝါး သုံးစွဲကြောင်း သံသယရှိသူကို ပဏာမဆေးစစ်ချက်ခံယူရန်၊ ဆေးဝါးသုံးစွဲကြောင်း စစ်ဆေးတွေ့ရှိပါက ကုသမှုခံယူရန် သတ်မှတ်ထားသည့် ဌာန၊ ဂေဟာတို့သို့ ဆောလျင်စွာပို့ဆောင်ရန် ဆေးသုံးသူက ပဏာမ ဆေးစစ်ဆေးမှုခံယူရန်လည်းကောင်း၊ ကုသမှုခံယူရန် လည်းကောင်း ပျက်ကွက်ခဲ့ပါက ခံဝန်ချုပ်ဆိုစေသည့် အမိန့်ချမှတ်နိုင်ရန်အတွက် ဆိုင်ရာတရားရုံးသို့ ဦးတိုက်လျှောက်ထားရန် ဆိုင်ရာရဲတပ်ဖွဲ့တွင် တာဝန်ရှိကြောင်း ဥပဒေ၌ ပြဋ္ဌာန်းထားသည်။
အမျိုးသားမူးယစ်ဆေးဝါးထိန်းချုပ်ရေးမူဝါဒသစ် (၂၀၁၈)
၁၉၉၃ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သည့် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေတွင် မပါဝင်သည့်အချက်များကို ထပ်မံဖြည့်စွက်လျက် အမျိုးသားမူးယစ်ဆေးဝါး ထိန်းချုပ်ရေး မူဝါဒသစ်ကို ၂၀-၂-၂၀၁၈ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။ အဆိုပါမူဝါဒ သစ်အရ မူးယစ်ဆေးစွဲခြင်းကို ကျန်းမာရေးပြဿနာအဖြစ် ရှုမြင်လာခဲ့သည်။
မြန်မာနိုင်ငံ အကျဉ်းထောင်များရှိ အကျဉ်းသားဦးရေ စုစုပေါင်း၏ ၄၀ ရာခိုင်နှုန်းမှာ မူးယစ်ဆေးသုံးစွဲသူများနှင့် ဆက်စပ်အမှုများ ကျူးလွန်ခြင်းကြောင့် အပြစ်ကျခံရသူများဖြစ်သည်ကို တွေ့ရှိရပြီး မြစ်ကြီးနား၊ လားရှိုးကဲ့သို့ အကျဉ်းထောင်များတွင် မူးယစ်ဆေးမှုကြောင့် ကျသည့် အကျဉ်းသားရာခိုင်နှုန်းမှာ ၇၀ ရာခိုင်နှုန်းမှ ၆၀ ရာခိုင်နှုန်းအထိ မြင့်မားနေပြီး အကျဉ်းထောင်များ၏ ဘဏ္ဍာငွေသုံးစွဲမှုနှင့် စီမံခန့်ခွဲမှုများတွင် ဝန်ထုပ်ဝန်ပိုးဖြစ်စေခဲ့ပါသည်။
မူးယစ်ဆေးသုံးစွဲသူများအား ဥပဒေအရ တရားစီရင်အပြစ်ပေးခြင်းသည် ပြစ်မှုဆိုင်ရာ တရားစီရင်ရေးစနစ်ကို ဝန်ထုပ်ဝန်ပိုးဖြစ်စေရုံ သာမက အကျဉ်းကျခြင်းခံရသော မူးယစ်ဆေးဝါး သုံးစွဲသူများ အပါအဝင် ၎င်းတို့၏မိသားစုများနှင့် လူ့အဖွဲ့အစည်းအပေါ် ကျန်းမာ ရေးနှင့် လူမှုရေးဆိုင်ရာဆိုးကျိုးများ ကျရောက်စေလျက်ရှိသည်ကို တွေ့ရှိရကြောင်းဖြင့်လည်း မူဝါဒသစ်တွင် သုံးသပ်ဖော်ပြထားသည်ကို တွေ့ရှိရပါသည်။
