လူသားတိုင်းအတွက် ကြိုတင်ကာကွယ်မူးယစ်ဆေးဝါးအန္တရာယ် အပိုင်း (၂)

Type
လူသားတိုင်း

 

ဒေါက်တာလပြည့်ခင်

နိုင်ငံတိုင်း ရင်ဆိုင်ကြုံတွေ့နေရသည့် ကမ္ဘာလုံးဆိုင်ရာ အကြီးမားဆုံးပြဿနာတစ်ရပ်ဖြစ်သည့် မူးယစ်ဆေးဝါးပြဿနာတွင် လူလုပ်ဆေးဝါးသစ်များ လွယ်ကူစွာ ဝယ်ယူရရှိမှုများသည် ပြဿနာကို ပိုမိုဆိုးရွားလာခြင်း၊ မူးယစ်ဆေးဝါးများကို ဆက်သွယ်ရေးလုပ်ငန်းများ၊ ပုဂ္ဂလိကအမြန်ချောပို့လုပ်ငန်းများ၊ ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းများကို အသုံးပြု၍ ပို့ဆောင်ရောင်းဝယ်မှုများ ပြုလုပ်နေခြင်းနှင့် အဓိကပင်လယ်ရေကြောင်းလမ်းများမှတစ်ဆင့် သယ်ဆောင်ရောင်းဝယ်မှုများ ပြုလုပ်နေကြသည်ကို ဖမ်းဆီးရမိမှုဖြစ်စဉ်များအရ တွေ့ရှိရခြင်း၊ နည်းပညာတိုးတက်လာမှုကြောင့် အွန်လိုင်းဘဏ်လုပ်ငန်းဝန်ဆောင်မှုများမှတစ်ဆင့် ငွေပေးချေမှုများအသုံးပြုလာပြီး အွန်လိုင်းမူးယစ်ဆေးဝါးဈေးကွက်သည်လည်း ကျယ်ပြန့်စွာနေရာယူ ထိုးဖောက်ဝင်ရောက်လာသည်ကို တွေ့ရှိရခြင်း၊ မူးယစ်ကုန်ကူးသူတို့က ကမ္ဘာ့စီးပွားရေးကျပ်တည်းမှုအခြေအနေများကြောင့် အလုပ်လက်မဲ့ဦးရေ များပြားလာမှုအပေါ် အခွင့်ကောင်းယူပြီး အလွယ်တကူ ဝင်ငွေရလွယ်သော မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်မှုအတွက် သယ်ဆောင်ခပေး၍ အသုံးချလာခြင်း၊ မူးယစ်ဆေးဝါးပျံ့နှံ့နေမှု အကျိုးဆက်အနေဖြင့် အချို့နိုင်ငံများတွင် မူးယစ်ဆေးဝါးသုံးစွဲမှုများ မြင့်တက်လာနေသည် ကို တွေ့ရှိရခြင်း၊ UNODC ၏ ၂၀၂၁ ခုနှစ်အတွင်း အရှေ့နှင့် အရှေ့တောင်အာရှဒေသရှိ လူလုပ်ဆေးဝါးနှင့်ပတ်သက်သည့် အစီရင်ခံစာအရ မက်သ်အဖက်တမင်း (Methamphetamine) နှင့် အိုက်စ်ဟုခေါ်သော မက်သ်အဖက်တမင်းပုံဆောင်ခဲ (Crystal Methampheta - mine (Ice)) ဖမ်းဆီးရမိမှုမှာ တစ်နေ့ထက်တစ်နေ့ ပိုမိုများပြားလာသည်နှင့်အညီ ထုတ်လုပ်မှုနှင့် သုံးစွဲသူဦးရေလည်း တိုးမြင့်လာခြင်း၊ လူလုပ်ဆေးဝါးများ ထုတ်လုပ်သယ်ဆောင်ရောင်းဝယ်မှုများသည်လည်း လျော့ကျသွားခြင်းမရှိဘဲ ဆက်လက်ကျယ်ပြန့်လျက်ရှိခြင်းတို့ကို မူးယစ်ဆေးဝါးပြဿနာများအဖြစ် တွေ့မြင်နေရပါသည်။

