နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) အလယ်အလတ်အဆင့်အရာထမ်းသင်တန်း အမှတ်စဉ် (၁၅) သင်တန်းဖွင့်ပွဲ ကျင်းပ

 

နေပြည်တော် ဇွန် ၁

အလယ်အလတ်အဆင့် အရာထမ်းသင်တန်းအမှတ်စဉ် (၁၅) သင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) နီလာခန်းမ၌ ကျင်းပရာ ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင် ဦးထွန်းထွန်းဝင်း၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) ပါမောက္ခချုပ် ဦးကျော်စိုး၊ ဒုတိယပါမောက္ခချုပ်၊ တက္ကသိုလ်သင်ကြား၊ စီမံဌာနများမှ တာဝန်ရှိသူများနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ပြည်ထောင်စုရာထူးဝန်အဖွဲ့ဝင်က “ဝန်ထမ်းကောင်းမှ နိုင်ငံကောင်းမည်” ဟူသော ဆောင်ပုဒ်နှင့်အညီ နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများ၊ ကျင့်ဝတ်၊ စည်းမျဉ်း၊ စည်းကမ်းများကို တိကျစွာ လိုက်နာစောင့်ထိန်းကြရန်နှင့် စွမ်းဆောင်ရည်ပြည့်ဝပြီး ဂုဏ်သိက္ခာရှိသော ပြည်သူများက ယုံကြည်အားကိုးရသည့် ခေါင်းဆောင်မှုနှင့် စီမံခန့်ခွဲမှုအရည်အသွေးမြင့်မားသော နိုင်ငံ့ဝန်ထမ်းကောင်းများဖြစ်စေရေး ကြိုးပမ်းကြရန် တိုက်တွန်းပြောကြားသည်။

အဆိုပါသင်တန်းသို့ သင်တန်း သား ၇၂ ဦး၊ သင်တန်းသူ ၇၁ ဦး စုစုပေါင်း ၁၄၃ ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ ရက်သတ္တပတ် ၂၀ ကြာမြင့်မည် ဖြစ်သည်။

ဖွင့်ပွဲအပြီးတွင် ပြည်ထောင်စုရာထူးဝန်အဖွဲ့ဝင်သည် တက္ကသိုလ်ပျိုးခြံ၌ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် တက္ကသိုလ်စိမ်းလန်းစိုပြည်ရေးအတွက် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ ကျင်းပနိုင်ရေး မဲဇလီ၊ ရေသင်းဝင်နှင့် ပိတောက်စသည့် အပင်များ စုဆောင်းထားရှိမှုနှင့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ ကျင်းပရန် မြေနေရာရှင်းလင်းအကွက်ချထားရှိမှုကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်