ရန်ကုန် ဇွန် ၁၇
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထိန်လင်းသည် ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ် သိမ်ဖြူလမ်းရှိ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန စုပေါင်းခန်းမ၌ ဝန်ကြီးဌာန အောက်ဌာနများဖြစ်သည့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေး ဦးစီးဌာန၊ မီဒီယာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် သတင်းနှင့်စာနယ်ဇင်းလုပ်ငန်းတို့မှ ဝန်ထမ်းများနှင့် တွေ့ဆုံသည်။
တွေ့ဆုံပွဲသို့ ရန်ကုန်တိုင်းဒေသကြီး ပြန်ကြားရေး၊ ကယ်ဆယ်ရေးနှင့်သာသနာရေးဝန်ကြီး၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဝန်ထမ်းများတက်ရောက်ကြသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက မိမိတို့ဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်၏ နား၊ မျက်စိသဖွယ် ဆောင်ရွက်ပြီး နိုင်ငံတော်က ဆောင်ရွက်နေသည်များကို ပြည်သူများသိရှိအောင် ဆောင်ရွက်ပေးရ မည်ဖြစ်ပါကြောင်း၊ မိမိတို့ဖော်ပြသည့် သတင်းများသည် အထောက်အထားခိုင်လုံသော ဖော်ပြချက်များ ဖြစ်ရန်လိုပါကြောင်း၊ သာမန်ရုံးဌာနတစ်ခုလို ဆောင်ရွက်၍မရဘဲ မီဒီယာအဖွဲ့အစည်းများ၊ စာပေ၊ အနုပညာရှင်များနှင့်လည်း ပူးပေါင်းဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း၊ နိုင်ငံပိုင်မီဒီယာအဖွဲ့အစည်း ဖြစ်သည့် အားလျော်စွာ နိုင်ငံတော်၏ အကျိုးစီးပွား၊ နိုင်ငံတော်အစိုးရ၏ မျှော်မှန်းချက်များကို ဖော်ဆောင်ရမည်ဖြစ်ပါကြောင်း၊ မိမိတို့အားလုံးက မိသားစုစိတ်ဓာတ်ဖြင့် စည်းစည်းလုံးလုံး ညီညီညွတ်ညွတ် ပူးပေါင်းဆောင်ရွက်ပါက အောင်မြင်မည်ဖြစ်ပါကြောင်း ပြောကြားသည်။
နံနက်ပိုင်းကလည်း ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ မြန်မာနိုင်ငံသတင်းမီဒီယာ ကောင်စီဥက္ကဋ္ဌ ဒေါက်တာတင်ထွန်းဦးနှင့် ကောင်စီဝင်များအား တွေ့ဆုံသည်။
ထိုသို့ တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက နည်းပညာခေတ်တွင် သတင်းအချက်အလက်များကို အချိန်နှင့် တစ်ပြေးညီ ရရှိစေရန်နှင့် သတင်းတု၊ သတင်းမှားများကို ချေဖျက်ရန် ဝိုင်းဝန်းပြီး ဆောင်ရွက်ကြရေး၊ မကြာမီ မီဒီယာဥပဒေရေးဆွဲရန်ရှိသဖြင့် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီအနေဖြင့် ဝိုင်းဝန်းအကြံပြု ကြပါရန်နှင့် မီဒီယာအလုပ်ရုံဆွေးနွေးပွဲများ၊ တွေ့ဆုံပွဲများကိုလည်း ကျင်းပသွားရန် အစီအစဉ်ရှိပါ ကြောင်း ပြောကြားသည်။
ယင်းနောက် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက သတင်းမီဒီယာကောင်စီ၏ လုပ်ငန်းဆောင်ရွက်နေမှုများနှင့် မီဒီယာဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက ဆွေးနွေးတင်ပြချက်များအပေါ် ဖြည့်စွက်ဆွေးနွေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။
သတင်းစဉ်