နှစ်နိုင်ငံချစ်ကြည်ရေးမှသည် အနာဂတ်အကျိုးတူဖွံ့ဖြိုးရေးဆီသို့

Type
နှစ်နိုင်ငံ

 

သက်လွင်(PPIB)

(ယမန်နေ့မှအဆက်)

နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ပြည်တွင်းကုန်ထုတ်လုပ်ငန်းတွေဟာ အရေးကြီးတဲ့ အခန်းကဏ္ဍကနေပါဝင်ပါတယ်၊ ဒီလိုပြည်တွင်း ကုန်ထုတ်လုပ်ငန်း ဆောင်ရွက်ရာမှာ ပြည်တွင်းကနေထွက်ရှိတဲ့ ကုန်ကြမ်းပစ္စည်းတွေကနေ ကုန်ချောအဖြစ် အဆင့်မြှင့်တင်ထုတ်လုပ်ခြင်းနဲ့ ပြည်ပက ကုန်ကြမ်းတွေကို မှာယူတင်သွင်းပြီး ထုတ်ကုန် ထုတ်လုပ်ခြင်းဆိုပြီးနှစ်မျိုးရှိပါတယ်။ မိမိတို့နိုင်ငံ နယ်နိမိတ်အတွင်းကထွက်ရှိတဲ့ ကုန်ကြမ်းပစ္စည်းတွေကနေ ကုန်ချောထုတ်လုပ်နိုင်ခြင်းက အလုပ်အကိုင်အခွင့်အလမ်းနဲ့ နိုင်ငံအတွက် အကျိုးအမြတ် ပိုမိုဖြစ်ထွန်းစေမှာဖြစ်ပါတယ်။

ပြည်တွင်း ကုန်ထုတ်လုပ်မှုလုပ်ငန်းတွေ တိုးတက်စေဖို့အတွက် နိုင်ငံတော်အစိုးရအနေနဲ့ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး (MSME) ကုန်ထုတ်လုပ်မှုလုပ်ငန်းတွေ တိုးတက်လာအောင် စဉ်ဆက်မပြတ် အားပေးလျက်ရှိတာကို တွေ့ရှိရပါတယ်။ ဒီလိုအားပေးတဲ့အခါမှာလည်း မိမိတို့နိုင်ငံရဲ့ အဓိကစီးပွားရေးလုပ်ငန်းဖြစ်တဲ့ စိုက်ပျိုးရေးနဲ့မွေးမြူရေးကိုအခြေခံတဲ့ ကုန်ထုတ်လုပ်ငန်းဖြစ်စေဖို့ ပိုမိုအားပေးဆောင်ရွက်လျက်ရှိတာကို တွေ့ရပါတယ်။

နိုင်ငံအတွင်းကထွက်ရှိတဲ့ ကုန်ကြမ်းတွေကိုအခြေခံတဲ့ ထုတ်ကုန်ပစ္စည်းတွေ ပိုမိုတိုးတက်ထုတ်လုပ်ပြီး ပြည်ပနိုင်ငံတွေကို တင်ပို့နိုင်ဖို့အတွက် ကုန်ထုတ်လုပ်မှု နည်းပညာတွေနဲ့ ရင်းနှီးမြှုပ်နှံမှုများ လိုအပ်ပါတယ်။ ဒါကြောင့် မိမိတို့နိုင်ငံကဲ့သို့ ဖွံ့ဖြိုးဆဲနိုင်ငံတစ်ခုအနေဖြင့် ပြည်ပနိုင်ငံတွေက ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာဖို့ လိုအပ်ပါတယ်။ ဒီလိုဝင်ရောက်လာနိုင်ဖို့အတွက် အိန္ဒိယသမ္မတ နိုင်ငံဝန်ကြီးချုပ် ရှရီ နာရန်ဒရာ မိုဒီရဲ့ ဖိတ်ကြားချက်အရ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့မှာ ရောက်ရှိနေတဲ့ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ဟာ မေလ ၃၁ ရက်နေ့မှာ Taj Mahal ဟိုတယ်မှာ ကျင်းပပြုလုပ်ခဲ့တဲ့ မြန်မာ-အိန္ဒိယကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဆွေးနွေးပွဲအခမ်းအနားကို တက်ရောက် ပြီး မြန်မာနိုင်ငံရဲ့ ပြည်တွင်းကုန်ထုတ်လုပ်မှုလုပ်ငန်း တွေတိုးတက်စေဖို့ အိန္ဒိယနိုင်ငံက စီးပွားရေးလုပ်ငန်းရှင်တွေကို ဖိတ်ခေါ်ဆောင်ရွက်ခဲ့ပါတယ်။

