လွိုင်ကော် မေ ၂၅
ကယားပြည်နယ်အတွင်း ၂၀၂၆-၂၀၂၇ ပညာသင်နှစ် အခြေခံပညာ ကျောင်းများတွင် မေ ၂၅ ရက်မှ ၃၁ ရက်အထိ ကျောင်းအပ်လက်ခံခြင်း သီတင်းပတ်အစီအစဉ်ကို ဆောင်ရွက်လျက်ရှိရာ ကယား ပြည်နယ်ဝန်ကြီးချုပ် ဦးအံ့မော်၊ ပြည်နယ်ဝန်ကြီးများသည် ယနေ့ နံနက်ပိုင်းတွင် လွိုင်ကော်မြို့ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၊ အမှတ်(၅)အခြေခံ ပညာအထက်တန်းကျောင်းများသို့ သွားရောက်၍ ကျောင်းသား ကျောင်းသူများ ကျောင်းအပ်နှံနေမှုကို ကြည့်ရှုအားပေးပြီး ကျောင်းသား ကျောင်းသူများအား ကျောင်းဝတ်စုံများနှင့် ကျောင်းသုံးပစ္စည်းများ ပေးအပ်သည်။
ထို့နောက် အမှတ်(၇)အခြေခံပညာ အထက်တန်းကျောင်းသို့ရောက်ရှိကာ ကျောင်းသား ကျောင်းသူများ အား ကျောင်းအပ်နှံနေမှုများကို ကြည့်ရှုအားပေးပြီး ကျောင်းသား ကျောင်းသူများအား ကျောင်းဝတ်စုံ များနှင့် ကျောင်းသုံးပစ္စည်းများပေးအပ်ကာ ကျောင်းစာကြည့်တိုက်အတွင်း စာအုပ်စာစောင်များနှင့် ပရိဘောဂများ ခင်းကျင်းထားရှိမှုကို ကြည့်ရှုသည်။
ကယားပြည်နယ် အတွင်းရှိ ဒီးမော့ဆိုမြို့နယ်၊ ဖရူဆိုမြို့နယ်နှင့် ဘော်လခဲမြို့နယ်များတွင်လည်း ကျောင်းအပ်နှံရေးသီတင်းပတ် အစီအစဉ်အဖြစ် ကျောင်းသား ကျောင်းသူများအား စနစ်တကျ ကျောင်းအပ်လက်ခံဆောင်ရွက် ပြီး ကျောင်းသုံးပြဋ္ဌာန်းစာအုပ်၊ ဗလာစာအုပ်နှင့် စာရေးကိရိယာများကို ပေးအပ်ခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)