MSME များ ဖွံ့ဖြိုးတိုးတက်လာစေရေး တိုင်းဒေသကြီးနှင့် ပြည်နယ်များ ကြိုးပမ်း

mmal 11-6-2026

 

 

မြန်မာနိုင်ငံတွင် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ (MSME)သည် နိုင်ငံ့ စီးပွားရေးလုပ်ငန်းများ၏ ၉၉ ရာခိုင်နှုန်းကို ကိုယ်စားပြုလျက်ရှိရာ နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး အတွက် အဓိကအရေးပါသည့် အခန်းကဏ္ဍ၌ တည်ရှိနေသည်။ ထို့အပြင် ပြည်တွင်းအလုပ် အကိုင်အခွင့်အလမ်း ဖန်တီးပေးနိုင်မှုအတွက်လည်း အဓိကအရေးပါလျက်ရှိရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့တွင် MSME များ တည်ထောင်လုပ်ကိုင်ကြရန်နှင့် ဖွံ့ဖြိုးတိုးတက်ရန် အရေးကြီးသည်။ MSME လုပ်ငန်းများသည် ဒေသစီးပွားဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝမြင့်မားရေးအတွက် အရေးပါသည့်အလျောက် လုပ်ငန်းများထူထောင်လုပ်ကိုင်ကြစေရန် အားပေးဖို့လိုသည်။

 

“နိုင်ငံ၏စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပကတိအခြေအနေနှင့် ကိုက်ညီသည့် စီးပွားရေး လုပ်ငန်းမှာ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး(MSME) လုပ်ငန်းများပင်ဖြစ်ကြောင်း၊ ထို့ကြောင့် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရေး တိုင်း ဒေသကြီးနှင့် ပြည်နယ်များအလိုက် ကြိုးပမ်းဆောင်ရွက်သွားကြ ရန်လိုကြောင်း၊ ဒေသတွင်းမှ ထွက်ရှိသည့် ကုန်ကြမ်းများဖြင့် MSME ကုန်ထုတ်လုပ်ငန်းများကို ဆောင်ရွက်ရမည်ဖြစ်ကြောင်း” ဇွန် ၉ ရက်က ကျင်းပသည့် ပြည်ထောင်စု အစိုးရအဖွဲ့ အစည်းအဝေးတွင် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က အမှာစကားပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။ နိုင်ငံတော်သမ္မတက ဆက်လက်၍ “စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သကဲ့သို့ MSME ကုန်ထုတ်လုပ်ငန်းများကိုလည်း နိုင်ငံ၏ အဓိကစီးပွားရေးမောင်းနှင်အားတစ်ခုဖြစ်လာအောင် ဆောင်ရွက်သွားရန်လိုကြောင်း၊ နိုင်ငံ၏အခြေအနေ အရ MSME ကို ဗဟိုပြု၍ နိုင်ငံ၏စီးပွားရေးကို မြှင့်တင်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း” လည်း ပြောကြားခဲ့သည်။

 

သို့ဖြစ်ရာ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အသေးစား၊ အငယ်စား၊ အလတ်စားစီးပွားရေးလုပ်ငန်း (MSME)များ ဖွံ့ဖြိုးတိုးတက်ရန်နှင့် ထုတ်ကုန်များ မဖြစ်မနေ တိုးမြှင့်ထုတ်လုပ်နိုင်ရန် အစွမ်းကုန်ကြိုးပမ်းအားထုတ်သွားကြဖို့လိုသည်။ MSME လုပ်ငန်းများဟုဆို ရာတွင် ထုတ်လုပ်မှုကဏ္ဍ၊ ကုန်သွယ်မှုကဏ္ဍ၊ ဝန်ဆောင်မှုကဏ္ဍနှင့် အခြားကဏ္ဍများရှိနေကြရာ လက်ရှိနိုင်ငံ၏ အခြေအနေအရ ထုတ်လုပ်မှုကဏ္ဍကို ဦးစားပေးဆောင်ရွက် ကြရမည်ဖြစ်သည်။ မိမိတို့နိုင်ငံတွင် MSME လုပ်ငန်းပေါင်း ၄၀၀၀၀ ကျော်ရှိသည့်အနက် ထက်ဝက်ကျော်မှာ အစားအသောက် ထုတ်လုပ်သည့်လုပ်ငန်းများ ဖြစ်သည်ဟုသိရသည်။ လွန်ခဲ့သည့် နှစ်အနည်းငယ်က ပြုလုပ်ခဲ့သည့် စစ်တမ်းတစ်ရပ်တွင် မြန်မာနိုင်ငံရှိ MSME လုပ်ငန်းအများစုသည် ခေတ်နောက်ကျနေသည့် စက်အဟောင်းများ၊ တစ်ပတ်ရစ်များကို သုံးစွဲနေရကြောင်း၊ စားသောက်ကုန်ထုတ်လုပ်မှု သည် MSME လုပ်ငန်းများတွင် အများစုဖြစ်ပြီး တီထွင်ဆန်းသစ်မှုနှင့် ဆွဲဆောင်နိုင်မှုအပိုင်းတွင် အားအနည်းဆုံး ဖြစ်ကြောင်းတို့ ဖော်ပြထားခဲ့ရာ လက်ရှိအခြေအနေတွင် တိုးတက်မှုတို့ကို တွေ့မြင်လာရပြီ ဖြစ်သော်လည်း ယခုထက်ပိုမို၍ နိုင်ငံတကာဈေးကွက်တွင် ယှဉ်ပြိုင်နိုင်သည်အထိ ဆက်လက်ကြိုးပမ်း သွားကြရမည်ဖြစ်သည်။

