AYA Tri Nation Cup သုံးနိုင်ငံ အမျိုးသမီးဖိတ်ခေါ်ပြိုင်ပွဲတွင် မြန်မာအသင်း ဥဇဘက်ကစ္စတန်ကို အရေးနိမ့်

 

ရန်ကုန်      ဇွန်    ၃

AYA Tri Nation Cup သုံးနိုင်ငံ အမျိုးသမီးဖိတ်ခေါ်ပြိုင်ပွဲ ပထမနေ့ကို ဇွန် ၃ ရက်က ရန်ကုန်မြို့ရှိ သုဝဏ္ဏကွင်း၌ကျင်းပရာ ဥဇဘက်ကစ္စတန်အသင်းက မြန်မာအသင်းကို တစ်ဂိုး - ဂိုးမရှိဖြင့် အနိုင် ရခဲ့သည်။

အိမ်ရှင်မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် အဖွင့်ပွဲတွင် အရေးနိမ့်ခဲ့သဖြင့် ချန်ပီယံမျှော်လင့်ချက်နည်းပါးသွားပြီး   ဒုတိယပွဲတွင်   ဥဇဘက်ကစ္စတန်အသင်းသာ ထိုင်းအသင်းထံမှ အမှတ်ရယူနိုင်ပါက ချန်ပီယံမျှော်လင့်ချက် အဆုံးသတ်မည်ဖြစ်သည်။ နည်းပြသစ် မစ်ဆုအိုကာတို လက်ထက်   ပထမဆုံးပွဲတွင် မြန်မာအသင်း  အရှုံးနှင့်  ရင်ဆိုင်ခဲ့ရခြင်းဖြစ်ပြီး မြန်မာအသင်းသည် ယခုပွဲတွင် အသင်းလိုက်ကစားပုံ မကောင်းသည့်အပြင် တစ်ဦးချင်းစွမ်းဆောင်ရည်မှာလည်း အမှား များသဖြင့် ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။

မြန်မာအသင်းတိုက်စစ်တွင် ဝါရင့်တိုက်စစ်မှူး ဝင်းသိင်္ဂီထွန်းမပါနိုင်သဖြင့် မေထက်လူကို အထောင်တိုက်စစ်မှူးအဖြစ်ထားကာ မျိုးမြမြငြိမ်း(ဂိုး)၊ မေသက်မွန်မြင့်၊ ဖြူဖွေး၊ ဇွန်ယုယဦး၊ လင်းလဲ့ဦး၊ ဖြူဖြူဝင်း၊ နော်ထက်ထက်ဝေ၊ ခင်မာလာထွန်း၊ ရူပါခိုင်၊ စန်းသော်သော်တို့ဖြင့် ပွဲထွက်လာသည်။ ခြေစွမ်းပိုင်းအရ ကွာခြားမှုမရှိသော်လည်း ဥဇဘက်ကစ္စတန်အသင်းက ခန္ဓာကိုယ် ထွားကျိုင်းသည့်အပြင် လျင်မြန်မှုပိုသာသဖြင့် မြန်မာအသင်းအနေဖြင့် ရုန်းကန်ခဲ့ရသည်။ ထို့ပြင် ဝင်းသိင်္ဂီထွန်းမပါသည့်တိုက်စစ်မှာ မေထက်လူနှင့် အလုပ်မဖြစ်သလို အသင်းခေါင်းဆောင် ခင်မာလာထွန်းအပါအဝင် နော်ထက်ထက်ဝေ၊ ဖြူဖြူဝင်း၊ စန်းသော်သော်  စသည့် အမာခံကစားသမားများပါ အမှားများခဲ့သည်။ ၂၂ မိနစ်ကတည်းက ဥဇဘက်ကစ္စတန်အသင်း အနိုင်ဂိုးရခဲ့ပြီး ကူဒရာတိုဗာက သွင်းယူခဲ့ခြင်းဖြစ်သည်။ ဒုတိယပိုင်းအစတွင် စုစုကြည် အပိုင်အခွင့်အရေးရသော်လည်း အသုံးမချနိုင်သဖြင့် မြန်မာအသင်း ချေပဂိုးနှင့် ဝေးခဲ့ရသလို နောက်ပိုင်းတွင် ချေပဂိုးရနိုင်သည့် အခွင့်အရေးများ လွဲချော်ခဲ့သဖြင့် အရေးနိမ့်ခဲ့ခြင်းဖြစ်သည်။

ဒုတိယပွဲကို ဇွန် ၆ ရက် ညနေ ၅ နာရီတွင် ဆက်လက်ကျင်းပမည်ဖြစ်ပြီး ထိုင်းအသင်းနှင့် ဥဇဘက် ကစ္စတန်အသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

သတင်း-ကိုညီလေး

ဓာတ်ပုံ-စိုးညွန့်သော်