အကြမ်းဖက်အဖွဲ့အစည်းများနှင့် မူးယစ်ဆေးဝါး

မြန်မာနိုင်ငံတည်ရှိရာ ပထဝီဝင်အနေအထားအရ မူးယစ်ဆေးဝါးထုတ်လုပ်ရာတွင် အသုံးပြုရသည့်ဓာတုပစ္စည်းများကို အိမ်နီးချင်းအာရှနိုင်ငံကြီးနှစ်နိုင်ငံတွင် ထုတ်လုပ်လျက်ရှိခြင်း၊ အရှေ့နှင့် အရှေ့တောင်အာရှရှိ ကြီးမားသော နိုင်ငံတကာမူးယစ်ဆေးဝါးဈေးကွက်နှင့် နီးကပ်စွာ တည်ရှိနေခြင်း၊ နိုင်ငံတော်အစိုးရကို ကာလရှည်ကြာဆန့်ကျင်တိုက်ခိုက်နေသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ နယ်စပ်တစ်လျှောက် တည်ရှိနေခြင်း စသည့်အကြောင်းများကြောင့် မူးယစ်ဆေးဝါးလုပ်ငန်းများအတွက် ရေကန်အသင့်၊ ကြာအသင့်သဖွယ်ဖြစ်ပြီး နိုင်ငံတကာမူးယစ်ဂိုဏ်းများနှင့်ပါ ဆက်နွှယ်လုပ်ကိုင်နေကြ ခြင်းဖြစ်သည်။

ထို့ပြင် မူးယစ်ဆေးဝါးရောင်းဝယ်နေသူများတွင် အကြမ်းဖက်သောင်းကျန်းသူအဖွဲ့အစည်းများလည်း ပါဝင်နေပြီး ၎င်းတို့သည် မူးယစ်ဆေးဝါးရောင်းဝယ်ခြင်းမှ ရရှိလာသည့် ငွေကြေးများဖြင့် လက်နက်ခဲယမ်းဝယ်ယူကာ ပြည်သူတို့၏အသက်အိုးအိမ်စည်းစိမ်ကို ဖျက်ဆီးနေကြသည်။ မိမိတို့နိုင်ငံအဖို့ မူးယစ်ဆေးဝါးထုတ်လုပ်၊ သယ်ဆောင်၊ ရောင်းဝယ်မှုများ၏နောက်တွင် ငွေကြေးခဝါချမှု၊ လက်နက်မှောင်ခိုမှု၊ အကြမ်းဖက်မှုတို့ပါ တစ်ဆက်တစ်စပ်တည်း ပါဝင်နေပြီး နိုင်ငံနှင့် ပြည်သူလူထု၏ လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးတို့ကိုပါ ထိခိုက်စေလျက်ရှိသည်။

၂၀၁၉ ခုနှစ်တွင်ဖြစ်ပွားခဲ့သည့် ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါကာလအတွင်း၌လည်း နိုင်ငံအသီးသီးက ခရီးသွားလာမှုကန့်သတ်ခြင်းကို ဆောင်ရွက်နေချိန်တွင် မူးယစ်ဆေးဝါးထုတ်လုပ်မှုနှင့် သယ်ဆောင်ရောင်းဝယ်မှုများ ပိုမိုလုပ်ဆောင်လာကြပြီး အထူးသဖြင့် ရေလမ်းကြောင်း အသုံးပြုသယ်ဆောင်မှုများပြားလာခဲ့သည်ကို နိုင်ငံတကာမူးယစ်ဆေးဝါးဖမ်းဆီးရမိမှုဖြစ်စဉ်များတွင် တွေ့ရှိရမည်ဖြစ်သည်။ ထိုကဲ့သို့ ကမ္ဘာလုံးဆိုင်ရာပြောင်းလဲမှု ဖြစ်စဉ်နှင့်အတူ ၂၀၂၁ ခုနှစ်မှစ၍ ပြည်တွင်းငြိမ်းချမ်းရေးပျက်ပြားသည့်အခြေအနေနှင့် ကာလများအတွင်း၌လည်း အခွင့်ကောင်းရယူပြီး မူးယစ်ဆေးဝါးကို ပုံစံအမျိုးမျိုးဖြင့် ဆောင်ရွက်ခဲ့ကြသည်ကို တွေ့ရှိရပါသည်။

