ရွှေစင်
ကျွန်မတို့ရဲ့ဝန်းကျင်မှာ မူးယစ်ဆေးဝါးနဲ့ပတ်သက်ပြီး ဝမ်းနည်းစရာ၊ စိတ်မကောင်းစရာ၊ နာကြည်းစရာတွေကြားရ၊ တွေ့ရအများအပြားရှိနေခဲ့တာကြာပါပြီ။ တစ်ခါက မိတ်ဆွေတစ်ယောက်ရဲ့ အသိတစ်ယောက် စိတ်ကြွရူးသွပ်ဆေးကြောင့် အဖမ်းခံလိုက်ရတဲ့သတင်း၊ ကျောင်းနေဖက် ငယ်သူငယ်ချင်းတစ်ယောက် ဆေးစွဲပြီး ကျန်းမာရေးထိခိုက်သွားရတဲ့ သတင်းတွေ ကြားသိခဲ့ရပါတယ်။
ဒီလို စိတ်မချမ်းသာစရာအဖြစ်တွေကြောင့် လွန်ခဲ့တဲ့တစ်နှစ်လောက်က Happy Water နဲ့ပတ်သက်ပြီး ပညာပေးဆောင်းပါးတစ်ပုဒ်ရေးဖြစ်ခဲ့ပါသေးတယ်။ တကယ်တော့မူးယစ်ဆေးဝါးက လူမှုစီးပွားဘဝ ဆိုးကျိုးသက်ရောက်မှုနဲ့အတူ ဘေးဒုက္ခကြီးတစ်ခုပါ။ မူးယစ်ဆေးဝါးကြောင့် ကိုယ့်ကိုယ်ကိုယ် အရှုံးပေးလိုက်ရတဲ့ဘဝတွေ၊ စီးပွားပျက်၊ ပညာရေးဆုံးခန်းမတိုင်၊ နိုင်ငံ့အရင်း အမြစ်တွေဆုံးရှုံး၊ နောက်ဆုံးကမ္ဘာလုံးဆိုင်ရာ ပြဿနာကြီးအထိ ကြီးထွားလာရပါတယ်။ ပဋိပက္ခတွေဖြစ်ကြရတယ်။ နောက်ဆက်တွဲဆိုးကျိုးတွေ၊ သက်ရောက်မှုတွေ ဘာတစ်ခုမှကောင်းတာမရှိတဲ့ ဒီမူးယစ်ဆေးဝါးအကြောင်း၊ ပညာပေးရမှာက ကျွန်မတို့ရဲ့ အမျိုးသားရေးတာဝန်တစ်ရပ် ဖြစ်လာပါတယ်။
ထိရောက်မှုနှင့် သက်ရောက်မှုကို ဆန်းစစ်ကြည့်သည့်အခါ
တကယ်တော့ ယနေ့ခေတ်လူမှုအသိုင်းအဝိုင်းမှာ မူးယစ်ဆေးဝါးပြဿနာဆိုတာက လူသားတွေရဲ့အနာဂတ်ကို ခြိမ်းခြောက်နေတဲ့အန္တရာယ်ကြီးတစ်ရပ်အဖြစ် တည်ရှိနေဆဲပါ။ ကမ္ဘာတစ်ဝန်း မူးယစ်ဆေးဝါးအလွဲသုံးစားမှု၊ တရားမဝင်ရောင်းဝယ်မှုတွေကို တိုက်ဖျက်နေပေမယ့် စိတ်ကိုလှုံ့ဆော်စေတဲ့ ဆေးဝါး၊ စိတ်ကိုငြိမ်စေ၊ ကြွစေ၊ ချောက်ချားရူးသွပ်စေတဲ့ ဆေးဝါးတွေရဲ့ အန္တရာယ်က မရပ်မစဲ တိုးပွားလာနေပါတယ်။ ဒါကြောင့် မူးယစ်ဆေးဝါးရဲ့ ဆိုးကျိုးတွေကို သတင်းစာ၊ စာစောင်မျိုးစုံနဲ့ Social Media တွေကတစ်ဆင့် ပုံစံအမျိုးမျိုးနဲ့ အသိပညာပေးရေးသားပြောဆို နေကြတာ အားလုံးအသိပဲဖြစ်ပါတယ်။
