ကာဗွန်ထုတ်လွှတ်မှု လျှော့ချရေးအတွက် လျှပ်စစ်ယာဉ်များကို ပြောင်းလဲအသုံးပြုရန် ကမ္ဘောဒီးယားဝန်ကြီး တိုက်တွန်း

 

ဖနောင်ပင်  ဇွန်  ၉

ကမ္ဘောဒီးယားနိုင်ငံ၏  ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး  အီအန် ဆိုဖာလက်သ်က ကာဗွန်ဒိုင်အောက်ဆိုဒ်ထုတ်လွှတ်မှုများကို လျှော့ချရန်၊ လေထုအရည်အသွေးမြှင့်တင်ရန်နှင့် ရုပ်ကြွင်းလောင်စာများအပေါ် မှီခိုနေရမှုကို လျှော့ချနိုင်ရန်အတွက် လျှပ်စစ်ယာဉ်(EV)များကို  ပိုမိုအသုံးပြုကြရန် ပြည်သူများအား တိုက်တွန်းလိုက်ကြောင်း သိရသည်။

လျှပ်စစ်ယာဉ်များသည် နည်းပညာဆိုင်ရာ ဆန်းသစ်တီထွင်မှုတစ်ခုသာမက သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများကို ဖြေရှင်းပေးနိုင်မည့် အရေးပါသော နည်းလမ်းတစ်ရပ်လည်းဖြစ်ကြောင်း ၎င်းက ပြောကြားသည်။ ကမ္ဘောဒီးယားနိုင်ငံ၌ လျှပ်စစ်ယာဉ်အသုံးပြုမှုမြှင့်တင်ရေးအတွက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနနှင့် One Road ကုမ္ပဏီတို့အကြား  နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပွဲသို့  တက်ရောက်စဉ်  ၎င်းက ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ကမ္ဘောဒီးယားနိုင်ငံသည် ၂၀၃၅ ခုနှစ်တွင် မှန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုကို  ၅၅  ရာခိုင်နှုန်းအထိ လျှော့ချရန်နှင့် ၂၀၅၀ ပြည့်နှစ်တွင် ကာဗွန်ကင်းစင်သည့်နိုင်ငံ ဖြစ်လာစေရန် ရည်မှန်းထားကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။

အစိုးရတစ်ရပ်တည်းအနေဖြင့် အဆိုပါပန်းတိုင်ကို  အကောင်အထည်ဖော်ရန် လုပ်ဆောင်နိုင်မည်မဟုတ်ကြောင်း၊ ပုဂ္ဂလိကကဏ္ဍများ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ ပညာရေးဆိုင်ရာအဖွဲ့အစည်းများ၊ လူထုအသိုင်းအဝိုင်းနှင့် နိုင်ငံသားတိုင်း တက်ကြွစွာပူးပေါင်းပါဝင်ဆောင်ရွက်ရန် လိုအပ်ကြောင်း ၎င်းက  မှတ်ချက်ပြုသည်။

ကမ္ဘောဒီးယားပြည်သူ့လုပ်ငန်းနှင့်   သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ၂၀၂၁ ခုနှစ်နှင့် ၂၀၂၆ ခုနှစ်အကြား လျှပ်စစ်ကား ၁၁၆၅၆ စီးကို မှတ်ပုံတင်နိုင်ခဲ့ကြောင်း၊ ထို့ပြင်  ယင်းကာလအတွင်း ကမ္ဘောဒီးယားနိုင်ငံသည် လျှပ်စစ်မော်တော်ဆိုင်ကယ် ၃၈၃၂ စီးနှင့် သုံးဘီးတပ် လျှပ်စစ်ယာဉ် ၇၂၂   စီးကိုလည်း မှတ်ပုံတင်နိုင်ခဲ့ကြောင်း သိရသည်။                                                 

ဆင်ဟွာ