လက်ရှိအချိန်တွင် မြန်မာနိုင်ငံ၌ နိုင်ငံရေးတည်ငြိမ်မှုမရှိသည်ကို အခွင့်ကောင်းယူ၍ အကန့်အသတ်၊ အတားအဆီးများပြုလုပ်ကာ ထိန်းချုပ်ကာကွယ်မှုများ ပြုလုပ်နေရချိန်တွင် မူးယစ်ဆေးဝါးသယ်ဆောင်ရောင်းဝယ်သူများက အခွင့်ကောင်းတစ်ရပ်အဖြစ် အသုံးချခဲ့ကြသည်။ မူးယစ်ဆေးဝါးတန်ဖိုး ပမာဏကြီးမားစွာ ကျပ်ငွေဘီလီယံ (သန်းပေါင်းထောင်နှင့်ချီ၍) မကြာခဏဖမ်းဆီးရမိမှုများသည် သာမန်အချိန်ကာလများထက် များစွာပိုမိုနေသဖြင့် အကြမ်းဖက်သောင်းကျန်းသူများ အင်အားတောင့်တင်းစေမည့် အထောက်အပံ့များတွင် မူးယစ်ဆေးဝါးသည် အဓိကအထောက်အပံ့တစ်ခုဖြစ်ကြောင်း သိမြင်နိုင်ပါသည်။

မူးယစ်ဆေးဝါးအန္တရာယ်ကို ကမ္ဘာ့နိုင်ငံများ တိုက်ဖျက်နေသည့်အချိန်တွင် မြန်မာနိုင်ငံမှ လက်နက်ကိုင်သောင်းကျန်းသူများ၏ မူးယစ်ဆေးဝါးထုတ်လုပ်ရောင်းဝယ်ဖောက်ကားမှုများကို ကမ္ဘာကသိရှိလာအောင် အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ကြရမည်ဖြစ်သည်။ မူးယစ်ဆေးဝါးသယ်ဆောင်ရောင်းဝယ်ဖောက်ကားမှုများမှ ရရှိလာသည့် ငွေကြေးများဖြင့် လက်နက်ခဲယမ်း၊ အသုံးအဆောင်ပစ္စည်းများ ဝယ်ယူဖြည့်တင်းပြီး နိုင်ငံတည်ငြိမ်အေးချမ်းမှု၊ လုံခြုံမှုကို ထိခိုက်ပျက်ပြားစေသည့်လုပ်ရပ်များ လုပ်ဆောင်နေမှုများအပြင် ပြည်တွင်း၌သာမက နိုင်ငံတကာသို့ပါ ပို့ဆောင်ဖြန့်ချိလျက်ရှိရာ နိုင်ငံ၏ဂုဏ်သိက္ခာကို များစွာထိခိုက်စေသည်။

