လာအိုနိုင်ငံ၌ လိုဏ်ဂူအတွင်း တစ်ပတ်ကျော် ပိတ်မိနေသူ ငါးဦးကို ကယ်တင်၊ နှစ်ဦးပျောက်ဆုံးနေ

 

 

ဗီယင်ကျန်း ဇွန် ၁

ကယ်ဆယ်ရေးသမားများသည် လာအိုနိုင်ငံအလယ်ပိုင်းတွင် ရေလွှမ်းမိုးမှုဖြစ်ပွားသော လိုဏ်ဂူတစ်ခုအတွင်း သီတင်းတစ်ပတ် ကျော်ကြာ ပိတ်မိနေသူ ငါးဦးကို ကယ်တင်နိုင်ခဲ့ပြီဖြစ်ကြောင်းနှင့် ပျောက်ဆုံးနေသူ နှစ်ဦးကို ဆက်လက်ရှာဖွေလျက်ရှိကြောင်း သိရသည်။

 

ကျေးရွာသား ခုနစ်ဦးသည် ရွှေရှာဖွေရန်အတွက် နိုင်ငံ၏မြို့တော် ဗီယင်ကျန်းမြို့၏ အရှေ့ မြောက်ဘက် ၁၂၅ ကီလိုမီတာခန့်အကွာ ဆိုင်စမ်ဘွန်းပြည်နယ်ရှိ လိုဏ်ဂူတစ်ခုအတွင်းသို့ မေ ၂၀ ရက်က ဝင်ရောက်သွားခဲ့ကြောင်း ဒေသတွင်းမီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။ ယင်းနောက် မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး ရေကြီးရေလျှံမှု များနှင့် မြေပြိုမှု များ ဖြစ်ပွားကာ လိုဏ်ဂူထွက်ပေါက် ပိတ်ဆို့သွားခဲ့ခြင်းဖြစ်သည်။

 

ကယ်ဆယ်ရေး သမားများ သည် လိုဏ်ဂူအတွင်းရှိ အခန်းငယ်တစ်ခု၌ ကျေးရွာသား ခုနစ်ဦး အနက် ငါးဦးကို မေ ၂၇ ရက်က အသက်ရှင်လျက်တွေ့ရှိခဲ့ကြောင်း၊ ထို့နောက် လိုဏ်ခေါင်းလမ်းကြောင်း များအတွင်း ပိတ်နေသော ရေများ ကို ဖယ်ရှားရန် ကြိုးပမ်းဆောင်ရွက်ခဲ့ကြပြီး မေ ၃၀ ရက်တွင် ၎င်းတို့ငါးဦးကို လိုဏ်ဂူပြင်ပသို့ ဘေးကင်းလုံခြုံစွာ ကယ်ထုတ်နိုင် ခဲ့ကြောင်း သိရသည်။

 

ပျောက်ဆုံးနေသူ နှစ်ဦးမှာ ငါးဦးကို တွေ့ရှိခဲ့သည့်နေရာထက် ပိုမိုအတွင်းကျသော နေရာများသို့ ရောက်ရှိနေနိုင် ကြောင်း ကယ်ဆယ်ရေးသမားများက ပြောကြားသည်။

 

ကယ်ဆယ်ရေးအဖွဲ့တွင် ဂျပန်နိုင်ငံနှင့် အခြားနိုင်ငံများမှ ရေငုပ်သမားများပါဝင်ကြောင်း သိရပြီး ယင်းရေငုပ်သမားများ အနက် အချို့မှာ ၂၀၁၈ ခုနှစ်က ထိုင်းနိုင်ငံမြောက်ပိုင်းရှိ ရေလွှမ်းမိုးမှုဖြစ်ပွားသော လိုဏ်ဂူတစ်ခုအတွင်း ပိတ်မိနေသည့် လူငယ် ဘောလုံးအသင်းဝင်များကို ကယ်ဆယ်သည့် လုပ်ငန်းစဉ်တွင် ပါဝင်ခဲ့သူများဖြစ်ကြောင်း သိရ သည်။

အင်န်အိတ်ချ်ကေ