မြန်မာ-အိန္ဒိယကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာဆွေးနွေးပွဲကို ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI)နာယကနဲ့ အဖွဲ့ဝင်များ၊ မြန်မာ-အိန္ဒိယ ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌနဲ့အဖွဲ့ဝင်များ၊ အိန္ဒိယနိုင်ငံကုန်သည်များနှင့် စက်မှုအသင်းချုပ်(FICCI) အတွင်းရေးမှူးချုပ်၊ အိန္ဒိယ စက်မှုလက်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ် (CII)မှ Senior Advisor တို့အပါအဝင် မြန်မာ-အိန္ဒိယနှစ်နိုင်ငံ စီးပွားရေးလုပ်ငန်းရှင်များနဲ့ ဖိတ်ကြားထားတဲ့ ဧည့်သည်တော်များ စုံလင်စွာ တက်ရောက်ခဲ့ပြီး နှစ်ဖက်အပြန်အလှန်ဆွေးနွေးမှုတွေကို လုပ်ဆောင်နိုင်ခဲ့ကြပါတယ်။

နှစ်နိုင်ငံဆွေးနွေးပွဲမှာ နိုင်ငံတော်သမ္မတကြီးအနေနဲ့ အဖွင့်အမှာစကားပြောကြားရာမှာ မြန်မာ-အိန္ဒိယနှစ်နိုင်ငံအနေနဲ့ ရှည်လျားသည့် နယ်နိမိတ်ချင်းထိစပ်လျက်ရှိပြီး ရိုးရာယဉ်ကျေးမှုချင်း ဆက်နွှယ်ကာခိုင်မာသည့် သမိုင်းဝင်ချစ်ကြည်မှု အခြေခံကောင်းများရှိကြသည့် “အိမ်နီးချင်းကောင်းနိုင်ငံ” များဖြစ်မှု၊ အိန္ဒိယနိုင်ငံသည် ဗုဒ္ဓမြတ်စွာ ပွင့်ထွန်းရာ မြေမြတ်မဟာဖြစ်သကဲ့သို့ မြန်မာနိုင်ငံသည်လည်း အဆိုပါ ဗုဒ္ဓတရားတော်များနှင့် ယဉ်ကျေးမှုတို့ကို ယနေ့တိုင် အလေးအနက် တန်ဖိုးထားလိုက်နာထိန်းသိမ်းထားသည့် နိုင်ငံ ဖြစ်မှု၊ ထိုသို့ ဓမ္မကြောင်းအရ၊ သမိုင်းကြောင်းအရ ဆက်နွှယ်မှု၊ အပြန်အလှန်လေးစားယုံကြည်မှုတို့သည် မိမိတို့နှစ်နိုင်ငံယဉ်ကျေးမှုနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုခရီးလမ်းအတွက် ခိုင်မာလှသည့် အခြေခံအုတ်မြစ်ကြီး တစ်ခုဖြစ်မှုနှင့် သံတမန်ဆက်ဆံရေးသည် စိန်ရတုမှတ်တိုင်ကို အတူဖြတ်ကျော်ခဲ့ပြီး ၇၈ နှစ်တာကာလသို့ရောက်ရှိလာမှု၊ နှစ်နိုင်ငံအနေဖြင့် ရှေးယခင်ကတည်းက ကူးလူးဆက်ဆံမှုများရှိသကဲ့သို့ မြန်မာနိုင်ငံတွင် အိန္ဒိယနွယ်ဖွားများစွာရှိပြီး ယနေ့ထက်တိုင် အေးအတူပူအမျှ အတူတကွနေထိုင်လုပ်ကိုင်လျက် ရှိမှု၊ ယခုခရီးစဉ်သည် အိန္ဒိယနိုင်ငံ၏အရှေ့နှင့် ထိတွေ့ဆက်ဆံသည့်မူဝါဒ (Act East Policy) နှင့် (Neighbourhood First Policy) တို့ကို ပိုမိုမြဲမြံ ခိုင်မာစေသကဲ့သို့ မြန်မာနိုင်ငံအနေဖြင့်လည်း ဒေသတွင်းစီးပွားရေးပူးပေါင်းဆောင်ရွက်မှုကို အရှိန်မြှင့်တင်ရန် လာရောက်ခဲ့မှုနှင့် မြန်မာနိုင်ငံတွင် ဒီမိုကရေစီနည်းလမ်းနှင့်အညီ ပြည်သူလူထုက ရွေးကောက်တင်မြှောက်သည့် အစိုးရသစ်ကို ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၀ ရက်တွင် ဖွဲ့စည်းခဲ့ပြီးဖြစ်မှု၊ ဒီမိုကရေစီနိုင်ငံအဖြစ် ခိုင်မာအားကောင်းစေရေး မိမိအနေဖြင့် ဆောင်ရွက်နေမှု၊ အစိုးရသစ်လက်ထက်တွင် ရေရှည်တည်တံ့ပြီး ဟန်ချက်ညီသည့် ဖွံ့ဖြိုး တိုးတက်မှုများကို ဖော်ဆောင်နိုင်ရန် မိတ်ဖက်နိုင်ငံများနှင့် မဟာဗျူဟာမြောက် စီးပွားရေးတိုးမြှင့်နိုင် ရေး ဦးစားပေးဆောင်ရွက်လျက်ရှိမှုတွေကို ဦးစွာ ပြောကြားခဲ့ပါတယ်။