မူးယစ်ဆေးဝါးထုတ်လုပ်ရာတွင် အသုံးပြုသည့် ဓာတုပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းများကို မြန်မာနိုင်ငံတွင် ထုတ်လုပ်နိုင်ခြင်းမရှိသောကြောင့် လက်နက်ကိုင်သောင်းကျန်းသူအဖွဲ့များက အခြားနိုင်ငံများမှ မြန်မာနိုင်ငံသို့ နည်းလမ်းမျိုးစုံဖြင့် ချိတ်ဆက်သယ်ဆောင်လျက်ရှိသည်။ မြန်မာနိုင်ငံတွင် ကမ္ဘာ့နိုင်ငံများနည်းတူ လူလုပ်မူးယစ်ဆေးဝါးထုတ်လုပ်၊ သယ်ဆောင်၊ ရောင်းဝယ်မှုများသည် နိုင်ငံတော်၏လုံခြုံရေးအား ခြိမ်းခြောက်နေသည့်အခြေအနေများကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အထူးစစ်ဆင်ရေးများဖြင့် တိုက်ဖျက်လျက်ရှိသည့်နည်းတူ ဒေသတွင်းနိုင်ငံများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့်ပါ ပူးပေါင်းလက်တွဲတိုက်ဖျက်လျက်ရှိသည်။

AA နှင့် မူးယစ်ဆေးဝါးကုန်သွယ်မှု

သောင်းကျန်းသူအဖွဲ့များအနေဖြင့် နိုင်ငံအတွင်း တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် တစိုက်မတ်မတ်လုပ်ကိုင်လျက်ရှိပြီး ယင်းအခြေအနေကို အခွင့်ကောင်းယူကာ ၎င်းတို့၏ ဝင်ငွေရလမ်းများဖြစ်ကြသည့် ဆက်ကြေးကောက်ခံခြင်း၊ တိုက်ခိုက်လုယက်ခြင်း၊ မူးယစ်ဆေးဝါး ထုတ်လုပ်မှုနှင့် ရောင်းဝယ်ဖောက်ကားခြင်းတို့ လုပ်ဆောင်နေကြသည်ကို တွေ့ရမည်ဖြစ်သည်။ AA အဖွဲ့၏ မူးယစ်ဆေးဝါးသယ်ဆောင်ရောင်းဝယ်ဖောက်ကားမှုကို မကြာခဏတွေ့မြင်နေရသည်။ AA  အဖွဲ့၏ မူးယစ်ဆေးဝါးကုန်သွယ်မှုလုပ်ငန်းသည် ကြီးထွားကျယ်ပြန့်နေပြီး မူးယစ်ဆေးထုတ်ရန်အတွက် ဓာတုဆေးဝါးမှောင်ခို တင်သွင်းခြင်း၊ မူးယစ်ဆေးဝါးထုတ်လုပ်ခြင်း၊ သယ်ဆောင်သိုလှောင်ခြင်း၊ ပြည်တွင်း၌ ဖြန့်ဖြူးခြင်း၊ ပြည်ပတင်ပို့ရန် ချိတ်ဆက်ဆောင်ရွက်ခြင်းများကို နိုင်ငံတကာမူးယစ်ရာဇာများနှင့် ကွန်ရက်သဖွယ် ချိတ်ဆက် လုပ်ဆောင်လျက်ရှိပါသည်။

၂၀၁၆ ခုနှစ်မှ ၂၀၂၅ ခုနှစ် ဇူလိုင်လ ၂၁ ရက်အထိ AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့ဝင်များ ပါဝင်ပတ်သက်သည့် မူးယစ်ဆေးဝါးများနှင့် လက်နက်ခဲယမ်းများ ဖမ်းဆီးရရှိမှု (၂၄) ကြိမ်ရှိခဲ့ပြီး တရားခံ ၂၇၆ ဦးတို့ကို စိတ်ကြွရူးသွပ်ဆေးပြား ၁၄ ဒသမ ၄ သန်းကျော်၊ အိုက်စ် ၁၁ ဒသမ ၉ တန်ကျော်၊ ကဖင်းကီလို ၈၀၀၊ ကက်တမင်း ၂ ဒသမ ၂ တန် စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၂၆၆ ဘီလီယံကျော် (အမေရိကန် ဒေါ်လာ ၇၃ ဒသမ ၉ သန်းကျော်) နှင့် လက်နက်မျိုးစုံ ၂၂၄ လက်၊ ကျည်မျိုးစုံ ၄၁၃၇၉ တောင့်၊ ကျည်အိမ်မျိုးစုံ ၉၇၇ ခု၊ လက်ပစ်ဗုံး ၃၆ လုံး၊ ဗုံးသီး ၁၇၈ လုံး၊ GPS ၂၅ လုံး၊ ဂြိုဟ်တုဖုန်း ၄၀ တို့ကို ဆက်စပ်ပစ္စည်းများ၊ မူးယစ်ဆေးဝါးသယ်ဆောင်သည့် မော်တော်ယာဉ်၊ စက်လှေ၊ သင်္ဘောများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း ဖြစ်စဉ်အသေးစိတ်များကို ဖော်ပြထားရှိပါသည်။

