နိုင်ငံ့ပုံရိပ်ထိခိုက်နှောင့်ယှက်သည့် လှုံ့ဆော်မှုများရှောင်ရှားတိုက်ဖျက်

 

နည်းပညာတိုးတက်လာမှုနှင့်အတူ နေ့စဉ်နှင့်အမျှ အကြောင်းအကျိုး၊ အကောင်းအဆိုးတို့ကို အလွယ်တကူသိမြင်လာရသည်။ ပြည်သူများ၏ အသိဉာဏ်ပညာဗဟုသုတရှိမှုအလိုက် အကြောင်း အကျိုး၊ အကောင်းအဆိုးတို့ကို ခွဲခြမ်းစိတ်ဖြာသုံးသပ်လာနိုင်ကြသည်။ မြန်မာနိုင်ငံအပေါ် အကောင်းမြင် စိတ်ထားရှိကြသူများနှင့် အပြုသဘောမဆောင် အကောင်းမမြင်သူများကြား၌ သတင်းတု၊ သတင်းမှား၊ မမှန်သတင်းဖြန့််ချိနေသူများ၏ နေ့စဉ်နှင့်အမျှ နှောင့်ယှက်မှုများရှိနေသည်။ မိမိနိုင်ငံ၏ ပုံရိပ်များ ကောင်းမွန်မှ မိမိနိုင်ငံ၏ ဂုဏ်သိက္ခာကောင်းမွန်မည်ဖြစ်၍ နိုင်ငံ့ပုံရိပ်ထိခိုက်အောင် နှောင့်ယှက် နေမှုများအား ရှောင်ရှားခြင်း၊ ပြန်လည်တုံ့ပြန်ခြင်း၊ ဝိုင်းဝန်းဆန့်ကျင်တိုက်ဖျက်ခြင်းတို့ ပြုလုပ် ကြရမည်ဖြစ်သည်။

 

မြန်မာနိုင်ငံ ပုံရိပ်ထိခိုက်အောင် မြန်မာနိုင်ငံသားများက အဓိကပြုလုပ်နေကြခြင်းဖြစ်သည်။ ကမ္ဘာပေါ်တွင် မည်သည့်နိုင်ငံမျှ မိမိနိုင်ငံ၊ မိမိလူမျိုး အကျိုးစီးပွားထိခိုက်အောင် နှောင့်ယှက် ဖျက်ဆီးကြသူရှားသည်။ ကမ္ဘာပေါ်ရှိ လူ့အသိုက်အဝန်းများကြားတွင် ယုံကြည်ချက်၊ ခံယူချက်၊ သဘောထားများ ကွဲပြားခြားနားကြရာတွင်လည်းကောင်း၊ အထူးသဖြင့် နိုင်ငံရေးခံယူချက် မတူကွဲပြား ခြားနားလျှင်လည်းကောင်း ပြန်လည်တုံ့ပြန်ကြရာ၌ မိမိနိုင်ငံ၊ မိမိလူမျိုး အကျိုးစီးပွား၊ မိမိနိုင်ငံပုံရိပ်ကို ထိခိုက်နစ်နာအောင် ပြုလုပ်သူရှားသည်။ မြန်မာနိုင်ငံတွင်မူ မိမိနိုင်ငံသားအချင်းချင်း စိတ်ဝမ်းကွဲပြားစေမှု အမျိုးမျိုးတို့ကြောင့် ယုံကြည်ချက်၊ ခံယူချက်ကွဲပြားပြီး နိုင်ငံ့ပုံရိပ်ထိခိုက်အောင် ပြုလုပ်နေသည့် လုပ်ရပ်များမှာ ဝမ်းနည်းစရာဖြစ်သည်။

 

ပြည်ပမှ သွေးထိုးမြှောက်ပင့်ထောက်ပံ့မှုများကြောင့် နိုင်ငံကို ပျက်စီးရာ ပျက်စီးကြောင်း ပြုလုပ်နေသူ များရှိသလို ယုံကြည်ချက်၊ ခံယူချက်ကွဲပြားမှု၊ လွဲမှားမှုများနှင့် အသိအမြင်ဗဟုသုတ ပညာအခြေခံ နည်းပါးမှုများကြောင့် နိုင်ငံကိုပျက်စီးရာပျက်စီးကြောင်း ပြုလုပ်ဆောင်ရွက်ကြသူများအနေဖြင့် မိမိနိုင်ငံ အကျိုးစီးပွားကိုရှေးရှု၍ သတိပြုဆင်ခြင် ဆောင်ရွက်ကြရမည်ဖြစ်သည်။ မိမိနိုင်ငံပုံရိပ်ကို ထိခိုက် အောင်ပြုလုပ်ခြင်းသည် မိမိနိုင်ငံ၊ မိမိတို့အကျိုးသာ ထိခိုက်ပျက်စီးစေသည်ကို သတိမူကြရမည် ဖြစ်သည်။ ကမ္ဘာပေါ်တွင် မဖွံ့ဖြိုးသည့် နိုင်ငံများသည်ပင် ဖွံ့ဖြိုးတိုးတက်လာကြပြီဖြစ်သည်။ ယုံကြည်ချက်၊ ခံယူချက်ကွဲပြားခြားနားကြသော်လည်း စည်းစည်းလုံးလုံး ကြိုးပမ်းဆောင်ရွက်ကြသော ကြောင့် နိုင်ငံများအနေဖြင့် ဖွံ့ဖြိုးတိုးတက်လာကြသည်ကို တွေ့ရမည်ဖြစ်သည်။ ဖွံ့ဖြိုးဆဲ မြန်မာနိုင်ငံ အနေဖြင့် ဖွံ့ဖြိုးပြီးနိုင်ငံဖြစ်အောင် ရှေ့သို့တက်လှမ်းနိုင်ရေး နှောင့်နှေးကြန့်ကြာမှုဖြစ်နေသည်မှာ စည်းလုံးညီညွတ်မှု အားနည်းနေသောကြောင့်ဖြစ်သည်။