အဲဒီနောက်မှာတော့ နှစ်နိုင်ငံကုန်သွယ်မှုနဲ့ ရင်းနှီးမြှုပ်နှံမှုများမြှင့်တင်ရေးအတွက် မြန်မာ နိုင်ငံတွင် အိန္ဒိယစီးပွားရေးလုပ်ငန်းရှင်များ လုပ်ငန်းလည်ပတ်မှု လွယ်ကူချောမွေ့စေရေး ဆောင်ရွက်ထားရှိမှုအခြေအနေတွေ၊ မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ ရင်းနှီးမြှုပ်နှံမှု ပိုမိုတိုးတက်အားကောင်းလာစေရန် အတွက် စိုက်ပျိုးရေး၊ မွေးမြူရေးအခြေခံကုန်ထုတ် လုပ်မှုလုပ်ငန်း၊ ဆေးဝါးထုတ်လုပ်မှု၊ ချည်မျှင်နှင့် အထည်အလိပ်လုပ်ငန်း၊ အထည်ချုပ်လုပ်ငန်း၊ နည်းပညာနဲ့ ဒီဂျစ်တယ်ဝန်ဆောင်မှုလုပ်ငန်း၊ ပညာရေးဝန်ဆောင်မှု၊ ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းတွေမှာ အိန္ဒိယလုပ်ငန်းရှင်များ မြန်မာနိုင်ငံ မှာ လာရောက်ရင်းနှီးမြှုပ်နှံဆောင်ရွက်ဖို့အထူး ဖိတ်ခေါ်တာတွေကို ရှင်းလင်းပြောကြားခဲ့ပါတယ်။