AA တပ်ဖွဲ့ဝင်များနှင့်ပတ်သက်သည့် မူးယစ်ဆေးဝါးဖမ်းဆီးရရှိမှု ၂၄ ကြိမ်ရှိသည့်အနက် AA ခေါင်းဆောင်ပိုင်းများ ကိုယ်တိုင်ပါဝင်ပတ်သက်ခဲ့သည့်အမှု ၉ မှုရှိပြီး အဆိုပါဖမ်းဆီးရမိမှုများတွင် မလေးရှားနိုင်ငံသို့ပို့ဆောင်မည့် ICE ၄၄၄၀ ကီလိုဂရမ်၊ စိတ်ကြွရူးသွပ်ဆေးပြားသိန်း ၄၀၊ ဘိန်းဖြူအမှုန့် ၁၄ ကီလိုဂရမ် (မူးယစ်ဆေးဝါးကာလတန်ဖိုးငွေကျပ် ၁၇၀ ဒသမ ၄၉ ဘီလီယံခန့်)နှင့် မော်တော် ယာဉ် ငါးစီးတို့နှင့်အတူ မူးယစ်ဆေးဝါးတရားခံ ၁၆ ဦးတို့အား ဖမ်းဆီးရမိခဲ့ကြောင်းကို နိုင်ငံပိုင်သတင်းစာများတွင် ဖတ်ရှုရပါသည်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးနှင့် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများ

ပြည်ထဲရေးဝန်ကြီးဌာန မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့် နိုင်ငံဖြတ်ကျော်မှုခင်းများကို တားဆီးနှိမ်နင်းရာတွင် သတင်းလက်ဦးမှု ရယူဆောင်ရွက်နိုင်ရေးအတွက် အိမ်နီးချင်း ငါးနိုင်ငံနှင့်အတူ နယ်စပ်ဆက်ဆံရေးရုံးများ (Border Liaison Offices - BLOs) ကွန်ရက်စနစ် တည်ထောင်ပြီး သတင်းအချက်အလက်များကို အချိန်နှင့်တစ်ပြေးညီ အပြန်အလှန်မျှဝေဖလှယ်နိုင်ရေးအတွက် BLO အစည်းအဝေးများကိုလည်း ကျင်းပလျက်ရှိသည်။ ဒေသတွင်း လူကုန်ကူးမှုနှင့် လူမှောင်ခိုမှုများ တားဆီးနှိမ်နင်းရေး စီမံကိန်းများတွင် အပြည်ပြည်ဆိုင်ရာရဲအဖွဲ့ (INTERPOL)၊ အာဆီယံရဲအဖွဲ့ (ASEANAPOL) တို့ဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်လျက်ရှိပါသည်။

