သာယာဝတီ မေ ၂၄
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တိုင်းဒေသကြီး ဝန်ကြီးများသည် ယမန်နေ့နံနက်ပိုင်းက သာယာဝတီခရိုင်အတွင်း စိုက်ပျိုးမွေးမြူရေး ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းဆောင်ရွက်သည်။
ဦးစွာ သာယာဝတီမြို့နယ် ငဖြူကလေးကျေးရွာရှိ မွေးမြူရေး လုပ်ငန်းရှင် ဦးဇော်လင်း၏ ဥစားဘဲ ကောင်ရေ ၄၀၀၀ သဘာဝကွင်းစာဖြင့် အောင်မြင်စွာ မွေးမြူထားရှိမှု၊ တစ်ကွင်းတစ်ဆက်တည်း ရေဆင်း ပေါ်ဆန်း(၁) ၇၅ ဧက စိုက်ပျိုး အောင်မြင်ဖြစ်ထွန်းနေမှုနှင့် မျိုးသန့်စင်စက်ဖြင့် တန်ဖိုးမြင့် ရေဆင်းပေါ်ဆန်း စပါးမျိုးများ ပြန်လည်သန့်စင်နေမှုကို ကွင်းဆင်း ကြည့်ရှုသည်။
ထို့နောက် သာယာဝတီမြို့နယ် အင်းရွာ စိုက်ပျိုးရေးသင်တန်းကျောင်း၌ ရိုဘတ်စတာကော်ဖီ အပင်ရေ ၅၀၀၀၀ ပျိုးထောင်ထားရှိမှု၊ သာယာဝတီမြို့နယ် ကျွန်းကုန်းကျေးရွာအုပ်စု၌ ရေကြီး ရေနက်ကွင်း လယ်မြေဧက ၂၀၀ ကို ရာသီမရွေးစိုက်ပျိုးနိုင်သည့် ရေတော်မိုးတော် လယ်မြေအဖြစ် အဆင့်မြှင့်တင်ပေးနိုင်ရန် ဦးတိက္ခိ ရေတံခါးအထက်ပိုင်း အရှည်ပေ သုည ဒသမ ၈၃ မိုင် ရိုးချောင်း တူးဖော်နေမှုကို ကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် လက်ပံတန်းမြို့နယ် ချမ်းသာကုန်း ကျေးရွာအုပ်စု၌ ဒေသခံတောင်သူများနှင့် တွေ့ဆုံ၍ အိမ်တိုင်း စားဖိုဆောင်သီးနှံစိုက်ခင်း Home Garden များ ဆောင်ရွက်ကြရန် အသိပေးပြောကြားပြီး ကျေးရွာသူ ကျေးရွာသားများအတွက် ဟင်းသီးဟင်းရွက်သီးနှံ မျိုးစေ့များ ပေးအပ်ခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)