မွန်ပြည်နယ်ဝန်ကြီးချုပ် အဆင့်မြင့်ဆန်စက်နှင့် စပါးအခြောက်ခံစက်ရုံ၌ ဆန်စပါးကြိတ်ခွဲနေမှု ကြည့်ရှုစစ်ဆေး

 

မော်လမြိုင် ဇွန် ၃

 

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်းသည် ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့ ပြည်နယ်ခန်းမ၌ ကျင်းပသည့် မွန်ပြည်နယ် သူနာပြုနှင့် သားဖွားသင်တန်းကျောင်း (မော်လမြိုင်) သူနာပြုနှင့် သားဖွားဒီပလိုမာ အောင်လက်မှတ်အပ်နှင်းပွဲသို့ တက်ရောက်အမှာစကား ပြောကြားသည်။

 

ထို့နောက် အမှတ် (၈) အခြေခံပညာ အထက်တန်းကျောင်း ယင်းမာခန်းမ၌ ကျင်းပသည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ပန်းချီ၊ ကာတွန်း၊ ပိုစတာ၊ ကွန်ပျူတာ ပန်းချီပြိုင်ပွဲသို့ တက်ရောက်ကြည့်ရှုအားပေးသည်။

 

ယင်းနောက် မော်လမြိုင်မြို့ ရွှေမြိုင်သီရိရပ်ကွက် လမုတန်းလမ်းနှင့် ဆန်တန်းလမ်းရှိ ရွှေမြိုင်စိုက်ပျိုးရေးနှင့် အထွေထွေ စီးပွားရေးလုပ်ငန်း သမဝါယမအသင်းလီမိတက်၏ အဆင့်မြင့် ဆန်စက်နှင့် စပါးအခြောက်ခံစက်ရုံ၌ ဆန်စပါးကြိတ်ခွဲနေမှု၊ ဆန်အခြောက်ခံမှုနှင့် ဆန်ထုပ်ပိုးမှု အခြေအနေကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)