လိုင်စင်ပျက်ပြယ်ဧည့်လမ်းညွှန်မွမ်းမံ သင်တန်း (အမှတ်စဉ်-၁၃) ဖွင့်လှစ်မည်

လိုင်စင်ပျက်ပြယ်ဧည့်လမ်းညွှန်မွမ်းမံ သင်တန်း (အမှတ်စဉ်-၁၃) ဖွင့်လှစ်မည်

 

ရန်ကုန် ဇွန် ၁၄

 

​ဧည့်လမ်းညွှန်လုပ်ကိုင်ခွင့်လိုင်စင် သက်တမ်းတိုးရန်ပျက်ကွက်ခဲ့သဖြင့် လိုင်စင်ဖျက်သိမ်းခံခဲ့ရသော ဧည့်လမ်းညွှန်များအတွက် “လိုင်စင်ပျက်ပြယ် ဧည့်လမ်းညွှန်မွမ်းမံသင်တန်း အမှတ်စဉ် (၁၃)”ကို ဇူလိုင်လအတွင်း ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဟိုတယ်နှင့်ခရီးသွားလာရေးညွှန်ကြားမှုဦးစီးဌာနက အသိပေးထုတ်ပြန်ထားသည်။

 

အဆိုပါသင်တန်းကို ဇူလိုင် ၁၆ ရက်မှ ၂၅ ရက်အထိ ဖွင့်လှစ်သင်ကြားမည်ဖြစ်ပြီး လိုအပ်သော စာရွက်စာတမ်းများနှင့်အတူ စည်းကမ်းထိန်းသိမ်းရေးနှင့် လေ့ကျင့်ရေးဌာနခွဲ (CTD) သို့ ရုံးချိန်အတွင်း လူကိုယ်တိုင်လာရောက်လျှောက်ထားနိုင်သကဲ့သို့ tts.yangon@gmail.com သို့ အီးမေးလ်ပေးပို့၍လည်း လျှောက်ထားနိုင်ကြောင်း သိရသည်။

 

ခရီးသွားဧည့်လမ်းညွှန်များအနေဖြင့် နိုင်ငံတော်အစိုးရက တရားဝင်ထုတ်ပေးထားသော ဧည့်လမ်းညွှန် လုပ်ငန်း လုပ်ကိုင်ခွင့်လိုင်စင်ရှိရမည်ဖြစ်ပြီး လိုင်စင်မရှိဘဲလုပ်ကိုင်ပါက ဟိုတယ်နှင့်ခရီးသွားလာရေး ဥပဒေဆိုင်ရာလုပ်ထုံးလုပ်နည်းများအရ ထောင်ဒဏ်သုံးနှစ်နှင့် ဒဏ်ငွေကျပ် ၅၀၀၀၀ အထိ အရေးယူခံ ရမည်ဖြစ်သည်။ ဒေသဆိုင်ရာဧည့်လမ်းညွှန်များ လိုင်စင်မရှိဘဲလုပ်ကိုင်နေသည်ကိုတွေ့ရှိပါက ဟိုတယ်နှင့် ခရီးသွားလာရေးညွှန်ကြားမှုဦးစီးဌာနသို့ အထောက်အထား အပြည့်အစုံဖြင့် တိုင်ကြားနိုင် ကြောင်း သိရသည်။ ​

 

လုပ်ငန်းလိုင်စင်သက်တမ်းကို အခြေခံအားဖြင့် နှစ်နှစ်သတ်မှတ်ထားသော်လည်း လုပ်ငန်းခေတ္တအနား ယူသွားသော ဧည့်လမ်းညွှန်များအတွက်မူ လေးနှစ်သက်တမ်းအထိ ထပ်မံသက်တမ်းတိုးနိုင်ရန် စီစဉ်ဆောင်ရွက်ပေးထားကြောင်း ဌာန၏ထုတ်ပြန်ချက်အရ သိရသည်။ လက်ရှိတွင် ဒေသဆိုင်ရာ ဧည့်လမ်းညွှန်သင်တန်းများကို မန္တလေး၊ ပုဂံ၊ တောင်ကြီး၊ ကျိုင်းတုံနှင့် တာချီလိတ်မြို့တို့၌ ဖွင့်လှစ်ပေး လျက်ရှိသည်။ သက်ဆိုင်ရာ၏ ယမန်နှစ်စာရင်းများအရ ဒေသဆိုင်ရာသင်တန်းဆင်း ၁၆၀၀ ကျော်နှင့် ခရီးသွားလုပ်ငန်းဆိုင်ရာ သင်တန်းခွဲများမှ သင်တန်းဆင်း ၃၇၀၀ ကျော် စုစုပေါင်း ၅၀၀၀ ကျော်ကို လုပ်ငန်းလိုင်စင် ထုတ်ပေးထားပြီးဖြစ်ကြောင်းနှင့် ယခင်နှစ်များက ခရီးသွားဧည့်လမ်းညွှန် ၈၇၀၀ ကျော်အထိရှိခဲ့ကြောင်း သိရသည်။

TWA