 

MSME ကုန်ထုတ်လုပ်ငန်းများ၏ အဓိကလိုအပ်ချက်မှာ ကုန်ကြမ်း၊ သွင်းအားစု၊ အရင်းအနှီးနှင့် လူသားအရင်းအမြစ်များဖြစ်ပြီး လျှပ်စစ်၊ မြေယာ၊ နည်းပညာ၊ ဈေးကွက် စသည့် တောင်းဆိုမှုများ ရှိသည်ကိုလည်း တွေ့ရသည်။ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရာတွင် ဒေသတွင်းမှထွက်ရှိသည့် ကုန်ကြမ်းများဖြင့် MSME ကုန်ထုတ်လုပ်ငန်းများဆောင်ရွက်ရန် လမ်းညွှန်ထားရာလိုအပ်သည့် ကုန်ကြမ်းများ စဉ်ဆက်မပြတ် ရရှိရေး စီမံဆောင်ရွက်ထားရန်လိုသည်။ နိုင်ငံတော်အစိုးရက MSME လုပ်ငန်းများ နိုင်ငံတကာ ဈေးကွက်သို့ ပိုမိုချိတ်ဆက်နိုင်စေရန် နည်းပညာ အသုံးချမှု၊ ဒီဂျစ်တယ်ဈေးကွက်နှင့် ဆက်သွယ်မှုတို့ ပိုမိုပြုလုပ်နိုင်စေရေးအတွက် ဆောင်ရွက်ပေး လျက်ရှိသကဲ့သို့ ချေးငွေ၊ နည်းပညာ ပံ့ပိုးမှုတို့ကိုလည်း တိုးတက်ဆောင်ရွက်ပေးလျက်ရှိသည်။ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှုကုန်ထုတ်လုပ်ငန်းများအတွက် လိုအပ်သော လူသားအရင်းအမြစ်များ ရရှိနိုင်ရန် စိုက်/ မွေး/ စက်မှု အသက်မွေးဝမ်းကျောင်းပညာများ သင်ကြားပေးသည့် အထက်တန်းကျောင်းများ ဖွင့်လှစ်ပေးထားသကဲ့သို့ တက်ရောက်ပညာသင်ကြား နေကြသည့် ကျောင်းသူ ကျောင်းသားများလည်း ရှိနေကြသည်။

 

ယနေ့ မိမိတို့နိုင်ငံရှိ ဝယ်ယူစားသုံးသူဈေးကွက်တွင် အိမ်နီးချင်း နိုင်ငံများရှိ MSME လုပ်ငန်းများက ထုတ်လုပ်လိုက်သည့် လူသုံး၊ အိမ်သုံး၊ စားသုံးကုန် ပစ္စည်းမျိုးစုံတို့ကို တွေ့ရှိနိုင်သည်။ အဆိုပါ ကုန်ပစ္စည်း များသည် မိမိတို့နိုင်ငံတွင်လည်းရှိနေသည့် ကုန်ကြမ်း၊ ရှိနေသည့် နည်းပညာများဖြင့် ထုတ်လုပ်နိုင်သည့် အလျောက် ကုန်ထုတ်လုပ်ငန်းများ ထူထောင်လုပ်ကိုင်ကြခြင်းဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်း စွမ်းဆောင်ကြရပါမည့်အကြောင်း။ ။