အီဘိုလာရောဂါကြောင့် ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံနှင့်ယူဂန်ဒါနိုင်ငံမှ ခရီးသွားများအား ဂျော်ဒန်နိုင်ငံသို့ ဝင်ရောက်ခွင့်ပိတ်

 

 

အမ္မန် မေ ၂၀

အီဘိုလာရောဂါ ကူးစက်ဖြစ်ပွားနေသည့် ကွန်ဂိုဒီမိုကရက်တစ်သမ္မတ နိုင်ငံနှင့် ယူဂန်ဒါနိုင်ငံတို့မှ ခရီးသွားများအား ဂျော်ဒန်နိုင်ငံသို့ ဝင်ရောက်ခွင့် ယာယီပိတ်ပင်ထားကြောင်း ဂျော်ဒန်အစိုးရက မေ ၁၉ ရက်တွင် ကြေညာခဲ့သည်။

 

သို့ရာတွင် အဆိုပါနိုင်ငံများမှ ပြန်လည်ဝင်ရောက်လာမည့် ဂျော်ဒန် နိုင်ငံသားများအတွက်မူ ခြွင်းချက်ထားရှိကြောင်း ဂျော်ဒန်ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။ အဆိုပါအမိန့်သည် မေ ၂၀ ရက်တွင် စတင်အသက် ဝင်မည်ဖြစ်ပြီး ရက်ပေါင်း ၃၀ ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် ကမ္ဘာ့ကျန်းမာရေးအခြေအနေများကို အနီးကပ် စောင့်ကြည့်သွားမည်ဖြစ်ကြောင်းလည်း ကြေညာချက်တွင် ဖော်ပြထားသည်။

 

ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံတွင် အီဘိုလာရောဂါကြောင့် သေဆုံးသူ ၁၃၆ ဦးအထိရှိလာပြီးနောက် ယင်းရောဂါ အခြေအနေမှာ စိုးရိမ်ဖွယ်ဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက မေ ၁၉ ရက်တွင် ထုတ်ပြန်ခဲ့သည်။ သို့သော် အီဘိုလာရောဂါသည် နိုင်ငံတွင်းနှင့် ဒေသ တွင်းတွင် ကူးစက်ပျံ့နှံ့နိုင်ခြေမြင့်မားနေသော်လည်း ကမ္ဘာလုံးဆိုင်ရာ အရေးပေါ်အခြေအနေအဖြစ် သတ်မှတ်ရန်မလိုအပ်သေးကြောင်း WHO က မေ ၂၀ ရက်တွင် ထပ်မံကြေညာခဲ့သည်။ ဆင်ဟွာ