မြန်မာနိုင်ငံ၏ မူးယစ်ဆေးဝါးထိန်းချုပ်ရေးလုပ်ငန်းများ
မူးယစ်ဆေးဝါးပြဿနာသည် ကမ္ဘာ့ပြဿနာဖြစ်သကဲ့သို့ မိမိတို့ နိုင်ငံအတွက်လည်း နှစ်ပရိစ္ဆေဒကြာညောင်းပြီဖြစ်သည့် အမျိုးသားရေးပြဿနာဖြစ်သည်။ မူးယစ်ဆေးဝါးသုံးစွဲသူများကို ဆေးဝါးကုသခြင်း၊ ပြန်လည်ထူထောင်ခြင်းနှင့် သက်မွေးဝမ်းကျောင်းပညာ သင်ကြားပေးခြင်းတို့ ပြုလုပ်ပေးရမည်ဖြစ်သလို စိုက်ပျိုးခြင်း၊ ထုတ်လုပ်ခြင်း၊ သယ်ဆောင်ခြင်း၊ လက်ဝယ်ထားရှိခြင်း၊ ဖြန့်ဖြူးရောင်းချခြင်းတို့အတွက် ပြစ်ဒဏ်မှာ နှစ်ရှည်လများထောင်ဒဏ်မှသည် သေဒဏ်အထိ ပြင်းထန်စွာရှိပြီးဖြစ်သည်။
ထို့ကြောင့် မူးယစ်ဆေးဝါးကုန်သွယ်မှုများကို ထိရောက်စွာစုံစမ်း ဖော်ထုတ်ဖမ်းဆီးခြင်း၊ မူးယစ်ဆေးဝါးနှင့် ဆက်နွှယ်သည့် ငွေကြေးခဝါချမှုနှင့် အဂတိလိုက်စားမှုတို့ကို တိုက်ဖျက်ခြင်းအပါအဝင် ဘက်ပေါင်းစုံမှ နည်းလမ်းပေါင်းစုံဖြင့် နှိမ်နင်းတိုက်ဖျက်ရမည်ဖြစ် သည်။ သို့ရာတွင် မူးယစ်ဆေးဝါးထိန်းချုပ်ရေးလုပ်ငန်းများကို ဆောင်ရွက်ရာတွင် တစ်နိုင်ငံတည်းဖြင့် ကိုင်တွယ်ဖြေရှင်းဆောင်ရွက်၍မရဘဲ အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်းနိုင်ငံများ၊ ကမ္ဘာ့နိုင်ငံများ၊ အဖွဲ့အစည်းများဖြင့် အပြန်အလှန်ကူညီထောက်ပံ့မှုများ ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှသာ ထိရောက်စွာ ထိန်းချုပ်ဆောင်ရွက်နိုင်မည်ဖြစ်သည်။
ပရီကာဆာဓာတုပစ္စည်းများနှင့် စိန်ခေါ်မှု
စိတ်ပြောင်းဆေးဝါးနှင့် မူးယစ်ဆေးဝါးထုတ်လုပ်ရာတွင် မရှိမဖြစ် လိုအပ်သည့် ပရီကာဆာဓာတုပစ္စည်းများ သယ်ဆောင်ရောင်းဝယ်မှု လွန်စွာမြင့်မားလာသဖြင့် ပရီကာဆာ ဓာတုပစ္စည်းထိန်းချုပ်မှုသည် အရေးတကြီးဆောင်ရွက်ရမည့် ကိစ္စတစ်ခုဖြစ်လာသည်။ မြန်မာနိုင်ငံ အနေဖြင့် ပရီကာဆာထုတ်လုပ်သည့်နည်းပညာများနှင့် စက်ရုံ၊ အလုပ်ရုံများ မရှိသော်လည်း နိုင်ငံ၏ရှည်လျားလှသည့် နယ်နိမိတ်တွင် ဝင်ပေါက်ထွက်ပေါက်များကို အပြည့်အဝထိန်းချုပ်ရန် ခက်ခဲပြီး မူးယစ်ဆေးဝါးထုတ်လုပ်သူများအနေဖြင့် နယ်စပ်ဒေသတွင်ရှိနေသည့် အဖွဲ့အစည်းအချို့ကို အသုံးချအခွင့်ကောင်းယူ၍ ပရီကာဆာ ဓာတုပစ္စည်းများ နယ်စပ်ဒေသမှတစ်ဆင့် တရားမဝင် ဝင်ရောက်နေမှုကလည်း မိမိတို့နိုင်ငံအတွက် စိန်ခေါ်မှုတစ်ရပ်အဖြစ် ဆက်လက်တည်ရှိ နေဆဲဖြစ်သည်။
