နေပြည်တော် ဇွန် ၇
ကျေးလက်နေအမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးစီမံချက် ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီ ဇမ္ဗူသီရိခန်းမ၌ကျင်းပရာ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီဥက္ကဋ္ဌ အမျိုးသမီးရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ဇင် တက်ရောက်အမှာစကားပြောကြားသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက ကျေးလက်နေအမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးအတွက် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ကျန်းမာရေးနှင့် အာဟာရကဏ္ဍများတွင် ၎င်းတို့၏အမူအကျင့်များပြောင်းလဲလာပြီး လူနေမှုဘဝတစ်လျှောက်လုံး သက်ရှည်ကျန်းမာစွာနေထိုင်နိုင်မှုကို လက်ဆင့်ကမ်းအမွေများပေးစေလိုကြောင်း၊ နိုင်ငံလူဦးရေ၏ ထက်ဝက်ကျော်သည် ကျေးလက်နေအမျိုးသမီးများဖြစ်သဖြင့် ကျေးလက်နေအမျိုးသမီးများအနေဖြင့် အတန်းပညာ၊ ဗဟုသုတများပြည့်စုံပြီး စီးပွားရေးလုပ်ငန်းငယ်များကို တစ်ပိုင်တစ်နိုင်ဆောင်ရွက်ခြင်းဖြင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည်ဆောင်ရွက်စေလိုကြောင်း ပြောကြားသည်။
ထို့နောက် နေပြည်တော်အမျိုးသမီးရေးရာအဖွဲ့နာယကက ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး နေပြည်တော်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌက ကျေးလက်နေအမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက် နေမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့၊ အမျိုးသမီးများနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း၊ အမျိုးသမီးအားကစားဆပ်ကော်မတီ၊ ကြက်ခြေနီကော်မတီ၊ အမျိုးသမီးစီးပွား ရေးစွမ်းဆောင်ရှင်များအသင်းတို့မှ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများက ကျေးလက်နေအမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးစီမံချက်များနှင့်စပ်လျဉ်း၍ ပါဝင်ဆောင်ရွက်မှုအခြေအနေများကို ဆွေးနွေးတင်ပြကြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်