ဒါပေမယ့် အမှန်တကယ်ထိရောက်ပါရဲ့လား။ မူးယစ်ဆေးဝါးဆိုတာ အစကတည်းက မသုံးသင့်တဲ့ အရာ၊ လက်တည့်မစမ်းသင့်တဲ့ အန္တရာယ်တစ်ခု၊၊ အစပြုလိုက်တာနဲ့ တစ်ပြိုင်နက် ဆုံးရှုံးနစ်နာမှု အနန္တကိုဖြစ်စေပြီး လူတစ်ဦးရဲ့ဘဝလမ်းကြောင်းကိုပါ လုံးဝပြောင်းလဲပစ်နိုင်တဲ့ ဘေးတစ်ခုရယ်လို့ ပညာတွေပေးနေ၊ အပြစ်ပေးအရေးယူ၊ ထုတ်လုပ်မှုကို အပြင်းအထန် တိုက်ဖျက်နေကြတယ်။ ဒါပေမယ့်လည်း အထက်မှာဆိုခဲ့သလို ထိရောက်မှုနဲ့ သက်ရောက်မှု အခြေအနေကို ဆန်းစစ်ကြည့်တဲ့အခါ…။
နောက်ဆက်တွဲဆိုးကျိုးတွေကို သိထားမှသာ
တစ်ခါက မိမိပတ်ဝန်းကျင်မှာ ကြုံခဲ့ရတာလေး တစ်ခုပြန်လည်မျှဝေချင်ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် ထင်ယောင်ထင်မှားဖြစ်ပြီး အထင်အမြင်မှားယွင်းမှုကြောင့် လူသေဆုံးမှုဖြစ်တဲ့အထိ အချင်းချင်းတိုက်ခိုက်မှုဖြစ်ရတဲ့ တရားခံကအရက်နဲ့ မူးယစ်ဆေးသုံးစွဲထားလို့ပါတဲ့။ ရန်ပွဲများနဲ့ မလိုလားအပ်တဲ့ပြစ်မှုတွေ ကျူးလွန်လာကြခြင်းကို စိတ်ကြွရူးသွပ်ဆေးများသုံးစွဲခြင်းနဲ့ ဆက်စပ်မိလိုက်ပါတယ်။
ဘယ်သူတစ်ဦးတစ်ယောက်ကိုမှ ရန်လိုခြင်းမပြုတဲ့တိုင် သုံးစွဲသူကိုယ်တိုင်ပဲ မူးယစ်နေတဲ့အတွက် အသိဉာဏ်ဆုံးရှုံးပြီး မကောင်းတဲ့ဘက်ကို ရောက်သွားရတဲ့အဖြစ်တွေ၊ မိသားစုအတွက်သာမက ပတ်ဝန်းကျင်အတွက်ရော တိုင်းပြည်အတွက်ပါ ဘယ်လောက်နစ်နာနေကြပြီလဲ။ မိမိလူမျိုးအတွက်ပါ လူ့အဖွဲ့အစည်းမှာပါ တန်ဖိုးမဲ့သူတစ်ယောက်အဖြစ် ရောက်မှန်းမသိရောက်ရှိသွားရတဲ့အနေအထားတွေ။ နောက်ဆုံး မိမိရဲ့အသက်အန္တရာယ်ကိုပါ ခြိမ်းခြောက်လာနေကြောင်း မသိမဖြစ်သိထားရပါမယ်။
ခေတ်ရေစီးကြောင်းအရ နောက်ထပ်ပြဿနာတစ်ခုက မူးယစ်ဆေးဝါးသုံးစွဲခြင်းနဲ့အတူ နောက် ဆက်တွဲပါလာတဲ့ အွန်လိုင်းလောင်းကစားပြဿနာပါပဲ။ အနိုင်အရှုံးကို မစဉ်းစားနိုင်ဘဲ ထပ်ကာထပ်ကာ တစ်ပွဲပြီးတစ်ပွဲ လောင်းကစားပြုလုပ်နေသူတွေကို တွေ့ဖူးပါတယ်။ လောဘအပြင် မူးယစ်ဆေးဝါးလွှမ်းမိုးမှုပါ ပါဝင်နေတယ်ဆိုတာ သိကြပါရဲ့လား။ အကျိုးဆက်က ယနေ့လူငယ်တွေရဲ့လက်ရှိနဲ့ အနာဂတ်ဘဝတွေ ပိုမိုထိခိုက်သွားရပြီး မိသားစုဝင်တွေကိုပါ ဆင်းရဲတွင်းဆီ ဆွဲချသွားစေနိုင်တဲ့အထိကို သိရှိနားလည်ထားရပါမယ်။
ပုံစံမျိုးစုံနှင့် အစုံအစုံ