မူးယစ်ဆေးဝါးပြဿနာသည် ကမ္ဘာလုံးဆိုင်ရာပြဿနာဖြစ်ပြီး မူးယစ်ဆေးဝါးမှုခင်းများမှာ နိုင်ငံတကာ ရာဇဝတ်ဂိုဏ်းများ ပါဝင်ပတ်သက်နေကြသည့် နိုင်ငံဖြတ်ကျော်မှုခင်းများ ဖြစ်ကြသည်။ မူးယစ် ဆေးဝါးပြဿနာတွင် အဓိကဖြစ်သည့် မက်သ်အဖက်တမင်း ထုတ်လုပ် ဖြန့်ချိမှုနှင့်ပတ်သက်၍ မြန်မာနိုင်ငံ၏အမည်မှာ ထိပ်ဆုံးမှပါလေ့ရှိသည်။ မက်သ်အဖက်တမင်းအပါအဝင် ဓာတုပစ္စည်းများကို အခြေခံထုတ်လုပ်သည့် မူးယစ်ဆေးဝါးများအတွက် လိုအပ်သော ဓာတုပစ္စည်းများကို မြန်မာနိုင်ငံတွင် ထုတ်လုပ်နိုင်ခြင်းမရှိဘဲ အိမ်နီးချင်းနိုင်ငံများက ထုတ်လုပ်ကြခြင်းဖြစ်သည်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးလုပ်ငန်းများကို မိမိတို့နိုင်ငံ၏ အင်အားနှင့် စွမ်းရည်ရှိသမျှ အရှိန်အဟုန်မြှင့် ဆောင်ရွက်နေသော်လည်း မူးယစ်ဆေးဝါးစျေးကွက်သည် နိုင်ငံတကာတွင် ဝယ်လိုအား မြင့်တက် လျက်ရှိသည့်အတွက် ထုတ်လုပ်၊ သယ်ဆောင်၊ ရောင်းဝယ်မှုများ နည်းမျိုးစုံဖြင့် ထိုးဖောက်ဝင်ရောက်လာမှုကလည်း အဓိကရင်ဆိုင်နေရသည့် ပြဿနာတစ်ရပ်ဖြစ်နေသည်။ မူးယစ်ဆေးဝါး သယ်ဆောင် ရောင်းဝယ်မှုအခြေအနေနှင့် လမ်းကြောင်းအခြေအနေတို့ကို သုံးသပ် ပြီး လိုအပ်သည့် နယ်မြေများတွင် တားဆီးနှိမ်နင်းရေး အထူးစစ်ဆင် ရေးများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိသော်လည်း အချို့သော နယ်စပ်ဒေသများတွင် တားဆီးနှိမ်နင်းရေးလုပ်ငန်းများကို အပြည့်အဝဆောင်ရွက်နိုင်မှု အားနည်းနေသေးသဖြင့် နှစ်နိုင်ငံနယ်စပ် ဒေသတစ်လျှောက် တရားမဝင် ဝင်ပေါက်ထွက်ပေါက်များ ရှိရာဒေသများတွင် တားဆီးနှိမ်နင်းရေးလုပ်ငန်းများအား သက်ဆိုင်ရာ နိုင်ငံများက ပိုမိုတိုးမြှင့်ဆောင်ရွက်ပေးရန် လိုအပ်ပါသည်။