မြန်မာနိုင်ငံအနေဖြင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းများကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် သတ်မှတ်ကာ ဘက်ပေါင်းစုံမှ တားဆီးတိုက်ဖျက်နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုများအနေဖြင့် မြန်မာ - ထိုင်း နှစ်နိုင်ငံ မူးယစ်ဆေးဝါးပူးပေါင်းထိန်းချုပ်ရေး၊ မြန်မာ-တရုတ် နှစ်နိုင်ငံ မူးယစ်ဆေးဝါးပူးပေါင်းထိန်းချုပ်ရေး၊ အိန္ဒိယ - မြန်မာ နှစ်နိုင်ငံ မူးယစ်ဆေးဝါးပူးပေါင်း ထိန်းချုပ်ရေး ဆောင်ရွက်မှုများနှင့် မဲခေါင်ဒေသတွင်းနိုင်ငံများနှင့်လည်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်မှုတို့ကြောင့် အောင်မြင်မှုရလဒ်ကောင်းများ ရရှိခဲ့ပြီး အခြားနိုင်ငံတကာအဖွဲ့အစည်းများနှင့်လည်း ပူးပေါင်းဆောင်ရွက်မှုများကို အရှိန်အဟုန်မြှင့်လုပ်ဆောင်လျက်ရှိပါသည်။

ထိန်းချုပ်ဓာတုပစ္စည်းများနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ

 မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးကဏ္ဍတွင် အောင်မြင်မှုများ ရရှိနေသည်ဟု ဆိုနိုင်သော်လည်း အခြားကဏ္ဍများ၌ စိန်ခေါ်မှုများ ရှိနေဆဲပင်ဖြစ်သည်။ ထိန်းချုပ်ဓာတုပစ္စည်းများ (Controlled Chemicals) နှင့်ပတ်သက်၍ မြန်မာ - ထိုင်း နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုဖြင့် ထိန်းချုပ်ဓာတုပစ္စည်းများတွင် မပါဝင်သည့် အခြားဓာတုပစ္စည်းပုံစံပြောင်း၍ P2P များ ထုတ်လုပ်တင်သွင်းလာမှုများကို ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ပါသည်။ မူးယစ်ဆေးဝါးအသွင်ပြောင်းထုတ်လုပ်နိုင်သည့် ဓာတုဗေဒပညာရပ်များနှင့် ဓာတုပစ္စည်းများ၏ လေ့လာတွေ့ရှိချက် များကို ထိုင်းနိုင်ငံနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ပါသည်။

မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ဆောင်ရွက်ရာတွင် ဆက်စပ်ချိတ်ဆက်နေသည့်ကဏ္ဍများကို ဟန်ချက်ညီတိုက်ဖျက်သွားနိုင်ရေးအတွက် ကမ္ဘာ့နိုင်ငံများ၊ ဒေသဆိုင်ရာအဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် လက်တွဲပူးပေါင်းဆောင်ရွက်သွားရန် အမြဲအသင့်ရှိနေပြီး သတင်းအချက်အလက်များကို အချိန်နှင့်တစ်ပြေးညီ ပိုမိုမြှင့်တင် ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။ အထူးသဖြင့် မြန်မာ-ထိုင်းနှစ်နိုင်ငံအကြား မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှုများအပြင် ထိန်းချုပ်ဓာတုပစ္စည်းများ အသွင်ပြောင်း ပရီကာဆာဓာတုပစ္စည်းများ တရားမဝင် ဝင်ရောက်မှုမရှိစေရေး ထိန်းချုပ်ဆောင်ရွက်ခြင်း၊ နိုင်ငံဖြတ်ကျော်မူးယစ်ဂိုဏ်းအဖွဲ့များ၊ မူးယစ်တရားခံပြေးများနှင့်ပတ်သက်၍ သတင်းဖလှယ်ခြင်း၊ မူးယစ်ဆေးဝါးများ၊ ဓာတုပစ္စည်းများ လေ့လာဆန်းစစ်ခြင်း၊ ရေရှည်အစားထိုး ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအတွက် ပူးပေါင်းဆောင်ရွက်ခြင်းတို့ ပြုလုပ်ရန် လိုလားလျက်ရှိပါသည်။