မြန်မာနိုင်ငံမှာ မူးယစ်ဆေးဝါးအမျိုးအစား ပေါင်းများစွာရှိတဲ့အနက် အားလုံးကြားဖူးတဲ့ ဘိန်းဖြူ၊ ဘိန်းမည်း၊ WY ၊ ICE ၊ Happy Water ၊ Ketamine (K)၊ Ecstasy (E) စတာတွေကို အများဆုံး အသုံးပြုနေတာကို တွေ့ရှိရပါတယ်။ ဒီမူးယစ် ဆေးဝါးမျိုးစုံ၊ ပုံစံမျိုးစုံကို နေရာစုံမှာ ဈေးပေါပေါနဲ့ အလွယ်တကူ ရရှိနေပါသလား၊ ယခုလိုအခြေအနေများကပဲ မူးယစ်ဆေးသုံးစွဲသူ အရေအတွက်ကို တိုးပွားလာစေတဲ့ အဓိကအကြောင်းရင်းတစ်ရပ်ဖြစ်နေပါသလား၊ စဉ်းစားမိပါတယ်။ အထူးသဖြင့် မူးယစ်ဆေးဝါးအန္တရာယ်ကို မသိရှိသေးတဲ့ လူငယ်တွေဟာ အလွယ်တကူ လှည့်ဖြားခံရနိုင်တဲ့အတွက် မူးယစ်ဆေးရောင်းချသူတွေရဲ့ ပစ်မှတ်ဖြစ်လာနေပါတယ်။ ဒါ့အပြင် မူးယစ်ဆေးသုံးစွဲတဲ့ သူငယ်ချင်း၊ မိတ်ဆွေတွေရဲ့ သွေးဆောင်ဖြားယောင်းမှုကတစ်ဆင့် အလွယ်တကူရောင်းချသုံးစွဲသူအဖြစ် ရောက်ရှိသွားနိုင်တာကိုလည်း သိရှိထားရမှာဖြစ်ပါတယ်။
ယခုခေတ်မှာ ကျွန်မတို့သိတဲ့ မူးယစ်ဆေး အမျိုးအစားတွေက စိတ်ကြွဆေးတင်မက Happy Water အထိ ကြားဖူးနားဝ ဖြစ်လာနေပါတယ်။ “ပျော်ရွှင်ဆေးရည်”လို့ အမည်လှလှပေးထားပေမယ့် အဲဒီဆေးရည်ရဲ့ နောက်ကွယ်မှာတော့ သေခြင်းတရားရဲ့ အရိပ်မည်းက ကပ်ငြိရပ်တည်နေပါတယ်။ Happy water ဆိုတဲ့အရာက အခြားဆေးတွေလို အမှုန့်သဏ္ဌာန်ပါပဲ။ ရေ၊ အချိုရည်၊ ဘီယာ တစ်မျိုးမျိုးနဲ့ ရောစပ်သောက်လိုက်ရင် အချိန်တိုအတွင်း ပေါ့ပါးလန်းဆန်းပြီး စိတ်တွေပျော်ရွှင်လာမယ်၊ လူကို အလွန်အမင်း တက်ကြွသွားစေတယ်၊ ကချင်ခုန်ချင်စိတ် ဖြစ်သွားတယ်လို့ ဆိုပါတယ်။
ဒါကြောင့် Night Life လူငယ်တွေကြားမှာ Happy water က ရေပန်းစားလာပြီး အဲဒါကို သောက်သုံးမှသာ ခေတ်မီတဲ့အထိ အထင်ရောက် သွားခြင်းဖြစ်ပါတယ်၊၊ လူငယ်တွေအတွက် လမ်းမှားအစတစ်ခုပါပဲ။ ခန္ဓာကိုယ်နဲ့ဦးနှောက်ကိုပျက်စီးစေတဲ့ ဆေးရဲ့အစွမ်းသတ္တိကပဲ လူငယ်တွေကို ရုတ်တရက် အသက်ဆုံးရှုံးနိုင်တယ်ဆိုတာ သိလိုက်ရတဲ့အချိန်မှာ အများကြီး နောက်ကျသွားပါပြီ။ သောက်သုံးပြီးချိန်မှာ ခန္ဓာကိုယ်က လန်းဆန်းတက်ကြွနေပေမယ့် ဆေးရှိန်ကျသွားတာနဲ့ ပင်ပန်းနွမ်းနယ်မှုကို အလွန်အမင်းခံစားရတယ်လို့ဆိုပါတယ်။ ဆေးရည်သောက်သုံးမှုပမာဏများသွားခဲ့ရင်လည်း ကုသချိန်တောင်မရဘဲ ရုတ်တရက် အသက် သေဆုံးနိုင်တဲ့အထိ အသက်အန္တရာယ်ကြီးမားလှတဲ့အဆိပ်တွေပါ။
ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးရေးနှင့် ဆက်စပ်နေသည့် ပြဿနာ
ဘိန်းစိုက်ပျိုးမှုနဲ့ ဘိန်းဖြူထုတ်လုပ်မှုဟာ မြန်မာနိုင်ငံအတွက် အဓိကပြဿနာတစ်ခုဖြစ်ဆဲဖြစ်ပေမယ့် ယနေ့ခေတ်မှာ ပိုပြီးဆိုးလာတာက လူလုပ်မူးယစ်ဆေးဝါးတွေ (Synthetic Drugs) ထုတ်လုပ်မှုကို နေရာမရွေး ထုတ်လုပ်လာနိုင်ပြီး ထိန်းချုပ်ဖို့လည်းပိုမိုခက်ခဲနေပါတယ်။ ပြဿနာက ပြည်တွင်းငြိမ်းချမ်းရေးနဲ့လည်း နီးနီးကပ်ကပ် ဆက်စပ်နေခြင်းပါ။
လက်နက်ကိုင်ပဋိပက္ခ ဖြစ်ပွားတဲ့ဒေသတွေမှာ စီးပွားရေးအခွင့်အလမ်း နည်းပါးကြတဲ့အတွက် အမြတ်အစွန်း အလွယ်တကူရရှိတဲ့ မူးယစ်ဆေးဝါးထုတ်လုပ်ခြင်းနဲ့ ရောင်းဝယ်ဖောက်ကားခြင်းကို မထိန်းချုပ်နိုင်လောက်အောင် ဆက်လက်တည်မြဲနေတာမဆန်းပါဘူး။ ဒါ့အပြင် မူးယစ်ဆေးဝါးက လက်နက်ကိုင်အဖွဲ့အစည်းအချို့ရဲ့ အဖျက်လုပ်ရပ်အတွက် ဝင်ငွေရလမ်း အရင်းအမြစ်တစ်ခုအဖြစ် ရပ်တည်နေခြင်းပါပဲ။ ဒါ့ကြောင့် မူးယစ်ဆေးဝါးပြဿနာကို အမြစ်ပြတ်ဖြေရှင်းမယ်ဆိုရင် ငြိမ်းချမ်း ရေးတည်ဆောက်မှုနဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကိုပါ ဆက်စပ်လုပ်ဆောင်ရမယ်လို့ သဘောပေါက်ပါတယ်။
လက်နက်ကိုင်ပဋိပက္ခတွေ ဆက်လက်ရှိနေသရွေ့ မူးယစ်ဆေးဝါးထုတ်လုပ်သုံးစွဲမှုကလည်း ဆက်လက်တည်မြဲနေမယ့်သဘောပါ။ အကြောင်းက လက်နက်ကိုင်ပဋိပက္ခ များပြားလာတာနဲ့အမျှ စီးပွားရေးအခွင့်အလမ်းတွေ အကန့်အသတ်ဖြစ်လာပြီး လူမှုရေးအခက်အခဲတွေပါ တိုးပွားလာနိုင်တာ ကြောင့် ဒေသခံပြည်သူအချို့အနေနဲ့ ဖိအားမျိုးစုံနဲ့ အတူ မူးယစ်ဆေးသုံးစွဲမှုလမ်းမှားဆီ ရောက်သွားနိုင်ကြောင်းကိုတွေ့ရှိရမှာဖြစ်ပါတယ်။
