ပဲခူးတိုင်းဒေသကြီးအတွင်း သံဃနာယကအဖွဲ့ဆရာတော်ကြီးများနှင့် ပရိယတ္တိစာသင်တိုက်ကြီးများသို့ ပိဋကသုံးပုံ အဋ္ဌကထာကွန်ပျူတာစာမူကျမ်းစာအုပ်များ လှူဒါန်း၊ ပဲခူးတိုင်းဒေသကြီး (အရှေ့) ရှိ ဘုရားစေတီဂေါပကအဖွဲ့များနှင့် တွေ့ဆုံ

 

ပဲခူး ဇွန် ၁

ပုံနှိပ်ပြီးစီးသော ပိဋကသုံးပုံ အဋ္ဌကထာကွန်ပျူတာ စာမူကျမ်းစာအုပ်များကို နိုင်ငံတော်ဩဝါဒါစရိယ ဆရာတော်ကြီးများ၊ နိုင်ငံတော်သံဃမဟာနာယက ဆရာတော်ကြီးများ၊ ပဲခူးတိုင်းဒေသကြီးရှိ သံဃာအပါး ၁၅၀ နှင့်အထက်ရှိ စာသင်တိုက်ကြီးများသို့ ဆက်ကပ်လှူဒါန်းပွဲကို ယနေ့နံနက်ပိုင်းတွင် ပဲခူးမြို့ ဗုဒ္ဓအသံဓမ္မဗိမာန်တော်ကြီး၌ ကျင်းပရာ ပဲခူးမြို့ ကြခတ်ဝိုင်းပရိယတ္တိစာသင်တိုက် ဦးစီးပဓာနနာယက အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ‌ဉေယျ ဓမ္မဘိဝံသ ဆရာတော်ကြီး အမှူးပြုသော သံဃာတော် ၁၅ ပါး ကြွရောက်တော်မူကြပြီး သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ ပဲခူးတိုင်းဒေသကြီးဝန်ကြီးများ၊ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက သာသနာရေးဆိုင်ရာများ ရှင်းလင်းလျှောက်ထားပြီး ပိဋကသုံးပုံအဋ္ဌကထာကွန်ပျူတာစာစီမူကျမ်း စာအုပ်များကို ဆရာတော် သံဃာတော်များထံ ဆက်ကပ်လှူဒါန်းသည်။

မွန်းလွဲပိုင်းတွင် ပဲခူးတိုင်းဒေသကြီး (အရှေ့) ရှိ ဘုရား၊ စေတီ၊ ပုထိုးများနှင့် သာသနိကအဆောက်အအုံများ သန့်ရှင်းသပ်ရပ် ကြည်ညိုဖွယ်ဖြစ်စေရေးအတွက် ဂေါပကအဖွဲ့ဝင်များနှင့် တွေ့ဆုံ၍ ပြည်ထောင်စုဝန်ကြီးက တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များ၊ ခရိုင်၊ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့များကလည်း မိမိတို့၏ တိုင်းဒေသကြီး၊ ပြည်နယ်၊ မြို့နယ်များအတွင်းရှိ အထင်ကရတန်ခိုးကြီးဘုရား၊ စေတီ၊ ပုထိုး၊ ဂေါပကအဖွဲ့များကို အဆင့်ဆင့်ကြပ်မတ်ကွပ်ကဲဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်း ပြောကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်