နိုင်ငံတော်သမ္မတကြီးက အဖွင့်အမှာစကား ပြောကြားပြီးတဲ့အချိန်မှာတော့ အိန္ဒိယနိုင်ငံ ကုန်သည်များနှင့် စက်မှုအသင်းချုပ်(FICCI) အတွင်းရေးမှူး ချုပ်နဲ့ အိန္ဒိယ စက်မှုလက်မှု လုပ်ငန်းရှင်များအဖွဲ့ချုပ် (CII)မှ Senior Advisor ဖြစ်သူတို့က ဆွေးနွေးပြောကြားရာမှာ ယခုကဲ့သို့ မြန်မာနိုင်ငံမှ အစိုးရအဖွဲ့အစည်းများ၊ ကုန်သည်ကြီးများအသင်းနှင့် စီးပွားရေး လုပ်ငန်းရှင်များနှင့် ပိုမိုနီးကပ်စွာ ပူးပေါင်းပါဝင်လာနိုင်ခြင်းသည် နှစ်နိုင်ငံအကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့် Business-to-Business Enga-gement များ တိုးတက်လာစေရန် အရေးပါသောအခန်းကဏ္ဍမှ ပါဝင်လျက်ရှိမှု၊ နှစ်နိုင်ငံသည် နယ်နိမိတ်ချင်းထိစပ်လျက်ရှိပြီး ကုန်သွယ်ရေး၊ ချိတ်ဆက်မှု၊ အခြေခံအဆောက်အအုံ၊ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ စွမ်းအင်၊ ဒီဂျစ်တယ်ပူးပေါင်းဆောင်ရွက်မှု၊ စွမ်းရည်မြှင့်တင်ရေးနှင့် နယ်စပ်ဒေသဖွံ့ဖြိုးရေး စသည့်ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးချဲ့လာနိုင်မှု၊ နှစ်နိုင်ငံသည် လွန်စွာအလားအလာကောင်းသော ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ခြင်းဖြင့် နှစ်နိုင်ငံအကျိုးကို တိုးမြှင့်စွမ်းဆောင်ရန် အကောင်းဆုံး အနေအထားတွင်ရှိမှုနဲ့ မြန်မာနိုင်ငံမှထွက်ရှိသည့် ပဲမျိုးစုံအား ယခုထက်ပိုမိုတိုးတက်ထုတ်လုပ်၍ အိန္ဒိယနိုင်ငံသို့ တင်ပို့နိုင်မှုအခြေအနေတွေကို စိတ်ပါဝင်စားစွာနဲ့ အချိန်ယူ ဆွေးနွေးပြောကြားခဲ့ကြပါတယ်။

ဆွေးနွေးပွဲမှာ အိန္ဒိယနိုင်ငံစီးပွားရေးလုပ်ငန်းရှင်များက မြန်မာနိုင်ငံမှာ လာရောက်ရင်းနှီးမြှုပ်နှံ မှုများဆောင်ရွက်နိုင်ဖို့အတွက် နှစ်ဖက်အစိုးရက အားပေးထောက်ပံ့ပေးစေလိုမှုတွေ၊ ကုန်သွယ်မှုများ ပိုမိုမြန်ဆန်စေရေးအတွက် ငွေကြေးလွှဲပြောင်းမှု ဆိုင်ရာလုပ်ငန်းတွေကို အဆင်ပြေချောမွေ့အောင် ဆောင်ရွက်ပေးစေလိုမှုတွေ၊ စိုက်ပျိုးရေးကဏ္ဍ၊ IT နည်းပညာကဏ္ဍနဲ့ အခြားကုန်သွယ်မှုနဲ့ ရင်းနှီးမြှုပ်နှံမှုကဏ္ဍတွေ တိုးတက်လာစေရေး ပူးပေါင်းဆောင်ရွက်နိုင်မှုအခြေအနေများနဲ့ ပတ်သက်ပြီး အသီးသီးမေးမြန်းဆွေးနွေးခဲ့ကြပါတယ်။

ဒီလိုဆွေးနွေးမှုတွေအပေါ်မှာလည်း နိုင်ငံတော်သမ္မတကြီးနှင့်အတူ ခရီးစဉ်မှာလိုက်ပါလာတဲ့ ပြည်ထောင်စုဝန်ကြီးများနှင့် ဒုတိယဝန်ကြီးများက ပြည့်ပြည့်စုံစုံနဲ့ ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြပါတယ်။

အိန္ဒိယနိုင်ငံစီးပွားရေးလုပ်ငန်းရှင်များ၏ မေးမြန်းမှုများအပေါ် နိုင်ငံတော်သမ္မတကြီးကလည်း ပြန်လည်ဆွေးနွေးပြောကြားရာမှာ ယခုကျင်းပပြုလုပ်သည့် ဆွေးနွေးပွဲမှတစ်ဆင့် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်ရေးအတွက် အိန္ဒိယနိုင်ငံမှ လာရောက်ရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်ကြောင်း၊ မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံသည့် လုပ်ငန်းများတွင် မိမိတို့အနေဖြင့် အာမခံနိုင်သည့် လုပ်ငန်းများကို ဖိတ်ခေါ်ခြင်းဖြစ်ကြောင်း၊ မိမိတို့ နိုင်ငံမှတစ်ဆင့် အခြားအိမ်နီးချင်းနိုင်ငံများသို့ ပြန်လည်ရောင်းချနိုင်သည့် ဈေးကွက်လည်း ရှိကြောင်း၊ ထားဝယ်ရေနက်စီမံကိန်းမှတစ်ဆင့် ကုန်သွယ်မှုလုပ်ငန်းများကို ပိုမိုမြှင့်တင်ဆောင်ရွက် နိုင်ကြောင်း၊ IT လုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရေးအတွက် မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့အနီးတွင် ဆောင်ရွက်လျက်ရှိသည့် ရတနာပုံဆိုက်ဘာစီးတီးစီမံကိန်းတွင် အိန္ဒိယနိုင်ငံအနေဖြင့် လာရောက်ရင်းနှီးမြှုပ်နှံလိုပါက ဖိတ်ခေါ်ပါကြောင်း ဆွေးနွေးပြောကြားခဲ့ပါတယ်။