တရားဥပဒေစိုးမိုးမှု အားနည်းခြင်းကို အခွင့်ကောင်းတစ်ခုအဖြစ်အသုံးချပြီး မူးယစ်ဆေးဝါးကို ရောင်းဝယ်ဖောက်ကားနေတဲ့ ဝိသမလောဘသားတစ်သိုက်ရှိနေခြင်းဟာ လူ့အဖွဲ့အစည်းအတွက်တော့ တကယ့်အန္တရာယ်ပါပဲ။ မူးယစ်ဆေးဝါးရောင်းဝယ်မှုကို ထိထိရောက်ရောက် တားဆီးနှိမ်နင်းတိုက်ဖျက်နိုင်ဖို့ဆိုရင် တရားဥပဒေစိုးမိုးရေးအားကောင်းဖို့လိုအပ်ကြောင်း တွေ့ရပါတယ်။ ဘိန်း စိုက်ပျိုးတဲ့ဒေသတွေမှာ ဘိန်းစိုက်ပျိုးမှု လျော့နည်းဖို့ဆိုရင် ဘိန်းအစားထိုး သီးနှံစိုက်ပျိုးရေးကို ထိထိရောက်ရောက် အကောင်အထည်ဖော်ဖို့လည်း အရေးကြီးပါတယ်။ ဘိန်းစိုက်ပျိုးမှုများပြားလာ နေခြင်းနဲ့ စီးပွားရေးအရ တွက်ခြေကိုက်ခြင်းကို ဖြတ်တောက်ရပါမယ်။ ဒီအချက်ကို ဘိန်းအစားထိုး သီးနှံစိုက်ပျိုးမှု အောင်မြင်ဖို့ အဓိကအခြေခံ အကြောင်းတရားအဖြစ် သတိထားမိပါတယ်။
မူးယစ်ဆေးဝါးပြဿနာဟာ မြန်မာလူငယ်ထုအပါအဝင် ကမ္ဘာ့လူသားများအတွင်းမှာပါ ယဉ်ကျေးမှုတစ်ရပ်လို စိမ့်ဝင်လွှမ်းခြုံလျက်ရှိနေကြောင်း ကျွန်မတင်ပြခဲ့ပြီးပါပြီ။ ဒါကြောင့် မူးယစ်ဆေးဝါးပြဿနာကို အမျိုးသားရေးပြဿနာ၊ အမျိုးသားရေးရန်သူအဖြစ်ခံယူပြီး ပြတ်ပြတ်သားသား၊ ထိထိရောက်ရောက် တိုက်ဖျက်ချေမှုန်းဖို့ အမှန်တကယ်လိုအပ်တာမို့ သုံးစွဲသူအများစုကို တားဆီးနှိမ်နင်းနေရုံသာမက ထုတ်လုပ်မှုနဲ့ရောင်းဝယ်မှုကိုပါ ထိထိမိမိ ပြတ်ပြတ်သားသား အရေးယူဆောင်ရွက်ရမှာဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ မူးယစ်ဆေးဝါးပြဿနာကို ထိန်းချုပ်နိုင်ဖို့ လွတ်လပ်ရေးရပြီး ၁၉၇၄ ခုနှစ်မှာ မူးယစ်ထုံထိုင်းဘေးဖြစ်စေတတ်သော ဆေးဝါးများဥပဒေဆိုပြီး ပြဋ္ဌာန်းခဲ့ပါတယ်။ ဒါ့အပြင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ကိုလည်း ၁၉၇၆ ခုနှစ်မှာဖွဲ့စည်းခဲ့ပါတယ်။ ခေတ်နဲ့လျော်ညီတဲ့ ဥပဒေဖြစ်ဖို့ ၁၉၉၃ ခုနှစ်မှာ အဲဒီဥပဒေကို ရုပ်သိမ်း၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေသော ဆေးဝါးများဆိုင်ရာ ဥပဒေအသစ်ကိုပြဋ္ဌာန်းခဲ့ပြီး အဲဒီဥပဒေကိုပဲ ၂၀၁၈ ခုနှစ်တွင် တစ်ကြိမ်၊ ၂၀၂၅ ခုနှစ်တွင် တစ်ကြိမ်နှစ်ကြိမ်တိုင်တိုင် ပြင်ဆင်ပြဋ္ဌာန်းခဲ့ပြီးပါပြီ။
