နိုင်ငံရေး၊ လုံခြုံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲဆောင်ရွက်

km 29-5-2026

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးကို မေ ၂၆ ရက်က ကျင်းပပြုလုပ်ခဲ့ရာ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က “နိုင်ငံတော်တွင် ကြုံတွေ့ဖြတ်သန်းခဲ့ရသည့် သမိုင်းကြောင်းဆိုင်ရာများ၊ ခေတ်စနစ် အတွေ့အကြုံများပေါ်တွင် သင်ခန်းစာယူ၍ မိမိတို့အစိုးရအနေဖြင့် ကောင်းမွန်သည့်ဦးဆောင်မှုများဖြင့် နိုင်ငံရေးအား၊ စီးပွားရေးအား၊ ကာကွယ်ရေးအားများ တိုးတက်လာစေရန်၊ နိုင်ငံတကာမျက်နှာစာတွင် နိုင်ငံဂုဏ်သိက္ခာကိုမြှင့်တင်သွားနိုင်ရန် ကြိုးပမ်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း” ပြောကြားခဲ့သည်။

ကာကွယ်ရေး၊ လုံခြုံရေးပိုင်းဆိုင်ရာနှင့်ပတ်သက်၍ နိုင်ငံတော်အစိုးရသစ် စတင်တာဝန်ယူခဲ့သည့်အချိန်တွင် ရက်ပေါင်း ၁၀၀ အတွင်း ငြိမ်းချမ်းရေးဆွေးနွေးခြင်းများကို ဆောင်ရွက်သွားနိုင်ရေးအတွက်ဖိတ်ခေါ်ခဲ့ပြီး လက်ရှိအချိန်၌ EAO အဖွဲ့အချို့နှင့် အောက်ခြေအဆင့်တွင် ထိတွေ့မှုများ ဆောင်ရွက်နေပြီဖြစ်သည်။ နိုင်ငံတော်အစိုးရက ထာဝရငြိမ်းချမ်းရေးရရှိရန်အတွက် မည်သို့ပင်ဖိတ်ခေါ်ကမ်းလှမ်းနေသည်ဖြစ်စေ လက်နက်ကိုင်အဖွဲ့များက ယုံကြည်ချက်၊ ခံယူချက်ရှိစွာဖြင့် အမှန်တကယ် ငြိမ်းချမ်းရေးရယူလိုစိတ်၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အတူတကွ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်လိုစိတ်ရှိရန် လိုအပ်မည်ဖြစ်သည်။ အဆိုပါ စိတ်ထားများ မရှိသမျှကာလပတ်လုံး ငြိမ်းချမ်းရေးနှင့် အလှမ်းဝေးနေမည်ဖြစ်သည်။

PDF အမည်ခံ အကြမ်းဖက်အဖွဲ့များအနေဖြင့် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲ၌ မဲမသမာမှုများကြောင့်ဖြစ်ပေါ်လာသည့် နိုင်ငံရေးဖြစ်စဉ်များအပေါ် ကျေနပ်လက်ခံခြင်းမရှိသောကြောင့် လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ အခြေအနေသို့ရောက်ရှိလာခြင်းသည် တွေးခေါ်ဆင်ခြင်တုံတရားကို မြှင့်တင်ပေးသည့် မြန်မာနိုင်ငံ၏ ပညာရေးအားနည်းချက်ကိုအသုံးချ၍ ပြည်တွင်း၊ ပြည်ပမှ နိုင်ငံရေးသမားများက ၎င်းတို့၏အကျိုးအတွက် သွေးထိုးလှုံ့ဆော်၍ အသုံးချလုပ်ဆောင်ခဲ့ကြခြင်းဖြစ်သည်။ ထို့ကြောင့် နိုင်ငံတော်၏ပညာရေးကို ပြုပြင်ပြောင်းလဲမှုများ မဖြစ်မနေလုပ်ဆောင်ရမည်ဟု နိုင်ငံတော်အကြီးအကဲက အကြိမ်များစွာတိုက်တွန်းပြောဆိုလျက်ရှိသည်။

ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာရေးအတွက် တိုင်းပြည်တည်ငြိမ်အေးချမ်းမှုရှိရန် လိုမည်ဖြစ်သဖြင့် ယခုလာမည့် ငါးနှစ်တာကာလအတွင်း ထာဝရငြိမ်းချမ်းရေးရရှိရန်အတွက် မျှော်မှန်းချက်ထား၍ ဆောင်ရွက်လျက်ရှိသည်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များသည် ဒေသအကျိုး၊ ပြည်ထောင်စုအကျိုးကို အမှန်တကယ် လိုလားသည်ဆိုပါက ငြိမ်းချမ်းရေးလမ်းတွင် ပါဝင်လျှောက်လှမ်းကြရမည်ဖြစ်သည်။ နိုင်ငံတော်အနေဖြင့် နိုင်ငံရေးအရ ဒီမိုကရေစီစနစ်ကို ခိုင်ခိုင်မာမာဖြစ်စေရေး ဆောင်ရွက်သွားမည်ဖြစ်သည်။ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကို တည်ဆောက်နိုင်အောင် ဆောင်ရွက်သွားမည်ဖြစ်သည်။ ဖက်ဒရယ်ဟုဆိုရာတွင် နယ်မြေဒေသကိုပေးသည့် ဖက်ဒရယ်ဖြစ်ပြီး လူမျိုးကိုပေးသည့် ဖက်ဒရယ်မဟုတ်သည်ကို သဘောပေါက်နားလည်ထားရမည်ဖြစ်သည်။

အမျိုးသားရေးတွင် တိုင်းပြည်သာယာဝပြောရေးကို အလေးထားဆောင်ရွက်သွားမည်ဖြစ်ပြီး ထိုသို့ဆောင်ရွက်နိုင်ရေးအတွက် အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရေး၊ အမှန်တကယ် အလုပ်လုပ်ကိုင်နိုင်စေရေး၊ လုပ်တတ်ကိုင်တတ်ဖြစ်စေရေးတို့ကို ဖန်တီးပေးရမည်ဖြစ်သည်။ ဗဟိုအစိုးရက ဖန်တီးဖော်ဆောင်ပေးနေမှုများရှိသလို ပြည်နယ်နှင့် တိုင်းဒေသကြီးအဆင့်များအလိုက် ဖော်ဆောင်ပေးနေသည်များလည်းရှိသည်။ ထိုသို့ဆောင်ရွက်ပေးနိုင်မှသာလျှင် ဒေသအလိုက် ဝင်ငွေများကောင်းလာမည်ဖြစ်ပြီး လူမှုစီးပွားဘဝများ တိုးတက်မြင့်မားလာကာ နိုင်ငံတော်အပေါ်တွင် ယုံကြည်မှုရှိလာမည်ဖြစ်သည်။ ထိုသို့ အခြေအနေကောင်းများ ဖန်တီးပေးနိုင်ရန်အတွက် ဒေသတည်ငြိမ်အေးချမ်းမှုရှိရန်လိုသဖြင့် နိုင်ငံတော်အစိုးရနှင့် တပ်မတော်အနေဖြင့် လုံခြုံရေးပိုင်းဆိုင်ရာတို့ကို ထိရောက်အောင် ဆောင်ရွက်လျက်ရှိသည်။

နိုင်ငံတော်က ဖြတ်သန်းခဲ့ရသော သမိုင်းကြောင်းတစ်လျှောက်၌ ကြုံတွေ့ခဲ့ရသော နိုင်ငံရေး၊ စီးပွားရေး၊ လုံခြုံရေးအခြေအနေများအပေါ်သင်ခန်းစာယူ၍ ပိုမိုကောင်းမွန်သည့် နိုင်ငံရေး၊ စီးပွားရေး၊ လုံခြုံရေးအခြေအနေများ ဆောင်ရွက်နိုင်ရန်အတွက် အမြင်ကျယ်ကျယ်ဖြင့် ကျယ်ကျယ်ပြန့်ပြန့် တွေးခေါ်ဆောင်ရွက်လျက်ရှိသည်။ တိုင်းပြည်တည်ငြိမ်အေးချမ်းပြီး လူမှုစီးပွားဘဝများ မြင့်မားတိုးတက်လာပါမှ နိုင်ငံတကာမျက်နှာစာတွင် နိုင်ငံ့ဂုဏ်သိက္ခာ မြင့်မားတိုးတက်လာမည် ဖြစ်သည်။

သို့ဖြစ်ရာ နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတော်တည်ငြိမ်ရေး၊ အေးချမ်းသာယာဝပြောရေး၊ ထာဝရငြိမ်းချမ်းရေး၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးတို့ကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ကြုံတွေ့ခဲ့ရသည့်သမိုင်းကြောင်း၊ ခေတ်စနစ်များအပေါ် သင်ခန်းစာဖော်ထုတ်ပြီး အားနည်းချက်များကိုပြုပြင်၍ ပိုမိုတိုးတက်ကောင်းမွန်သည့် နိုင်ငံတော်ဖြစ်ပေါ်လာအောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ နိုင်ငံတော်အစိုးရ၊ တပ်မတော်နှင့်အတူ ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် တိုက်တွန်းအပ်ပါကြောင်း။ ။