မန်ယူအသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ် ယခုဘောလုံးရာသီရဲ့ ပရီမီယာလိဂ်အကောင်းဆုံး ကစားသမားဆုဆွတ်ခူး

 

 

မန်ယူအသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်ဟာ ယခုဘောလုံးရာသီရဲ့ ပရီမီယာလိဂ်အကောင်းဆုံး ကစား သမားဆုကို ဆွတ်ခူးနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

 

ပေါ်တူဂီကွင်းလယ်ကစားသမား ဘရူနိုဖာနန်ဒက်စ်ဟာ ယခုလအတွင်းမှာ ဘောလုံးအားကစား ကလောင်ရှင်များအသင်းရဲ့ တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကိုလည်း ဆွတ်ခူးထားနိုင်ခဲ့သူဖြစ်ပါ တယ်။

 

ပရီမီယာလိဂ်တစ်ရာသီ အကောင်းဆုံးကစားသမားဆုရရှိဖို့ ထင်ကြေးပေးခံထားရတဲ့ ကစားသမား စာရင်းမှာတော့ အာဆင်နယ်အသင်းမှ ဒေးဗစ်ရာယာ၊ ဂါဘရီယ်လ်နဲ့ ဒီကလန်ရိုက်စ်၊ မန်စီးတီးအသင်းမှ ဟာလန်းနဲ့ ဆီမန်ညို၊ ဘရန်းဖို့ဒ်အသင်းမှ သီယာဂို၊ နော်တင်ဟမ် ဖောရက်စ်အသင်းမှ မော်ဂန်ဂစ်ဝှိုက်တို့ ပါဝင်လာခဲ့ပေမယ့် မန်ယူကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်ကသာ ပရီမီယာလိဂ်တစ်ရာသီ အကောင်းဆုံး ကစားသမားဆုကို ဆွတ်ခူးနိုင်ခဲ့တာ  ဖြစ်ပါတယ်။

 

ကွင်းလယ်ကစားသမားဘရူနိုဖာနန်ဒက်စ်ဟာ ပြီးခဲ့တဲ့သီတင်းပတ်က နော်တင်ဟမ်ဖောရက်စ်အသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီမီယာလိဂ်ပွဲစဉ်မှာ ဂိုးဖန်တီးမှုတစ်ကြိမ်ပြုလုပ်ပေးနိုင်ခဲ့တာကြောင့် တစ်ရာသီအတွင်း ဂိုးဖန်တီးမှု အကြိမ် ၂၀ အထိ ပြုလုပ်နိုင်ခဲ့ကာ ဂိုးဖန်တီးမှုအကြိမ်ရေ စံချိန်တင်ခဲ့တာဖြစ်ပါတယ်။

 

ဘရူနိုဖာနန်ဒက်စ်ဟာ ယခုဘောလုံးရာသီမှာ မန်ယူအသင်းနဲ့အတူ ပရီမီယာလိဂ် ၃၇ ပွဲယှဉ်ပြိုင်ကစားပြီး ချိန်မှာ သွင်းဂိုးရှစ်ဂိုးအထိ သွင်းယူနိုင်ခဲ့ကာ ပရီမီယာလိဂ်အမှတ်ပေးဇယား တတိယနေရာမှာ ရပ်တည် နိုင်အောင်စွမ်းဆောင်ပေးခဲ့ပြီး မန်ယူအသင်းဟာလည်း လာမယ့်ဘောလုံးရာသီချန်ပီယံလိဂ်ဝင်ခွင့်ရရှိဖို့ သေချာသွားခဲ့ပြီဖြစ်ပါတယ်။

 

၂၀၁၁ ခုနှစ်က နီမင်ဂျာဗီဒစ် ပရီမီယာလိဂ်အကောင်းဆုံး ကစားသမားဆုဆွတ်ခူးခဲ့ပြီးနောက် ဘရူနိုဖာနန် ဒက်စ်ဟာ မန်ယူကစားသမားတစ်ဦးအနေနဲ့ ပရီမီယာလိဂ်တစ်ရာသီအကောင်းဆုံးကစားသမားဆုကို ပထမဆုံးအကြိမ် ဆွတ်ခူးနိုင်ခဲ့တာဖြစ်ပါတယ်။

ငွေကြယ်