 

တိုင်းရင်းသားပြည်သူများအချင်းချင်း စိတ်ဝမ်းကွဲပြားစေရန်၊ အကြမ်းဖက်အားပေးပြုလုပ်ရန်နှင့် နိုင်ငံ့ဂုဏ်သိက္ခာကျဆင်းစေရန် လူမှုကွန်ရက်အမျိုးမျိုးကို အသုံးပြု၍ သွေးထိုးလှုံ့ဆော်နေကြသူများ အနေဖြင့် မိမိနိုင်ငံအကျိုးစီးပွားကို ထောက်ထား၍ အမြင်မှန်ရကြရန်လိုသလို ပျက်စီးရာပျက်စီးကြောင်း ပြုလုပ်နေသူများကို သက်ဆိုင်ရာဥပဒေများဖြင့် အရေးယူဆောင်ရွက်လျက်ရှိသည်။ မဟုတ်မမှန် သတင်းများနှင့် ပျက်စီးရာပျက်စီးကြောင်းသတင်းများ ဖြန့်ချိနေသူများကို ၂၀၁၄ ခုနှစ် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀၊ ၅၂ နှင့် ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ (က) တို့အရ အရေးယူ ဆောင်ရွက်လျက်ရှိသည်။ အင်တာနက်ပေါ်တွင် သတင်းတု၊ သတင်းမှားများတင်ခြင်း၊ မဖွယ်မရာများ တင်ခြင်း၊ နိုင်ငံရေးအရ တိုက်ခိုက်ပြောဆိုခြင်းတို့အပေါ် ဥပဒေကြောင်းအရ တားမြစ်ဆောင်ရွက်နိုင်ရေး ကော်မတီဖွဲ့စည်းပြီး အမှုဖွင့်အရေးယူခြင်းနှင့် အသိပညာပေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိသည်။

 

လူမှုကွန်ရက်များကို ဖန်တီးပေးထားခြင်းသည် နေ့စဉ်နှင့်အမျှ လူမှုအသိုက်အဝန်း၏ ကောင်းကျိုးများ မျှဝေဆောင်ကြဉ်းပေးနိုင်ရန်အတွက် တည်ဆောက်ထားခြင်းဖြစ်သည်။ ဖြစ်ပေါ်နေသော နိုင်ငံရေးအခြေ အနေအပေါ်မူတည်ပြီး လူမှုကွန်ရက်များကိုအသုံးချ၍ သတင်းတု၊ သတင်းမှား၊ လုပ်ကြံဖန်တီး သတင်းများတင်ခြင်း၊ နိုင်ငံ့ပုံရိပ်ထိခိုက်စေနိုင်သည့် မဖွယ်မရာသတင်းများတင်ခြင်း၊ နိုင်ငံရေးအရ ထိခိုက်နစ်နာအောင် မမှန်မကန် ဝေဖန်တိုက်ခိုက် ပြောဆိုမှုများပြုလုပ်ခြင်းတို့ကို ရှောင်ရှားကြရန်လိုပြီး ပြည်တွင်း၌ ပြုလုပ်သူများကို တန်ပြန်အရေးယူဆောင်ရွက်ခြင်း၊ တယ်လီဖုန်းနံပါတ်များနှင့် ဘဏ်အကောင့်များကို ပိတ်သိမ်းခြင်း၊ တည်ဆဲဥပဒေများနှင့်အညီ တရားစွဲဆိုဆောင်ရွက်ခြင်းနှင့် ပြည်ပမှ မြန်မာနိုင်ငံပျက်စီးရာပျက်စီးကြောင်း တိုက်ခိုက်နေမှုများကို သတင်းမှန်များဖြင့် ပြန်လည် တုံ့ပြန်ကြရန်နှင့် ဆင်ခြင်တုံတရားဖြင့် သတိထားရှောင်ရှားကြရန် လိုအပ်သည်။

 

သို့ဖြစ်ရာ မြန်မာနိုင်ငံအကျိုးစီးပွား ထိခိုက်ပျက်ပြားမှုမဖြစ်အောင် မြန်မာနိုင်ငံကိုချစ်သည့် မြန်မာလူမျိုး များက သတိပြုဆောင်ရွက်ကြရမည်ဖြစ်ပြီး မြန်မာနိုင်ငံပုံရိပ်ကောင်းမှ မြန်မာနိုင်ငံကောင်းမည်ဖြစ်၍ မြန်မာနိုင်ငံသား၊ မြန်မာလူမျိုးများက မြန်မာနိုင်ငံအကျိုးစီးပွားကို ဝိုင်းဝန်းကာကွယ်စောင့်ရှောက် ကြပါရန် တိုက်တွန်းနှိုးဆော် အသိပေးအပ်ပါကြောင်း။   ။(ကြေးမုံ)