အိန္ဒိယ-မြန်မာ နှစ်နိုင်ငံ မူးယစ်ဆေးဝါးပူးပေါင်းထိန်းချုပ်ရေး ဆောင်ရွက်မှုအနေဖြင့် ဒေသတွင်း ဘိန်းဖြူသယ်ဆောင်ရောင်းဝယ်မှု၊ မူးယစ်ဆေးဝါးများနှင့် စိတ်ပြောင်းဆေးဝါးများ၊ တရားမဝင် ထုတ်လုပ် သည့်စက်ရုံများနှင့် လျှို့ဝှက်ဓာတ်ခွဲခန်းများ၊ မက်သ်အဖက်တမင်း (Methamphetamine) သယ်ဆောင်ရောင်းဝယ်ခြင်း၊ နယ်စပ်ဒေသများတွင် ဘိန်းပင်နှင့်ဆေးခြောက်ပင် တရားမဝင် စိုက်ပျိုးခြင်းတို့နှင့်ပတ်သက်၍ သတင်းအချက်အလက်ဖလှယ်ခြင်းဆိုင်ရာကိစ္စရပ်များတွင် ပူးပေါင်းထိန်းချုပ်ရေး ဆောင်ရွက်လျက်ရှိပါသည်။

ဒေသတွင်း မူးယစ်ဆေးဝါးအခြေအနေကို ပြန်လည်သုံးသပ်ကြည့်ပါက မူးယစ်ဆေးဝါး သုံးစွဲမှုမြင့်တက်လာမှုနှင့်အတူ ဈေးကွက်ချဲ့ထွင်လာမှု၊ နိုင်ငံဖြတ်ကျော် မူးယစ်ရာဇဝတ်ဂိုဏ်းများ ပါဝင်ပတ်သက်လာမှုများကြောင့် မူးယစ်ဆေးဝါးချက်လုပ်သည့်နည်းလမ်းများ ပြောင်းလဲလာခြင်းနှင့် သန့်စင်မှုရာခိုင်နှုန်းမြင့်တက်လာခြင်း၊ အမြောက်အမြားထုတ်လုပ်လာမှုများကြောင့် ဈေးနှုန်းကျဆင်းလာခြင်းများနှင့် သုံးစွဲမှုမြင့်တက်လာခြင်းဟူသော သံသရာစက်ဝန်း လည်ပတ်နေလျက်ရှိသည်။

မြန်မာနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်းနိုင်ငံများအနေဖြင့် တားဆီးနှိမ်နင်းရေးလုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်နေမှုများကြောင့် ဖမ်းဆီးရမိမှုများ မြင့်တက်နေသော်လည်း ထုတ်လုပ်မှု၊ သယ်ဆောင်ရောင်းဝယ်မှုများ လျော့ကျသွားခြင်းမရှိသည်ကို အထူးဂရုပြုစောင့်ကြည့်သွားရန် လိုအပ်ကြောင်း သိရှိရပါသည်။

သို့ဖြစ်သောကြောင့် နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတည်ငြိမ်အေးချမ်းသာယာဝပြောရေး၊ ဖွံ့ဖြိုးတိုးတက်ရေးကို ကြိုးပမ်းဆောင်ရွက်နေချိန်တွင် ကမ္ဘာ့လူသားမျိုးနွယ်တစ်ရပ်လုံးကို လူညွန့်တုံးအောင် အန္တရာယ်ပေးလျက်ရှိသည့်အပြင် နိုင်ငံတော်၏လုံခြုံရေးကိုပါ ခြိမ်းခြောက်လျက်ရှိသည့် မူးယစ်ဆေးဝါးအန္တရာယ်များကို ပြည်သူများနှင့် လက်တွဲပူးပေါင်းကာ အမျိုးသားရေးတာဝန်အဖြစ် ခံယူပြီး အရှိန်အဟုန်မြှင့် တိုက်ဖျက်နှိမ်နင်းလျက်ရှိပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။ ။