မူးယစ်ဆေးဝါးထုတ်လုပ်၊ သယ်ဆောင်၊ ရောင်းဝယ်မှုများတွင် နိုင်ငံအတွင်းရှိ လက်နက်ကိုင်အကြမ်းဖက်အဖွဲ့များ၏ နက်ရှိုင်းစွာ ပါဝင်နေမှုများက ပြဿနာကို ပိုမိုဆိုးရွားစေပြီး ပြဿနာဖြေရှင်းရေးတွင် ပိုမိုခက်ခဲစေလျက်ရှိသည်။ လက်နက်ကိုင်အဖွဲ့များ ကြီးစိုးရာ နေရာများတွင် တားဆီးနှိမ်နင်းရေးလုပ်ငန်းများ ဆောင်ရွက်ရန် ခက်ခဲနေပြီး သတင်းရရှိရန်မှာလည်း လွန်စွာခက်ခဲလျက်ရှိသည်။ သို့သော် လမ်းကြောင်းတစ်လျှောက်ရှိ ငြိမ်းချမ်းသောနယ်မြေများတွင် နေထိုင်ကြသော ပြည်သူများအနေဖြင့် မူးယစ်ဆေးဝါးသယ်ဆောင် ရောင်းဝယ်မှုသတင်းများကို သက်ဆိုင်ရာသို့ ပေးပို့ခြင်းဖြင့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးကို အတူလက်တွဲဆောင်ရွက်သွားရန် လိုအပ်သည်။ မူးယစ်ဆေးဝါးပြဿနာမှာ လူသားမျိုးနွယ်စုတစ်ခုလုံးနှင့် သက်ဆိုင်နေသဖြင့် နိုင်ငံသားတိုင်း လူသားတိုင်းတွင် တာဝန်ရှိသည်ဟု ခံယူလုပ်ဆောင်ရမည့်အချိန်ဖြစ်သည်။
အနှစ်ချုပ်အားဖြင့် အန္တရာယ်ကြီးမားလာသော မူးယစ်ဆေးဝါးနှင့် ပတ်သက်သည့် ပြဿနာများ၊ စိန်ခေါ်မှုများ စသည့် မူးယစ်ဆေးဝါး ထိန်းချုပ်ရေးလုပ်ငန်းများသည် လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်း ရေးနှင့် နိုင်ငံတစ်ဝန်း အေးချမ်းသာယာရေးတို့နှင့်ပါ ဆက်နွှယ်လျက် ရှိသောကြောင့် မူးယစ်ဆေးဝါးများထုတ်လုပ်မှု၊ မူးယစ်ဆေးနှင့် ဓာတု ပစ္စည်းများ သယ်ဆောင်မှု၊ သိုလှောင်မှု၊ ရောင်းဝယ်ဖောက်ကားမှုတို့ကို ဖော်ထုတ်နှိမ်နင်းတိုက်ဖျက်ရာတွင် အောင်မြင်ထိရောက်စွာ ဆောင်ရွက် နိုင်ရေးအတွက် နိုင်ငံတော်အစိုးရနှင့်အတူ တိုင်းရင်းသားပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုစွမ်းအားဖြင့် ဝိုင်းဝန်းကူညီလက်တွဲ၍ အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်ကြမှသာ မူးယစ်ဆေးဝါး အန္တရာယ်မှာ တဖြည်းဖြည်းလျော့နည်းကျဆင်းလာမည်ဖြစ်ပါကြောင်း ၂၆-၆-၂၀၂၆ ရက်နေ့တွင် ကျရောက်မည့် (၃၉)နှစ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် တိုက်တွန်းရေးသားလိုက်ရပါသည်။ ။
- Log in to post comments