ဒါပေမယ့် ဥပဒေတစ်ခုပြဋ္ဌာန်းရုံနဲ့ လုံလောက်ပါ့မလား။ အစိုးရနဲ့ ပြည်သူတို့ရဲ့ စေတနာပါပါ ပူးပေါင်းဆောင်ရွက်မှု၊ မိဘတွေရဲ့ အုပ်ထိန်းမှု၊ ပညာရေးကတစ်ဆင့်၊ ဘာသာရေးအသိတရားများ စိမ့်ဝင်ပျံ့နှံ့မှု၊ လူမှုအဖွဲ့အစည်းရဲ့ အသိပညာပေးမှု၊ တရားဥပဒေစိုးမိုးမှုတွေက အထူးအရေးကြီးလှပါတယ်။ ယခုလို ခေတ်သစ်၊ စနစ်သစ်မှာ စိတ်သစ်လူသစ်နဲ့ အနာဂတ်ကြယ်ပွင့်တွေဖြစ်တဲ့ လူငယ်တွေ မူးယစ်ဆေးမသုံး၊ လမ်းမှားမရောက်စေဖို့ ကြိုတင် ကာကွယ်တဲ့အနေနဲ့ မှန်ကန်တဲ့ လမ်းညွှန်မှုတွေ ထိထိရောက်ရောက်ပေးနိုင်ဖို့ အမှန်တကယ် လိုအပ်လျက်ရှိတာ ပေါ်လွင်နေပြီ ဖြစ်ပါတယ်။
မူးယစ်ဆေးဝါးပြဿနာဟာ လူတစ်ဦးချင်းရဲ့ ပြဿနာသာမက လူမျိုးတစ်မျိုး၊ နိုင်ငံတစ်နိုင်ငံရဲ့ အနာဂတ်ကိုပါ ခြိမ်းခြောက်နေတဲ့ အမျိုးသားရေး ပြဿနာကြီးတစ်ရပ် ဖြစ်တယ်ဆိုတာ မမေ့ကြဖို့လိုပါတယ်။ မူးယစ်ဆေးဝါးပြဿနာကို ဖြေရှင်းရာမှာ တရားဥပဒေစိုးမိုးမှု၊ အုပ်ချုပ်ရေးယန္တရားတွေ စနစ်တကျလည်ပတ်နိုင်မှုနဲ့ နိုင်ငံတည်ငြိမ်အေးချမ်းမှုဟာ အဓိကအခန်းကဏ္ဍမှ ပါဝင်လျက်ရှိတာကို တွေ့ရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဒေသခံပြည်သူတွေနဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေရဲ့ ပူးပေါင်းပါဝင်မှုကလည်း မရှိမဖြစ် လိုအပ်လှပါတယ်။
မူးယစ်ဆေးဝါး တိုက်ဖျက်ရေးလုပ်ငန်းဟာ ဘယ်ခေတ်ဘယ်အခါမဆို အခက်အခဲ၊ စိန်ခေါ်မှုများစွာရှိနေမှာဖြစ်ပေမယ့် အမျိုးသားရေးဘုံရန်သူအဖြစ်သဘောထားပြီး အစိုးရနဲ့ပြည်သူတွေက အားအင်အပြည့်နဲ့ပူးပေါင်းပြီး ထိထိရောက်ရောက် တိုက်ဖျက်မယ်ဆိုရင် မအောင်မြင်နိုင်စရာမရှိပါဘူး။ အဓိကက အနာဂတ်မျိုးဆက်သစ်တွေဖြစ်တဲ့ လူငယ်တွေရဲ့ အိပ်မက်တွေမပျက်စီးစေဖို့၊ မိသားစုတွေ မပြိုကွဲစေဖို့နဲ့ နိုင်ငံရဲ့အနာဂတ် တောက်ပလာစေဖို့ပါပဲ။ ဒါ့ကြောင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဟာ အင်ပြည့်အားပြည့်၊ ထိထိရောက်ရောက်နဲ့ သက်ရောက်မှုကောင်းအောင် ရေရှည်စဉ်ဆက်မပြတ် ဆောင်ရွက်ရမယ့် ကျွန်မတို့ရဲ့ အမျိုးသားရေး တာဝန်တစ်ရပ် ဖြစ်နေဆဲဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါတယ်။ ။
- Log in to post comments