ဒီလို မြန်မာ-အိန္ဒိယကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာဆွေးနွေးပွဲကိုဆောင်ရွက်ပြီး အိန္ဒိယနိုင်ငံကနေ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ဆောင်နိုင်ဖို့ နိုင်ငံတော်အကြီးအကဲကိုယ်တိုင် အလေးအနက်ထားဖိတ်ကြားခဲ့မှုတွေနဲ့ နှစ်နိုင်ငံအကြား ကုန်သွယ် မှုနဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို ဆောင်ရွက်ရာမှာ အဆင်ပြေဆုံးဖြစ်အောင် ဆောင်ရွက်ပေးမည်ဟု ပြောကြားခဲ့မှုတွေကြောင့် မကြာမီအနာဂတ်ကာလမှာ မိမိတို့နှစ်နိုင်ငံအကြား ကုန်သွယ်မှုနဲ့ ရင်းနှီးမြှုပ်နှံမှုတွေ တိုးတက်ကောင်းမွန်လာမယ်လို့ မိမိတို့အနေနဲ့ ယုံကြည်ပါတယ်။ ဒီလို ရင်းနှီးမြှုပ်နှံမှုတွေတိုးတက်လာမှုကတစ်ဆင့် မိမိတို့ နိုင်ငံအတွင်း ကုန်ထုတ်လုပ်ငန်းများကို ယခုထက် ပိုမိုတိုးတက်ကောင်းမွန်လာစေမှာဖြစ်ပြီး နိုင်ငံရဲ့ဖွံ့ဖြိုးတိုးတက်ရေးကို များစွာအထောက်အကူ ပြုစေနိုင်မှာဖြစ်ပါတယ်။

နိုင်ငံတော်သမ္မတကြီးဟာ တွေ့ဆုံဆွေးနွေးပွဲအပြီးမှာ Greater Noida မြို့မှာရှိတဲ့ NETRA (NTPC Energy Technology Research Alliance) သို့ သွားရောက်လေ့လာကြပါတယ်။ NTPC ကုမ္ပဏီ ရှိတဲ့ Greater Noida မြို့ကို ရောက်ရှိဖို့အတွက် နိုင်ငံတော်သမ္မတကြီး ဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ နယူးဒေလီမြို့ကနေ မော်တော်ယာဉ် များနဲ့ တစ်နာရီခန့် သွားရောက်ခဲ့ကြရပြီး ကုမ္ပဏီသို့ ရောက်ရှိချိန်မှာတော့ ကုမ္ပဏီအကြီးအကဲက လှိုက်လှဲနွေးထွေးစွာဖြင့် ခရီးဦးကြိုဆိုခဲ့ကြပါတယ်။

အဲဒီနောက်မှာတော့ နိုင်ငံတော်သမ္မတနှင့်အဖွဲ့ဝင်တွေကို ကုမ္ပဏီက တာဝန်ရှိသူတွေက ကုမ္ပဏီရဲ့လုပ်ငန်းဆောင်ရွက်နေမှုများနဲ့ အဆင့်မြင့်သိပ္ပံ နည်းကျစွမ်းအင်အမျိုးမျိုး ထုတ်လုပ်မှုလုပ်ငန်းစဉ် များနဲ့ပတ်သက်ပြီး စက်ရုံပုံစံငယ်များကို ကုမ္ပဏီမှ တာဝန်ရှိတွေက ရှင်းလင်းပြသခဲ့ရာ နိုင်ငံတော်သမ္မတက သိရှိလိုတာတွေကို ပြန်လည်မေးမြန်း ဆွေးနွေးခဲ့ပါတယ်။ နိုင်ငံတော်သမ္မတကြီးဟာ အဲဒီကုမ္ပဏီမှာ အထိမ်းအမှတ်သစ်ပင်ငယ်ကိုလည်း စိုက်ပျိုးပေးခဲ့ပါတယ်။ ဆက်လက်ပြီး နိုင်ငံတော်သမ္မတကြီးနဲ့ အဖွဲ့ဝင်များဟာ NTPC ရှိ NET zero စွမ်းအင်ထုတ်လုပ်မှုဆိုင်ရာ အဆင့်ဆင့်လုပ်ငန်း ဆောင်ရွက်မှုများကို လိုက်လံကြည့်ရှုလေ့လာကြပြီး တာဝန်ရှိသူများက နေရောင်ခြည်စွမ်းအင်၊ ဘက်ထရီသိုလှောင်မှုစနစ်၊ ဟိုက်ဒရိုဂျင် အခြေခံစွမ်းအင်ထုတ်လုပ်မှုစနစ်၊ မြူနီစီပယ်အမှိုက်စွန့် အမှိုက်များမှ ဓာတ်အားထုတ်ယူမှုများကို အဆင့်အလိုက် ရှင်းလင်းတင်ပြကြပါတယ်။

အဲဒီ NETRA (NTPC Energy Technology Research Alliance)ဟာ အိန္ဒိယနိုင်ငံမှာ အကြီးဆုံးစွမ်းအင်ကုမ္ပဏီလုပ်ငန်းစုကြီးဖြစ်တဲ့ NPC Limited ၏ လုပ်ငန်းခွဲတစ်ခုဖြစ်ပြီး သုတေသနနှင့် ဖွံ့ဖြိုး တိုးတက်ရေးအပိုင်းကို အဓိကလုပ်‌ဆောင်နေကြောင်း၊ NETRA ကုမ္ပဏီဟာ စွမ်းအင်ကဏ္ဍအတွက် နောက်ဆုံးပေါ်၊ ရေရှည်တည်တံ့ပြီး စီးပွားရေးအရ တွက်ခြေကိုက်သော နည်းပညာများတီထွင်ဖန်တီးရေးကို အလေးထားဆောင်ရွက်လျက်ရှိကြောင်း၊ ၎င်းတို့၏ အဓိကဦးစားပေးလုပ်ငန်းနယ်ပယ်များမှာ ထိရောက်မှုမြှင့်တင်ရေးနှင့် ကုန်ကျစရိတ်လျှော့ချ ရေး၊ စွမ်းအင်သစ်များနှင့် ပြန်လည်ပြည့်ဖြိုးမြဲဖြစ်သော စွမ်းအင်၊ ရာသီဥတုပြောင်းလဲမှုနှင့် ရေထိန်းသိမ်းရေး၊ ပြာအသုံးချမှု ကာဗွန်ဖမ်းယူမှုနှင့် အသုံးပြုမှုနှင့် စွန့်ပစ်ပစ္စည်းများစီမံခန့်ခွဲမှုတို့အပါ အဝင် ပတ်ဝန်းကျင်ကာကွယ်ရေးတို့ ပါဝင်ကြောင်း၊ NETRA သည် သုတေသနအပြင် ဓာတ်အားပေးစက်ရုံများနှင့် အခြားပြည်သူ့ ဝန်ဆောင်မှုများကိုလည်း ဆောင်ရွက်ပေးလျက်ရှိသည့် လုပ်ငန်းတစ်ခုဖြစ်ကြောင်း အချက်အလက်များအရ သိရှိရပါတယ်။

ဒီလိုစွမ်းအင်ထုတ်လုပ်မှုဆိုင်ရာများနှင့်ပတ်သက်၍ ဆောင်ရွက်လျက်ရှိသည့် ကုမ္ပဏီကြီးတစ်ခုအား နိုင်ငံတော်သမ္မတကြီးဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့မှ သွားရောက်ကြည့်ရှုလေ့လာခဲ့ခြင်းဖြင့် မိမိတို့နိုင်ငံတွင် လိုအပ်လျက်ရှိသည့် လျှပ်စစ် ဓာတ်အားထုတ်လုပ်ရေး လုပ်ငန်းများအတွက် နောင်အနာဂတ်တွင် အထောက်အကူများစွာပြုနိုင်မှာ ဖြစ်ပါတယ်။

(ဆက်လက်ဖော်ပြပါမည်)